Monday, April 7, 2008

ရန်ကုန်သင်္ကြန် လုံခြုံရေးကင်မရာ တပ်ရမည်

ဖနိဒါ
ချင်းမိုင်။ ။ ရန်ကုန်မြို့ရှိ အတာသင်္ကြန် ရေကစားမဏ္ဍပ်များတွင် လုံခြုံရေး တီဗီကင်မရာများ တပ်ဆင်ရန် အာဏာပိုင်များက အမိန့်ထုတ်ထားကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ညွန်ကြားချက်အရ သင်္ကြန်မဏ္ဍပ်တိုင်းကို စောင့်ကြည့်ရန် Close circuit TV camera ကင်မရာများကို သက်ဆိုင်ရာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မည့် သူများအား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ညွန်ကြားထားခြင်း ဖြစ်သည်။

"မဏ္ဍပ်တိုင်းမှာ လုံခြုံရေးကြောင့် ကင်မရာတပ်ထားတယ်လို့ ပြောတယ်။ အကြမ်းဖက်မဲ့ လူတွေရှိရင် မှတ်တမ်းတင်ဖို့လို့ ပြောနေတယ်။ တီဗီကင်မရာ လုံခြုံရေးစနစ်အတွက်ကို တကယ်လို့ ဖြစ်ပေါ်လာတဲ့ ပြဿနာကို ကြည့်ဖို့ဆိုပြီး မတတ်မနေရ" ဟု အမည်မဖော်လိုသော မြို့ခံတဦးကပြောသည်။

အဆိုပါ လုံခြုံရေး တီဗွီကင်မရာများကို ဆက်သွယ်ရေးပစ္စည်း တင်သွင်းရောင်းချနေသည့် ရန်ကုန်မြို့ရှိ Fisca ကုမ္မဏီမှ တပ်ဆင်ပေးမည် ဖြစ်သည်။

ဝန်ဆောင်ခအဖြစ် တနေ့လျှင် FEC ၂ဝ-၃ဝ (ကျပ်ငွေ ၁၃ဝဝဝ-၁၄ဝဝ)၊ ကင်မရာအား စောင့်ကြည့်သူတဦးအား ကျပ်ငွေ (၈ဝဝဝ) ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း ၄င်းကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။

"ဟုတ်ကဲ့ပါ ဒီနေ့ကနေ စပြီး စတင် တပ်ဆင်နေပါပြီ။ ကျမတို့က ၁ဝ၊ ၁၁ ရက်နေ့အထိ အပြီးတပ်ဆင်ရမှာပါ။ မဏ္ဍပ်အခြေအနေကို ကြည့်ပြီး ဘယ်နှစ်လုံးတပ်မယ် ဆိုတာသိရမှာပါ" ဟု Fisca ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်အစိုးရပိုင် အဲယားပုဂံ လေကြောင်းလိုင်းမှ နှစ်စဉ် ဆောက်လုပ်လျက်ရှိသည့် ရန်ကုန်အဲယားပုဂံ သင်္ကြန်မဏ္ဍပ်သည် ယခုနှစ်တွင် လုံခြုံရေး အခြေအနေကြောင့် ဆောက်လုပ်မည် မဟုတ်ကြောင်း ယင်းကပြောသည်။

"ဒီနှစ်တော့ မဆောက်ဘူးလို့ ပြောနေကြတယ်လေ။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ဗုံးကွဲမယ်ဆိုတဲ့ သတင်းတွေကြားလို့ မဆောက်ဘူးလို့ ပြောနေကြတယ်လေ။ အရင်နှစ်ဆိုရင် သူတို့က အင်းလျားကန်ဘောင်မှာဆို သူတို့ မဏ္ဍပ်က အကြီးအကျယ်ဘဲလေ" ဟု ၄င်းက ဆက်ပြောသည်။

ရန်ကုန်မြို့တွင် မြို့နယ် အသီသီးတွင် မြို့တော်ဝန်မဏ္ဍပ်၊ ကန်တော်ကြီး၊ လသာ၊ လမ်းမတော်၊ မြို့တော်ခန်းမ စသည့် နေရာများတွင် သင်္ကြန်မဏ္ဍပ်များ စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

၎င်း တီဗီကင်မရာများကို ပေ (၂ဝ) ပတ်လည်ထက် ကျယ်သော သင်္ကြန်မဏ္ဍပ်တိုင်းတွင် တပ်ဆင်မည် ဖြစ်သည်။ ရန်ကုန်တွင် မဏ္ဍပ်တခု ဆောက်လုပ်လျှင် သိန်း (၃ဝ) မှ သိန်း (၁ဝဝ) အထိ ကုန်ကျနိုင်သည်ဟု သိရသည်။

ယခုနှစ် မြန်မာတို့၏ အတာသင်္ကြန်ရက်မှာ ဧပြီလ (၁၃) နေ့တွင် အကျနေ့ဖြစ်ပြီး (၁၆) ရက်နေ့တွင် အတက်နေ့ဖြစ်သည်။ အချို့ဒေသများတွင် သင်္ကြန်အကျနေ့မတိုင်ခင် တရက် (အကြိုနေ့) နှင့် အတက်နေ့အပြီး နောက်တရက် (မြန်မာ့နှစ်ဆန်းတရက်နေ့) အထိ သင်္ကြန်ပွဲ ဆင်နွှဲလေ့ရှိသည်။

No comments: