Thursday, April 3, 2008

ဆန္ဒခံယူပွဲတွင် အတိုက်အခံများပါဝင်ရေး လုံခြုံရေးကောင်စီ တောင်းဆိုမည်

ကိုစိုး
ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဖမ်းဆီးခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသော နိုင်ငံရေးလုပ်ဆောင်သူများအား မေလတွင်ကျင်းပမည့် အခြေခံဥပဒေ သစ် အတည်ပြု ဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီး လွတ်လပ်စွာပြောဆိုပါဝင်ခွင့် ပြုရေးအတွက် စစ်အစိုးရကို တောင်းဆို သည့် ကြေညာချက်မူကြမ်း တခုရေးဆွဲနေကြောင်း သိရသည်။

ယင်းလုံခြုံရေးကောင်စီ၏ ကြေညာချက် မူကြမ်းတွင် “ဒီ အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူအားလုံး အပြည့်အဝပါဝင်ခွင့် ပြုဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါ တယ်”ဟု ဖော်ပြထားခြင်းဖြစ်သည်။

စစ်အစိုးရက အတည်ပြု ဆန္ဒခံယူမည့် အခြေခံဥပဒေသည် ဒီမိုကရေစီနည်းကျရေးဆွဲထားခြင်းမဟုတ်ဘဲ ၎င်းတို့ တရားဝင်ဆက်လက်အုပ်ချုပ်ရန် ရေးဆွဲထားခြင်းဖြစ်၍ ကန့်ကွက်မဲပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြန်မာပြည်သူများသို့ ပန်ကြားချက်ထုတ်ပြန်သည့် ယမန်နေ့တွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က အဆိုပါ ကြေညာချက်မူကြမ်းကို ရေးဆွဲပြင်ဆင်နေကြောင်း သိရှိရသည်ဟု အေပီသတင်းက ရေးသည်။

ယခုကျင်းပမည့် စစ်အစိုးရ၏ အခြေခံဥပဒေ ဆန္ဒခံယူပွဲသည် အားလုံးပါဝင်ခွင့်ရရုံမက သေချာပေါက်ယုံကြည် စိတ်ချရသည့် လွတ်လပ်ပြီး တရားမျှတမှုရှိသော ဆန္ဒခံယူပွဲဖြစ်ရမည်ဟု ကြေညာချက်မူကြမ်းတွင် ပါဝင်ကြောင်း လည်း သိရသည်။

ယင်းဆန္ဒခံယူပွဲကို လွတ်လပ်စွာစောင့်ကြည့်လေ့လာခွင့်၊ ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်ကို နိုင်ငံရေး ဦးဆောင်မှုနှင့်အညီ စုစည်းဆောင်ရွက်ခွင့်များအပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အာမခံချက်များကို ယုံကြည်စိတ်ချရမှု၏ နောက်တွင် လိုက်ပါဆောင်ရွက်မှု ရှိရန် လုံခြုံရေးကောင်စီအနေနှင့် စိတ်ဖိစီးမှုရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းလုံခြုံရေးကောင်စီ၏ ကြေညာချက်မူကြမ်းသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏အတည်ပြုချက်လိုအပ်သောကြောင့် မကြာမီရက်များအတွင်း အဖွဲ့ဝင် ၁၅ နိုင်ငံက အတည်ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း သတင်းက ဆို သည်။

စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းအား မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ အတည်ပြု မည် ဖြစ်ကြောင်း ၁/၂၀၀၈ ကြေညာချက်နှင့် ပါတီစုံ ရွေးကောက်ပွဲအသစ် တခုကို ၂၀၁၀ ခုနှစ်တွင် ကျင်းပမည်ဖြစ် ကြောင်း ၂/၂၀၀၈ ကြေညာချက် ၂ ခု အား ဖေဖော်ဝါရီ ၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာထားသည်။

No comments:

Post a Comment