Friday, April 25, 2008

ထောက်ခံမဲပေးရေးအတွက် ရဲတပ်ဖွဲ့က ရပ်ကွက်များအတွင်း စည်းရုံးရေးဆင်း

အောင်သက်ဝိုင်း/ရန်ကုန်| ဧပြီ ၂၅၊ ၂၀၀၈
ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိများက စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲပေးရန် ရပ်ကွက်နေပြည်သူများအား ပြောဆို စည်းရုံးမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်အတွင်းရှိ လူထူထပ်သော ရပ်ကွက်များတွင် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က မှုခင်းကျဆင်းရေးနှင့် ခုခံအားကျဆင်းမှုရောဂါ ကာကွယ်တားဆီးရေး ဟောပြောဆွေးနွေး မည်ဟုဆိုကာရပ်ကွက်နေပြည်သူများကို အစည်းအဝေး တက်ရောက် ခိုင်းပြီး အမှန်တကယ် အစည်းအဝေးတွင်မူ ဆန္ဒခံယူ ပွဲတွင် ထောက်ခံမဲပေးကြရန်ကိုသာ အဓိကထား မှာကြားမှုများ ပြုလုပ်ကြောင်း သိရသည်။

“ခရိုင်ရဲမှူးနဲ့မြို့နယ်ရဲတပ်ဖွဲ့ မှူးတွေကိုယ်တိုင် လာပြီး အများဆုံးပြောသွားတာက ဆန္ဒခံယူပွဲ မှာထောက်ခံမဲပေးဖို့ ချည်းပဲ။ ထောက်ခံမဲမပေးရင် တိုင်းပြည်ကြီး ပိုဆင်းရဲပြီးတော့ ပျက်စီးသွားမယ်လို့လည်း ပြောတယ်”ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းရှိ ရပ်ကွက်တခုတွင် နေထိုင်သူတဦးကပြောသည်။

ထို့ပြင် ဆန္ဒခံယူပွဲကို နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူ ခံရမည်ဟုလည်း ထည့်သွင်း ပြောဆိုသွားကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် ရပ်ကွက်တခုအတွင်း နေထိုင်သူ တဦးကပြောကြားသည်။

ရဲတပ်ဖွဲ့က ဦးဆောင်ပြုလုပ်သော အဆိုပါ ဆွေးနွေးပွဲများ၌ ရန်ကုန်တွင်ကျင်းပမည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် အရေးကြီးသောအချက်အလက်များကိုလည်း ထုတ်ဖော်ပြောကြားမှုများ ရှိကြောင်း ဆွေးနွေး ပွဲတက်ရောက်သည့် ရန်ကုန်ဒေသခံများက ဆိုသည်။

“ရန်ကုန်မှာ ရပ်ကွက်ပေါင်း ၁၂၇၃ ရပ်ကွက်ရှိတဲ့အတွက် မဲရုံ ၂၅၀၀ ကျော်ရှိမယ်။ ပြီးတော့ ရန်ကုန်မှာ မဲပေးနိုင်တဲ့ ၁၈ နှစ် ပြည့်ပြီးသူ ၄ သန်း ၆ သောင်း ၅ ထောင် တရားဝင်စာရင်းတွက်ချက်ထား တယ်လို့ ပြောတယ်။ မဲရုံတွေမှာ အေးအေး ချမ်းချမ်း မဲပေးကြဖို့လည်း ရဲအရာရှိတွေက မှာတယ်” ဟုစမ်းချောင်းမြို့နယ်အတွင်း နေထိုင်သည့် ရယက လူကြီးတဦးက ပြောသည်။

ထို့ပြင် ယင်းဆွေးနွေးပွဲအမည်ခံ ဆန္ဒခံယူပွဲ ထောက်ခံရေး စည်းရုံးပွဲများတွင် ရဲတပ်သားသစ်များ အမြန်ဆုံးအလိုရှိသည် ဆိုသောအချက်ကိုပြောကြားပြီး တပ်သားသစ် ၀င်ရောက်သူများကို ၎င်းတို့နေထိုင်ရာ ရပ်ကွက်များတွင်ပင် ပြန်လည်တာဝန် ချထားပေးမည်ဟု အာမခံ ပြောဆိုကြောင်းလည်း သိရသည်။

အကယ်၍ နယ်တွင်နေထိုင်သည့် ဆွေမျိုးများထဲမှ ရဲတပ်ဖွဲ့အတွင်း ၀င်ချင်သူရှိပါကလည်း နာမည်စာရင်းနှင့် လိပ်စာသာ ပေးရမည်ဖြစ်ကာ ရဲတပ်ဖွဲ့ကကိုယ်တိုင် နယ်ဆင်းခေါ်ပြီး သင်တန်းဆင်းပြီးသည်အထိ အစအဆုံးစရိတ်တာဝန်ယူမည် ဖြစ်ကြောင်း ရဲအရာရှိများက စည်းရုံးပြောဆိုသည်ဟု ရန်ကုန်ဒေသခံများက ပြောပြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းဇယားအရ ယခုလက်ရှိတွင် လူဦးရေ ၆ သန်းကျော်ရှိသော ရန်ကုန်တိုင်း၌ ရဲတပ်ဖွဲ့ဝင် ၅ ထောင်နီးပါးသာ ရှိသည့်အတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးဆောင်ရွက်ရန် ရဲတပ်သားသစ်များ အမြန်ဆုံး စုဆောင်းသွားမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ထောက်ခံရေး ဆွေးနွေးပွဲ များတွင် ရဲအရာရှိများက ပြောဆိုခဲ့ ကြောင်း ရန်ကုန်ဒေသခံများက ပြောပြသည်။

စစ်အစိုးရသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနီးကပ်လာသည်နှင့်အမျှ ၎င်းတို့ကျောထောက်ခံပေးနေသည့် အဖွဲ့အစည်းများနှင့် အစိုးရပိုင်မီဒီယာများက ပြည်သူများ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် စည်းရုံးလှုပ်ရှားမှုများ ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

Source

No comments:

Post a Comment