Tuesday, April 22, 2008

မဲဆောက်ဒေသအတွင်း မြန်မာအလုပ်သမား (၂) ဦး ကားတိုက်သေဆုံး

NEJ/ ၂၂ ဧပြီ ၂၀၀၈
မဲဆောက်ဒေသအတွင်း အကြောင်းအမျိုး မျိုးကြောင့် မြန်မာအလုပ်သမားများ သေ ဆုံးမှုမှာ တနှစ်လျှင် ပျမ်းမျှ (၅၀) ဦးခန့် ရှိသည်ဟု မြန်မာအလုပ်သမားအရေး လိုက်လံကူညီ ဆောင်ရွက်ပေးနေသည့် မဲဆောက်အခြေစိုက် Labor Law Clinic (LLC) အဖွဲ့က ပြောသည်။


LLC အဖွဲ့မှ ရုံးဝန်ထမ်းတဦးဖြစ်သူ နိုင် ကျန်ပီက “မတော်တဆ ယာဉ်တိုက်ခံရမှု၊ အခြားရာဇ၀တ်မှုဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရခြင်းဖြစ်တယ်။ ဒါတွေဟာ ကျနော်တို့ဌာနနဲ့ ဆက်စပ်မိတဲ့ အရေအတွက်လောက်ပဲ ရှိတယ်။ အခြား ကျနော်တို့ဆီ မရောက်တဲ့ အမှုတွေလည်း အများကြီးရှိတယ်။ ကျနော်တို့ ဌာနကတော့ အလုပ်သမားတွေ တောင်းလာတဲ့ အကူအညီအတွေကို ဥပဒေကြောင်းအရ တရားမျှတမှုရှိအောင် လိုက်လံ ဆောင်ရွက်ပေးတာ ဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စနေနေ့၌လည်း မဲဆောက်ဒေသအတွင်း နေရာ (၂) ခုတွင် ကားတိုက်ခံရသဖြင့် ပဲခူးတိုင်း ကျောက်တံတားမြို့နယ်မှ ကိုခင်ဇော်ဝင်း အသက် (၃၀) နှင့် ရခိုင်ပြည်နယ် ရသေ့ တောင်မြို့မှ မညိုညို အသက် (၃၁) နှစ်တို့ သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ ဆွေမျိုးသားချင်းများ၏ အကူအညီတောင်းခံမှုကြောင့် LLC အဖွဲ့မှ ယင်းကိစ္စကို တရားမျှတမှု ရရှိရန် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူ မညိုညို၏ ခင်ပွန်း ကိုသန်းထွန်းက “ဒီအမှုကို မဲဆောက်ရဲစခန်းမှာ အမှုဖွင့်ဖို့နဲ့ နစ်နာ ကြေးရရှိဖို့ LLC အဖွဲ့နဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

မညိုညိုအား တိုက်ခဲ့သည့် ကားမှာ မောင်းပြေးသွားပြီး ယဉ်မောင်းသူအား ဖမ်းဆီးနိုင်ရေးအတွက် မဲဆောက်ရဲမှ လိုက်လံစုံစမ်း ရှာဖွေလျက်ရှိသည်။

ကိုခင်ဇော်ဝင်းအား တိုက်သွားသည့် ကားအား မဲဆောက်ရဲမှ ဖမ်းဆီးထားပြီး ၎င်း၏ နစ်နာကြေး ရရှိရန်အတွက် သေဆုံးသူ၏ ဆွေးမျိုးသားချင်းများနှင့် ယာဉ်ပိုင်ရှင်တို့ ညှိနှိုင်းရန် မဲဆောက် ရဲစခန်းမှ ကူညီဆောင်ရွက်ပေးနေကြောင်း တာဝန်ကျ အမှုကိုင် ရဲမှူးတဦးက ပြောသည်။

သေဆုံးသူ နှစ်ဦး၏ ဈာပနအား ယမန်နေ့နှင့် ယနေ့တွင် မဲဆောက်မြူနီစပယ် သုသာန်တွင် သင်္ဂြိုဟ်ခဲ့ရာ မြန်မာအလုပ်သမားများနှင့် ဆွေးမျိုးသားချင်းများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

မည်သူမည်ဝါ၏ လက်ချက်မှန်း မသိဘဲ စွန့်ပစ်ခံခဲ့ရသည့် မြန်မာအလောင်းများလည်း ဒေသ အတွင်း နေရာအတော်များများတွင် တွေ့ရလေ့ရှိပြီး ယခုလ သင်္ကြန်မတိုင်ခင်အတွင်း သတ်ဖြတ် ခံခဲ့ရသည့် မြန်မာအလောင်း (၃) လောင်းကို မဲဆောက် ချုံထောင်းရပ်ကွက်တွင် (၁) လောင်း၊ ဘန်းစောင်ခွဲအရပ်တွင် (၁) လောင်း၊ သောင်းရင်းမြစ်အနီးတွင် (၁) လောင်း ထိုင်းရဲက ရှာဖွေ တွေ့ရှိခဲ့သည်။

ယခင်လ (၂၇) ကလည်း ပဲခူးတိုင်းမှ မြန်မာအလုပ်သမား ဇနီးမောင်နှံဖြစ်သည့် ကိုနိုင်လင်းနှင့် မအေးသန္တာဝင်းတို့ ကားတိုက်ခံရ၍ သေဆုံးခဲ့သည်။

Source

No comments: