Tuesday, April 22, 2008

စွမ်းအားမြှင့်အဖွဲ့ကို ဗုံးတရားခံအဖြစ် စွပ်စွဲ

ဖနိဒါ Tuesday, 22 April 2008
ချင်းမိုင်။ ။ ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲမှုကို စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) က ကျူးလွန်ခဲ့သည်ဟု နအဖက ယနေ့ စွပ်စွဲလိုက်သည်။

ယခုလ ၂ဝ ရက်နေ့က လူများ ထိခိုက်ဒဏ်ရာ မရှိသည့် ရန်ကုန်မြို့လယ် ဗုံးနှစ်လုံးဖောက်ခွဲမှုကို VBSW ၏ လက်ချက်ဖြစ်သည် ဟူ၍ ယနေ့ထုတ် နအဖ စစ်အစိုးရ၏ မြန်မာ့အလင်းစာတွင် ရေးသားစွပ်စွဲလိုက်ခြင်း ဖြစ်သည်။

ဖောက်ခွဲမှုကျူးလွန်သူသည် တဖက်နိုင်ငံနယ်စပ် စွမ်းအားမြှင့် မြန်မာကျောင်းသားများအဖွဲ့တွင် ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ပြီး ပြည်တွင်းသို့ 'မုန်တိုင်း' အမည်ဝှက်ဖြင့် အဖျက်လုပ်ငန်းများ လုပ်ဆောင်ရန် တာဝန်ပေးထားသူ ဖြစ်သည်ဟု မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

အရပ် ၅ ပေ ၆ လက်မခန့်၊ အသားလတ်၊ ဆံပင်ကုပ်ထောက်၊ မျက်နှာသွယ်၊ အသက် ၃ဝ ခန့် ရှိပြီး သူ၏ ပုံပန်းသဏ္ဍာန်ကို လုံခြုံရေး ကင်မရာများမှတဆင့် မှတ်တမ်းတင်ထားကာ ပြည်သူများ သိရှိစေရန်ဟု ဆိုကာ ဖော်ပြထားသေးသည်။

ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်၊ တင်္ဂနွေနေ့ည ၈ နာရီခန့်က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းထောင့်အနီးရှိ ABC စားသောက်ဆိုင်အနီး ၃၆ လမ်း ရေမြောင်းထဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ည ၉ နာရီခန့်က ကုန်သည်ကြီးများဟိုတယ် (ထရိတ်ဒါးဟိုတယ်) အနီး ၃၂ လမ်း မြောင်းထဲတွင် ထပ်မံ၍ ဗုံးတလုံး ပေါက်ကွဲခဲ့သော်လည်း လူများ ထိခိုက်မှု မရှိခဲ့ပါ။

ယခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တရက် ဧပြီလ ၂၁ ရက်နေ့တွင် VBSW အမည်ဖြင့် ကြေညာချက်တစောင်သည် ပြည်ပအခြေပြု ဘလောက်စာမျက်နှာများတွင် ထုတ်ပြန် ဖော်ပြလာသည်။

ကြေညာချက်တွင် ပြည်တွင်း၌ တိုက်ပွဲဝင်နေသည့် ယင်းတို့၏ စစ်သည်တော်များကို သံမဏိ စစ်ဆင်ရေးဟု အမည်ပြောင်းကာ စစ်အာဏာရှင်စနစ်ကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းနှင့် VBSW စစ်သည်တော်များအနေဖြင့် ၂ဝဝ၇ စက်တင်ဘာလတွင် ရဟန်းရှင်လူ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နှိမ်နင်းခဲ့သည့် စစ်အာဏာရှင်များအား ၂ဝဝ၈ ခုနှစ်အတွင်း ပြင်းထန်သည့် လက်တုံ့ပြန် မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သတိပေး ရေးသားထားသည်။

သံမဏိ စစ်ဆင်ရေးသည် စစ်အာဏာရှင်များ၏ မိသားစုဝင်များ၊ ဆက်နွယ်သည့် ပြည်တွင်း ပြည်ပမှ စီးပွားရေးသမားများ၊ စစ်အာဏာရှင်ကို သက်ဆိုးရှည်စေရန် လုပ်ဆောင်ပေးနေသည့် နိုင်ငံတကာ အစိုးရများ၊ အသင်းအဖွဲ့အားလုံးအား ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ဆိုထားသည်။

ထို့အပြင် VBSW ၏ တိုက်ခိုက်မှုတိုင်းသည် ပြည်သူကို ထိခိုက်စေရန် လုပ်ဆောင်ခဲ့ခြင်း မရှိသလို မြန်မာပြည်သူများဘဝ လွတ်မြောက်ရေးအတွက် နည်းလမ်းတခုအဖြစ် တိုက်ခိုက်နေခြင်းဖြစ်ရာ အသံထွက်ရင် ပြီးရော၊ လူထုကို ထိခိုက်လည်း ဂရုမစိုက်သည့် နိုင်ငံရေးအဖွဲ့အစည်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ လူထုအကြား ဗုံးခွဲတိုက်ခိုက်နေမှု မှန်သမျှကို ဆန့်ကျင်သည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

ယခု ကြေညာချက်နှင့် ပတ်သက်၍ VBSW မှ အမှန်တကယ် ထုတ်ပြန်ခြင်း ရှိ၊ မရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (NDD) မှ ဦးဌေးအောင်က "ပွင့်ပွင့်လင်းလင်း ပြောရင် (VBSW) မရှိတော့ဘူးလို့ ထင်တယ်။ အဲဒီအဖွဲ့က ဘန်ကောက်က (မြန်မာသံရုံး) ဝင်စီးတဲ့ အချိန်အထိတော့ ရှိတယ်။ နောက်ပိုင်းမှာ ကြေညာချက်တွေပဲ ထွက်နေပြီးတော့ တကယ်လက်တွေ့ လှုပ်ရှားမှုတွေ မတွေ့ရတော့ဘူး။ ကျနော့်အထင်တော့ ဒီအဖွဲ့အစည်း လုပ်တာ မဟုတ်ဘူးလို့ ကျနော်က ထင်တယ်။ အခု ရှိ၊ မရှိ ဆိုတာက အတိအကျ မသိဘူး။ နောက်ပြီး မနေ့က ထုတ်တဲ့ ကြေညာချက်မှာပါတဲ့ အချက်တွေကို ကြည့်ရတာ ကိုယ်၌က ကျနော့်စိတ်အထင်တော့ စွမ်းအားမြှင့်အဖွဲ့က ဒီလို ကြေညာချက်မျိုး ရေးတယ်လို့ ကျနော် ထင်တယ်" ဟု ပြောသည်။

သူက ဆက်ပြီး "သူတို့ကတော့ ဘယ်မှာ အခြေပြုတယ်ဆိုတာ မရှိဘူး။ ဘန်ကောက်မှာ မြန်မာသံရုံး ဝင်စီးတာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီလူတွေက သေကုန်တာတွေ ရှိတယ်။ အဲဒီအဖွဲ့က အင်တာနက်ထဲမှာ သူတို့လက်ချက် ဖြစ်တယ် ဆိုတာတွေတော့ ကြေညာချက်တွေ ထုတ်တယ်လေ။ အဲဒီတော့ ဒီစွမ်းအားမြှင့် အဖွဲ့က ရှိသေးလား၊ မရှိတော့ဘူးလား အတိအကျ မပြောနိုင်ဘူး။ ဒီအဖွဲ့ကို စစ်အစိုးရက အသုံးပြုပြီးတော့ ဒီလို အကြမ်းဖက် လုပ်နိုင်တာလည်း ရှိတယ်လေ။ ကျနော်တို့ အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီစွမ်းအားမြှင့်အဖွဲ့ ရှိ၊ မရှိ အတိအကျ မပြောနိုင်ဘူး။ အခုဖြစ်တဲ့ ကိစ္စကလည်း ဒီအဖွဲ့ လုပ်နိုင်လားဆိုတာလည်း အတည်ပြုလို့ မရသေးဘူးပေါ့နော်" ဟု ပြောသည်။

Source

No comments: