Thursday, April 3, 2008

မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ပွင့်လင်းမှုရှိရန် ကုလသမဂ္ဂတောင်းဆို

AP
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော
နိုင်ငံရေးအကျဉ်းသားများအား လွတ်လပ်စွာ ပြောဆိုခွင့်ပေးပြီး မေလဆန္ဒခံယူပွဲမတိုင်မီ
အစည်းဝေးပွဲများ ကျင်းပခွင့်ပေးရန် မြန်မာအစိုးရအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုထားကြောင်း ယမန်နေ့က ရရှိသော ထုတ်ပြန်ချက် အစီရင်ခံစာမူကြမ်းကို
ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့မှ ပြင်ဆင်ထားသည့် အဆိုပါအစီရင်
ခံစာကို ဒေါ်အောင်ဆန်းစုကြည်ပါတီမှ စစ်အစိုးရရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ကို ပစ်ပယ်ကြရန် ဆန္ဒမဲပေးသူများအား တိုက်တွန်းလိုက်သည့်နေ့တွင် အေပီသတင်းဌာနမှ ရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ပြင်ဆင် ရေးသားထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနည်းလမ်းမကျကြောင်း ပြော ကြားခဲ့သည်။

လာမည့်ရက်များအတွင်း အဆိုပါအစီရင်ခံစာကို လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံအား
ဖြန့်ဝေမည်ဟု မျှော်လင့်ရပြီး ထိုအစီရင်ခံစာကို အသုံးပြုရန်အတွက် အဖွဲ့ဝင်အားလုံး၏ အတည်ပြုချက်ရရှိရန် လိုအပ်သည်။

အစီရင်ခံစာမူကြမ်းက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားသောနိုင်ငံရေးသမားများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် အပြည့်အ၀ပါဝင်ခွင့်ပြုရန် မြန်မာစစ်အစိုးရကို တောင်းဆို ထားသည်။

ထို့အပြင် စစ်အစိုးရက ပြုလုပ်သော ဆန္ဒခံယူပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိကာ ယှဉ်ပြိုင် မည့်ပါတီများအားလုံးကို သာတူညီမျှ အခွင့်အရေးဖြင့် ပါဝင်ခွင့်ပြုရန်လည်း လုံခြုံရေးကောင်စီက တောင်းဆိုထားသည်။

ထိုအစီရင်ခံစာထဲတွင် လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်၊ ဆန္ဒခံယူပွဲသို့ ဦးတည်မည့် အဖွဲ့အစည်း အစည်းဝေးများကို နိုင်ငံရေးအရ လုပ်ဆောင်ရေး၊ ဆန္ဒခံယူပွဲကို လွတ်လပ်စွာ စောင့်ကြည့်ရေး စသည့် အချက်တို့ကို အာမခံချက်ပေးရန်နှင့် အမှန်တကယ်လုပ်ဆောင်လိုက်နာရန် စစ်အစိုးရကို ဖိအားပေးထားသည်။

လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များထဲတွင် စစ်အုပ်ချုပ်ရေး စောလျင်စွာ အပြီးသတ်ပြီး ဒီမိုကရေဒီစနစ် ကူးပြောင်းရေးအတွက် မြန်မာအစိုးရနှင့် ပြည်သူများ ကို ကူညီပေးနေခြင်းဖြစ်သည်ဟုလည်း အသေအချာ ဖော်ပြထားသည်။

No comments:

Post a Comment