Saturday, April 26, 2008

သင်္ကန်းကျွန်း အန်အယ်လ်ဒီ ပါတီဝင်များ ဖောက်ခွဲရေးပစ္စည်းမှုဖြင့် တရားစွဲခံရ

ပီတာအောင်/ ၂၆ ဧပြီ ၂၀၀၈
တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ယခုလဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရသည့် သင်္ကန်း ကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မြ အပါအ၀င် ပါတီဝင် (၇) ဦးတို့ကို ဖောက်ခွဲရေးပစ္စည်းမှုဖြင့် ပြောင်းလဲ စွဲချက်တင်ကာ ရမန်ယူလိုက်သည်ဟု မိသားစုဝင်တို့က ပြောသည်။

ဦးတင်မြနှင့်အတူ သင်္ကန်းကျွန်း အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် ဦးအောင်သန်းထွန်း၊ ကိုအောင်ထွန်း၊ ကိုဇော်ဝင်း၊ ကိုအောင်ကျော်၊ ကိုရဲဇော်ထိုက်နှင့် ကိုခင်စိုးတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက အင်းစိန်ထောင်မှ အချုပ်ကားဖြင့် တင်ဆောင်လာပြီး သင်္ကန်းကျွန်းမြို့နယ်
တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ကြောင်း ဦးတင်မြ၏ သားဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

၎င်းက “ရုံးထုတ်တဲ့အခါမှာ မတရားသင်းအက်ဥပဒေ၊ သူပုန်နဲ့ ဆက်သွယ်တယ်ခေါ်တာပေါ့ဗျာ။ ပုဒ်မ ၁၇ (၁) နဲ့ ဆွဲထားတဲ့ အမှုတွဲမှာ သူတို့ (၇) ယောက်ကို အကုန်လုံး တရားသေ လွှတ်လိုက် တယ်။ လွှတ်လိုက်ပြီးတော့မှ ပေါက်ကွဲစေတတ်သော အရာဝတ္တုများအက်ဥပဒေ ပုဒ်မ (၅) အရ ပြောင်းပြီး ရမန်ယူတယ်” ဟု ပြောသည်။

ထိုဥပဒေအရ မည်သူမဆို ပေါက်ကွဲစေတတ်သော အရာဝတ္တုများကို ပြုလုပ်ခြင်း၊ သိလျက်နှင့် လက်ဝယ်ထားခြင်းတို့ ကျူးလွန်ပါက ထောင်ဒဏ် (၁၄) နှစ်အထိသော်လည်းကောင်း၊ ထောင်
ဒဏ် တသက်တကျွန်းနှင့် တွဲ၍ ငွေဒဏ်သော်လည်းကောင်း၊ ထောင်ဒဏ်(၅) နှစ်နှင့် ငွေဒဏ်
တွဲ၍သော်လည်းကောင်း ချမှတ်နိုင်သည်ဟု ထိုအမှုအတွက် ရှေ့နေလိုက်ပေးနေသည့် အန်အယ်လ်ဒီ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

၎င်းက “သက်သေခံ အထောက်အထားမရှိဘဲနဲ့ ဒီလိုပုဒ်မ သူတို့ ပြောင်းလို့တော့ မရနိုင်ပါဘူး။ အများ သတင်းကြားရတာတော့ ရဲဇော်ထိုက်ဆီမှာ ပစ္စည်းတွေ့တယ်ဆိုပြီး တော်တော်များများ ပြောနေတယ်။ ကျန်တဲ့ လူတွေဆီမှာ ဘာပစ္စည်းမှလည်း မတွေ့၊ ဘာမှလည်း မတွေ့ဘဲနဲ့ အန်အယ်လ်ဒီနဲ့ ပတ်သက်တယ်ဆိုတဲ့ လူတွေ အကုန်လုံး ပတ်ဆွဲတာ” ဟု ပြောသည်။

ရဲဇော်ထိုက်သည် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်သည့် လူငယ်အချို့နှင့် ဆက်စပ်မှု ရှိသည့် အတွက် မတ်လ (၂၈) ရက်နေ့က ဖမ်းဆီးခံရကာ ဧပြီ (၁) ရက်၌ ဦးတင်မြနှင့် ကိုအောင်ထွန်းတို့ ဖမ်းဆီးခံရခြင်းဖြစ်ပြီး မတရား ဖမ်းဆီးမှုဖြစ်ကြောင်း ဦးသန်းထွန်းက ပြောသည်။

၎င်းက “ဖေဖေက အသက် (၇၃) နှစ်ရှိပြီ၊ အသက်လည်း သိပ်ကြီးနေပြီဗျ။ အန်အယ်လ်ဒီထဲမှာ လုပ်တာ ဒီဟာမျိုးမရှိခဲ့ဘူးဗျ။ ဖောက်ခွဲရေး ပစ္စည်းနဲ့လည်း ကျနော် လုံးဝအာမခံတယ်၊ လုံးဝ
မဖြစ်နိုင်ဘူးဗျ။ ဒါ မတရား အဖေ့ကို ဖမ်းတာပဲ။ တကယ်လုပ်လို့ တကယ် ဒီဟာမျိုးဖြစ်တယ်
ဆိုရင် လက်ခံလို့ကောင်းတယ်ဗျ။ ဥပဒေက ဒီလိုမျိုးမဟုတ်တာကို လုပ်တဲ့ဥစ္စာကြီးက ကျနော် တို့လည်း တော်တော်ခံပြင်းတယ်ဗျ။ ရင်ထဲမှာ မကောင်းဘူးဗျာ။ အမှုဆင် ဖမ်းဖို့က ဒိပြင် နည်း တွေနဲ့ တော်သေးတယ်ဗျ။ ဒီလိုမျိုး တသက်တကျွန်းတို့ ထောင်ဒဏ်တို့ဆိုတာကြီးက မဟုတ် သေးဘူး” ဟု ပြောသည်။

၎င်းတို့အမှုကို လာမည့် မေလ (၉) ရက်တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ပြီး အမှု အနေအထားအရ အင်းစိန်ထောင် သီးသန့် တရားရုံး သို့မဟုတ် ခရိုင်တရားရုံး၌ တရားစီရင်သွားဖွယ်ရှိသည်ဟု ဦးအောင်သိန်းက ပြောသည်။

Source

No comments:

Post a Comment