ကျော်ထင်/ ၂၂ ဧပြီ ၂၀၀၈
လူမှောင်ခိုကားအတွင်း လေမွန်းကျပ်မှုဘေးမှ လွတ်မြောက်လာကြသည့် မြန်မာလူမျိုးများအတွက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ထိုင်းအစိုးရထံ တောင်း ဆိုလွှာတစောင် ပေးပို့ခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အပါအ၀င် အစိုးရ၀န်ကြီးဌာနများ၊ ရှေ့နေချုပ်ရုံးနှင့် မြန်မာသံရုံးတို့ထံ လိပ်မူ ရေးသားထားသော တောင်းဆိုလွှာကို မတော်တဆ ထိခိုက်ခံရသူများ အခွင့်အရေးဆိုင်ရာ အာရှ ကွန်ရက် The Asian Network for the Rights of Accident Victims (ANROAV) အဖွဲ့က ယနေ့ နံနက်တွင် ထိုင်းအစိုးရအိမ်တော်သို့ သွားရောက်ပေးပို့ခြင်း ဖြစ်သည်။
အဆိုပါတောင်းဆိုလွှာတွင် အသက်ရှင် ကျန်ရစ်သူများအား နေရပ်ရင်းပြန်ပို့ရေးအစီစဉ်ကို ရပ်တန့် ရေး၊ လွတ်လပ်သောရှေ့နေများ ပါဝင်ဆောင်ရွက်ခွင့်ရရေးနှင့် သေဆုံး ဒဏ်ရာရသူများ နစ်နာ ကြေးရရှိရေး၊ ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်မှု စနစ်ပြောင်းလဲရေးနှင့် လူကုန်ကူးမှု တားဆီး ပပျောက်ရေးဆိုင်ရာ အကြံပြုချက်များကို တင်ပြထားသည်။
ANROAV ကွန်ရက်အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်သည့် ထိုင်းအခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူး Mr. Somchai Homlaor က “ကျနော်တို့ ထိုင်းနိုင်ငံက လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ မိသားစုရဲ့ စုစည်းညီညွတ်စွာ တောင်းဆိုမှုတွေကို ထိုင်းအစိုးရအနေနဲ့ အကောင်းဘက်က တုံ့ပြန်မှုရှိလိမ့်မယ်လို့ ယုံကြည် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ စောင့်ကြည့်မှုတွေနဲ့ ဖိအားပေးမှုတွေကို ဆက် လက်လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။
Mr. Somchai က မြန်မာနိုင်ငံသားများ လူကုန်ကူးမှု၏ သားကောင်ဖြစ်ရခြင်းသည် နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပြင် အထူးသဖြင့် စီးပွားရေး၊ နိုင်ငံရေးပြဿနာများကြောင့်
ဖြစ်သည်ဟု ဝေဖန်သည်။
၎င်းက “ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ တနိုင်ငံမဟုတ်ဘူး၊ စစ်အစိုးရအုပ်ချုပ်နေတာဖြစ်တယ်။ ကိုယ့်ပြည်သူလူထုကို ဖိနှိပ်နေတာရယ်၊ နောက်တခုက စီးပွားရေး ဖွံ့ဖြိုးမှုမရှိတာတွေကြောင့်ပဲ။ ဒါကြောင့် မြန်မာနိုင်ငံသားတွေဟာ နိုင်ငံရင်းကို စွန့်ခွာလာခဲ့ကြရတယ်၊ ပိုမိုလုံခြုံကောင်းမွန်တဲ့ အိမ်နီးချင်းနိုင်ငံကို ထွက်ခွာလာရတယ်” ဟု ဆက်လက်ပြောသည်။
ယနေ့တောင်းဆိုလွှာကို ANROAV ကွန်ရက်အဖွဲ့ အပါအ၀င် ဒေသတွင်းနှင့် နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့ (၇၉) ဖွဲ့နှင့် တသီးပုဂ္ဂလများက စုပေါင်း လက်မှတ်ရေးထိုးပေးပို့ခြင်းဖြစ်သည်။
လူပွဲစားများက ခေါ်ယူလာသည့် မြန်မာအလုပ်သမား (၁၂၁) ဦးတို့သည် ဧပြီ (၉) ရက် ည (၁၀) နာရီခွဲခန့်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ ဖူးကတ်မြို့သို့အသွား လမ်းတွင် အအေးခန်း ကားအတွင်း ပိတ်မိကာ လူ (၅၄) ဦး အသက်ရှူမွန်းကျပ်ပြီး သေဆုံးသွားခဲ့ပြီး ကျန်လူများမှာ အသက်မသေဘဲ လွတ်မြောက်ခဲ့ရာမှ ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။
Source
No comments:
Post a Comment