Saturday, April 26, 2008

တိုကျို မြန်မာသံရုံး၌ ဆန္ဒမဲ ပေးသူများနှင့် ဂျပန်ရဲတို့ ရုန်းရင်းဆန်ခတ်ဖြစ်


ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ ယနေ့ စတင် ကျင်းပရာ ဆန္ဒမဲလာပေးသည့် မြန်မာနိုင်ငံသား အများအပြားကို မြန်မာသံရုံးက မဲပေးခွင့်မပေးဘဲ ဂျပန်ရဲတပ်ဖွဲ့၏ အကူအညီဖြင့် လူစုခွဲခဲ့သည်ဟု ဆန္ဒမဲသွားပေးသူတို့က ပြောသည်။

ယနေ့နံနက် (၈) နာရီခန့်ကတည်းက ဆန္ဒမဲပေးမည့် မြန်မာနိုင်ငံသားများသည် သံရုံးရှေ့၌ ပတ်စ်ပို့များ ကိုင်ဆောင်၍ သံရုံးတွင်း ၀င်ရောက်မဲပေးခွင့်ရရန် တန်းစီစောင့်နေစဉ် လူစုခွဲ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု သံရုံးရှေ့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသားတဦးက ပြောသည်။

၎င်းက “ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်ကြောင်း ပတ်စ်ပို့တွေကိုင်ပြီး မဲပေးဖို့ သံရုံးထဲ ၀င်ဖို့
အတွက် ကြိုးစားနေကြပါတယ်။ အဲဒီအချိန်မှာ ဂျပန်အာဏာပိုင်တွေရဲ့ အမိန့်နဲ့ ဂျပန်ရဲတပ်ဖွဲ့
ဝင်တွေက တားဆီးထားပါတယ်ခင်ဗျ။ သံရုံးရှေ့မှာ တန်းစီပြီး စောင့်နေတဲ့အချိန်မှာ ဂျပန်ရဲ
တပ်ဖွဲ့ဝင် (၁၅၀) ခန့်ကနေပြီး အင်အားသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။ (၂ ) ယောက် ဆေးရုံတင်ရပြီး
(၂) ယောက် ခေတ္တ အဖမ်းခံရပါတယ်။ ကိုမြင့်သိန်းဆိုတဲ့ အစ်ကိုကြီးတယောက်ရယ်။ သူက နည်းနည်းရောဂါအခံ ရှိတယ်ခင်ဗျ။ နောက် အမျိုးသမီးတယောက်ကတော့ တံခါးနဲ့ ညှပ်မိတာ ခင်ဗျ” ဟု ပြောသည်။

အခွန်ဆောင်ထားသူများနှင့် ပညာတော်သင် လွှတ်ထားသူများကို နအဖသံရုံးက ဆန္ဒမဲလာပေးရန် အကြောင်းကြားစာများ ပေးပို့ထားကြောင်း၊ ထိုသူများကိုသာ ဂျပန်ရဲအစောင့်အရှောက်ဖြင့် သံရုံး အတွင်းဝင်ရောက်ခွင့်ပေးကာ ဆန္ဒမဲပေးခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆန္ဒမဲပေးသူ တဦးဖြစ်သည့် ကိုသန့်မျိုးထွေးက “နအဖစစ်အုပ်စုရဲ့အလိုကျ ဆွဲထားတဲ့ ဥပဒေ အပေါ်မှာ ဆန့်ကျင်ကန့်ကွက်မယ့်သူတွေကို သူတို့က ဘယ်လိုမှ မဲပေးခွင့်ပေးမှာ မဟုတ်ဘူး။ အဲဒီအတွက် ၀မ်းနည်းစရာတော့ မရှိပါဘူး။ မဲပေးတယ် မပေးတယ်ဆိုတာထက် ကိုယ်ကိုယ်
တိုင်က ဆန့်ကျင်တယ်ဆိုရင် မဲပေးမှ ဆန့်ကျင်တာမဟုတ်ပါဘူး။ ဒီမဲကိုပေးချင်တယ်ဆိုတာ ကျနော်တို့ရဲ့ ရပိုင်ခွင့်အနေနဲ့ တောင်းဆိုတာပဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ၊ မဲမပေးရဘူး ဆိုရင်တောင် ကျနော်တို့က အမြဲတမ်း ဆန့်ကျင်ကန့်ကွက်နေမှာပဲ” ဟု ပြောသည်။

ဆန္ဒမဲ လာပေးသူတို့ကို အင်အားသုံးလူစွဲခွဲခဲ့သဖြင့် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများက “နာဂအိကို သတ်တဲ့ ကိစ္စ မေ့သွားပြီလား” ၊ “ဂျပန်ရဲနဲ့ နအဖစစ်အစိုးရ အတူတူပဲ” စသည့် ကြွေးကြော်သံများအော်ဟစ်ကာ ဂျပန်ရဲများကို ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တိုကျိုမြို့ မြန်မာသံရုံး၌ ဆန္ဒမဲ ပေးပွဲကို ဧပြီ (၂၆) နှင့် (၂၇) ရက်တို့တွင် နံနက် (၈) နာရီခွဲမှ ညနေ (၆) နာရီခွဲထိ မဲပေးနိုင်ပြီး မဲပေးရာတွင် သံရုံးမှ ပေးပို့သော ဆန္ဒမဲပေးရန် အကြောင်းကြားစာမူရင်းနှင့် မှတ်ပုံတင်သို့မဟုတ် ပတ်စ်ပို့ ယူဆောင်လာရမည်ဟု သံရုံးက ကြေညာ ထားသည်။

Source

No comments: