အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးအား အိန္ဒိယအစိုးရက လက်ခံပြီး စီးပွားရေးစာချုပ်များ လက်မှတ်ရေးထိုးမှုအပေါ် အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အား စုများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ဆန္ဒပြသူပေါင်း (၇၀) ကျော်က ဗိုလ်ချုပ်မှူုးကြီး မောင်အေး၏အိန္ဒိယခရီးစဉ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဂျန်တာမန်တာပန်းခြံအနီး၌ ယမန်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
Burma campaign India မှ ထုတ်ပြန်သောကြေညာစာတန်းတွင် အိန္ဒိယအစိုးရသည် မြန်မာပြည်၌ စစ်မှန်သော ဒီမိုကရေစီ မပေါ်ထွန်းသေးသမျှ မြန်မာစစ်အစိုးရနှင့် စီးပွားရေး ဆက်ဆံမှုများ မလုပ်သင့်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများလည်း မလုပ်သင့်ကြောင်း အိန္ဒိယအစိုးရထံ တောင်းဆိုလိုက်သည်။
ဆန္ဒပြပွဲတွင် ဆရာတော် ဦးပညာဝရက အမှာစကားပြောကြားရာတွင် မြန်မာပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ခြင်းမရှိသော မြန်မာစစ်အာဏာရှင်အား အိန္ဒိယပြည်သူလူထုက ရွေးကောက်ထားသည့် အိန္ဒိယအစိုးက လက်ခံဆက်ဆံနေခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောကြားသည်။
WRWAB မှ ဒေါ်မော်လီက ဗိုလ်ချုပ်မောင်အေးသည် အိန္ဒိယအစိုးရကို လိမ်လှည်လှည့်စား၍ စီးပွားရေးအကျိုးအမြတ်ထုတ်ရန် ကြံစီနေခြင်းဖြစ်သည်ဟု ပြောသည်။
အိန္ဒိနိုင်ငံရောက် တီဘက်လူမျိုး (၁၅၀) ကျော်ခန့်ကလည်း မြန်မာဒီမိုကရေစီအင်အားစုများ နှင့်အတူ စစ်အစိုးရအား ဆန့်ကျင်သည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။
ထို့နောက် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ရုပ်ပြောင်ပန်းချီကားတချပ်ကို ဖိနပ်များဖြင့် ရိုက်နှက်ကာ နောက်ဆုံးမီးရှို့ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဧပြီ (၂) ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိခဲ့ပြီး ဒေါ်လာ သန်း (၁၂၀) ကျော် ကုန်ကျမည့် Kaladan Multi-Project နှင့် စပြစ်ရင်း (ကလက်ဝ) မှ အိန္ဒိယမြန်မာနယ်စပ်အထိ ကားလမ်းဖောက်လုပ်ရန် နယူးဒေလီမြို့ရှိ ဟိုင်သရာဘတ် ဟောက်(စ်) တွင် ယမန်နေ့က အိန္ဒိယနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။
ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ့်ရှိ ဗုဒ္ဓဂါယာသို့ ဆက်လက် ဘုရားဖူးသွားရောက်မည်ဟု သိရသည်။
No comments:
Post a Comment