Thursday, April 3, 2008

စစ်အစိုးရကို အရေးယူရန် ကုလသို့ ၈၈ တောင်းဆို

နေသွင်
ချင်းမိုင်။ ။ မြန်မာ့နိုင်ငံရေး ပြဿနာ ပြေလည်စေရေးအတွက် ကုလ လုံခြုံရေးကောင်စီအနေနှင့် ကြေညာချက်များ၊ ဆုံးဖြတ်ချက်များ ထုတ်ပြန်နေခြင်း သာမကဘဲ လက်တွေ့ကျပြီး အားပါသည့် အရေးယူမှုမျိုး စတင်သင့်ပြီဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မကြာမီ ထုတ်ပြန်မည့် မြန်မာ့အရေးဆိုင်ရာ ကြေညာချက်မူကြမ်းတွင် လူထုဆန္ဒခံယူပွဲ ရှေ့ပြေးအဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး ခေါင်းဆောင်များကို လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းဝေး ခွင့်ပြုရန် ဟူသည့် အချက်များ ပါဝင်နေသည်ကို ကြားသိရပြီးနောက် ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားများက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"စကားလုံးသက်သက်နဲ့တော့ မြန်မာ့နိုင်ငံရေး ပြဿနာကို ပြေလည်စေမှာ မဟုတ်ဘူး။ စိတ်မကောင်း ဖြစ်မိပါသည်တို့၊ ပြင်းထန်စွာ ရှူတ်ချလိုက်သည်တို့၊ စိတ်ပျက်မိပါသည်တို့၊ စကားလုံးအခွံတွေ သက်သက်နဲ့တော့ ဘာမှ မဖြစ်လာနိုင်ဘူး။ မြန်မာပြည် ပြဿနာကို တကယ်ပြုပြင် ပြောင်းလဲစေချင်ရင် အားပါတဲ့ အရေးယူ ဆောင်ရွက်ချက်တွေ မဖြစ်မနေရှိဖို့ လိုတယ်" ဟု ပြောသည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က အဆိုပြုထားသော ကြေညာချက်ကို လုံခြုံရေးကောင်စီအဖွဲ့ ၁၅ နိုင်ငံက မကြာမီ ရက်ပိုင်းအတွင်း ဆွေးနွေးကြမည် ဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ ကြေညာချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၉ နိုင်ငံ၏ ထောက်ခံမဲ ရမှသာ အတည်ဖြစ်လာမည် ဖြစ်သည်။

မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းက "စတိတ်မန့်က Non-binding (အတည်ဖြစ်သွားရင်) တရုတ်လို နိုင်ငံမျိုးကပါ တောင်းဆိုတဲ့ အဓိပ္ပာယ်ထွက်တာပေါ့။ မလိုက်နာလို့တော့ ရတယ်။ အဲဒါအစား တခုခုပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးခွင့် မပေးရင်တောင် တချို့ကို ပြန်လွှတ်ပေးတာ ဖြစ်လာနိုင်တယ်" ဟု ပြောသည်။

သို့သော် နအဖ နှင့် ဆက်ဆံရေး အဆင်ပြေနေသည့် လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာဖြင့် ယခုအဆိုပြုချက်ကို ပယ်ချနိုင်သေးသည်။

ကြေညာချက် မူကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးတွင် အရေးပါသူများ အားလုံးကို လာမည့် ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွင် အပြည့်အဝ ပါဝင်ခွင့် ပေးခြင်းဖြင့် စစ်အစိုးရ၏ လုပ်ငန်းစဉ်ကို အားလုံးပါဝင်ပြီး ယုံကြည်လောက်သော လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ရန် တောင်းဆိုထားသည်။

ထို့အပြင် လုံခြုံရေးကောင်စီ၏ စက်တင်ဘာလက တောင်းဆိုချက်များ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ရန်၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရေး စသည့် တောင်းဆိုချက်များကို နအဖစစ်အစိုးရက လိုက်နာရန် နှောင့်နှေးနေသည့်အပေါ် စိတ်မသက်မသာ ဖြစ်ရသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

"တောင်းရမယ့်အချက်က အရှေ့မှာ တွေ့ဆုံဆွေးနွေးပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အားလုံးပါဝင်တဲ့ ဖွဲ့စည်းပုံ ဖြစ်ရမယ်။ မလုပ်ခဲ့ဘူး။ အဲဒီဥစ္စာ လုပ်ပါ။ မလုပ်ရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကုလသမဂ္ဂအနေနဲ့ လက်ခံဖို့ ခဲယဉ်းပါတယ်။ လက်ခံနိုင်မှာ မဟုတ်ဘူး။ ပြည်သူကို ကိုယ်စားမပြုဘူး။ ပြည်သူကို မထင်ဟပ်ဘူး။ ဒါကြောင့် ဒီဖွဲ့စည်းပုံကို လုံခြုံရေးကောင်စီမှာ လက်မခံဖို့ အတွက်ကို တင်ရမှာပါ။ အဲဒီ အခြေအနေမှသာ တကယ်ကို ထိရောက်တဲ့၊ လိုအပ်တဲ့ action လို့ ထင်ပါတယ်" ကိုထွန်းမြင့်အောင်က ပြောသည်။

ကုလသမဂ္ဂတွင် မြန်မာ့အရေး ဆွေးနွေးတိုင်း ဝင်ပါနေကျ နအဖ ၏ မိတ်ဆွေများဖြစ်သည့် ရုရှားနှင့် တရုတ်နိုင်ငံ၏ အဟန့်အတားများ ဆက်လက် ရှိနေဦးမည်ဆိုလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားသော နိုင်ငံတကာ Forum တခု ရှိသင့်ပြီဟုလည်း သူက အကြံပြုသည်။

No comments: