ခေတ်ပြိုင်
မြန်မာကလေးငယ်များနှင့် မြန်မာများအား ရဟန်းခံရှင်ပြုပေးသည့် အလှူတော်မင်္ဂလာတရပ်
ယနေ့ နံနက်မှ စတင်ကာ မဲဆောက်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းဖြစ်သော မယ်တော် ကျောင်းကြီးတွင် ဒေသတွင်းရောက်မြန်မာများနှင့် ဒေသခံလူမျိုးများ စုပေါင်းကျင်းပခဲ့ကြသည်။
အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာများနှင့် ဒေသခံအချို့အား မိမိတို့၏ ဓလေ့ထုံးတမ်းများနှင့် မြတ်ဗုဒ္ဓ၏သာသနာတော်ကို ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရန် ကျင်းပ ပေးခြင်းဖြစ်ကြောင်း မယ်တော်ကျောင်းဆရာတော် ဦးပဏ္ဍိစ္စက ပြောသည်။
ဆရာတော်က “ဒီမှာရောက်နေတဲ့ မြန်မာလူမျိုးတွေရော၊ ထိုင်းလူမျိုးတွေရော မရှိဆင်းရဲသား မိဘမဲ့ကလေးမကျန် အယုဂ်အလတ်မရွေး ရဟန်းနဲ့သာမဏေတွေကို သာသနာ့ဘောင်ထဲ သွတ်သွင်းပေးတာဖြစ်တယ်။ ဘုန်းကြီးတို့ သုံးနှစ်ကိုတကြိမ်လုပ်တယ်။ ဘယ်သူမဆို ပါဝင်
နိုင်ပါတယ်။ အဓိကကတော့ သာသနာတော်ကြီး တည်တံ့ခိုင်မြဲဖို့အတွက် ဖြစ်တယ်" ဟု
ပြောသည်။
ယခုနှစ်အတွက် ဆရာတော်ဦးပဏ္ဍိစ္စအား အမှူးပြု၍ ရဟန်းလောင်း (၄ဝ) နှင့် သာမဏေလောင်း (၆၂) ပါးတို့အား သာသနာ့ဘောင်အတွင်း သွတ်သွင်းပြီး လာမည့်စနေနေ့တွင် တရားနာရေစက်
ချ အလှူတော်ကျင်းပမည်ဖြစ်သည်။
မြန်မာတဦးဖြစ်သည့် ကိုငြိမ်းစိုးက "ထိုင်းမှာ အခြေအနေအရ ရောက်ရှိနေချိန်မှာ အရွယ်ရောက် လာတဲ့ သားငယ်ကို သာမဏေပြုပေးဖို့ကိစ္စအတွက် စိုးရိမ်မှုဖြစ်ရတယ်။ မြန်မာပြည်ပြန်ပြီး
ကလေး ရှင်ပြုရအောင်လည်း ကိုယ့်အခြေအနေက မရှိဘူး။ အခုတော့ ဆရာတော်ကျေးဇူး
ကြောင့် ကလေးကို ရှင်ပြုပေးနိုင်ပြီ" ဟု ပြောသည်။
အလှူတော်ဖြစ်မြောက်ရေးအတွက် မယ်တော်ကျောင်းဆရာတော်ကို အမှူးပြု၍ ထိုင်းနှင့်မြန်မာ ဒကာများ စုပေါင်းကျင်းပခြင်းဖြစ်ပြီး မဲဆောက်မြို့ မြူနီစပယ်အဖွဲ့ကလည်း ယခုအလှူအတွက် ဘတ်ငွေ (၁) သိန်း လှူဒါန်းခဲ့သည်။
သက်တော် (၈၈) နှစ်၊ ဝါတော် (၆၈) ဝါရှိ ဆရာတော်ဦးပဏ္ဍိစ္စသည် မယ်တော်ကျောင်းသို့ သက်တော် (၃၀) အရွယ်ခန့်တွင် ရောက်ရှိသီတင်းသုံးနေထိုင်ပြီး ဒေသတွင်းရှိ မြန်မာဘုန်း
တော်ကြီး (၅) ကျောင်းအနက် မယ်တော်ကျောင်းသည် အကြီးဆုံးကျောင်းဖြစ်သည်။
ယနေ့နှင့် မနက်ဖြန်တွင် ရှင်လောင်းလှည့်လည်ပြီး ပွဲတော် (၃) ရက်အတွင်း မြန်မာဇာတ်အပါ အဝင် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည်ဖြစ်သည်။
No comments:
Post a Comment