Friday, April 25, 2008

(၁၃) နှစ်အရွယ် မြန်မာမိန်းကလေးငယ်တဦးပြည့်တန်ဆာရုံမှ လွတ်မြောက်

NEJ/ ဧပြီ ၂၅ ရက်
မဲဆောက်မြို့ရှိ ပြည့်တန်ဆာရုံတခုတွင် ရောင်းစားခြင်းခံရသည့် (၁၃) နှစ်အရွယ် မြန်မာ မိန်းကလေးတဦးအား ဒေသအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခု၏ အကူအညီဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့က ကယ်တင်နိုင်ခဲ့သည်။

အဆိုပါမိန်းကလေးကို အသိမိတ်ဆွေ မြန်မာအမျိုးသမီးတဦးက အလုပ်ကောင်း ရမည်၊ လစာ ကောင်းမည်ဟု မက်လုံးပေး စည်းရုံးပြီး ပြည့်တန်ဆာရုံသို့ ခေါ်ဆောင် ရောင်းချလိုက်ခြင်း ဖြစ်သည်။

မဲဆောက်အခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခု အကူအညီဖြင့် ဆွေမျိုးသားချင်းများက အဆိုပါမိန်းကလေးကို ကယ်ထုတ်နိုင်ခဲ့ကာ မဲဆောက်ဆေးရုံတွင် ဆေးကုသမှု (၂) ရက်ခံယူပြီး မိဘများထံ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။


မိန်းကလေး၏ ထွက်ဆိုချက်အရ ပြည့်တန်ဆာရုံတွင် (၅) ရက်ကြာ အလုပ်လုပ်ခဲ့ရပြီး တနေ့လျှင် လူ (၃) ဦးမှ (၄) ဦးအထိ ဆက်ဆံခဲ့ရကြောင်း၊ ၎င်းအား ပြည့်တန်ဆာရုံတွင် မထားဘဲ သီးသန့်
အိမ်တဆောင်တွင်ထားကာ လာရောက်ခေါ်ဆောင်သူများနှင့်အတူ တည်းခိုခန်းများသို့ သွားရောက် ခဲ့ရကြောင်း သိရသည်။

သမီးဖြစ်သူအား ရောင်းချသွားသည့် ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးအား ဖမ်းဆီးအရေး
ယူနိုင်ရန် မိဘများက သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများနှင့် စီစဉ်လျက်ရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မိဘများအနေဖြင့် အရွယ်မရောက်သေးသည့် သားသမီးများအား ငွေရရှိ ရေးတခုသာကြည့်ပြီး လက်လွတ်စပယ် မျက်ကွယ်ပြုပါက သားသမီးများ ပျက်စီးပြီး ဒုက္ခတွင်းထဲမှ ရုန်းထွက်နိုင်မည် မဟုတ်ကြောင်း ဘီအမ်ဒဗလျူအီးစီ ဥက္ကဋ္ဌ ဆရာမ နော်ဖောရေက ပြောသည်။

၎င်းက "ဒုက္ခရောက်နေတဲ့ မရှိဆင်းရဲသား မိဘမဲ့ကလေးတွေအတွက် ကျမတို့အဖွဲ့နဲ့ဖြစ်စေ၊ ကလေးသူငယ်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့နဲ့ဖြစ်စေ၊ အန်ဂျီအိုအဖွဲ့တွေနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။ ဒီကလေးတွေကို ကျောင်းထားပေးဖို့ ကျမတို့မှာ အစီအစဉ်ရှိတယ်။ ဆက်သွယ်ဖို့လည်း ဖိတ်ခေါ်တယ်" ဟု နော်ဖောရေက ပြောသည်။

ထိုင်းနိုင်ငံတွင် တဦးတယောက်အား လိမ်လည်ဖျားယောင်းသွေးဆောင်ပြီး မတရားအမြတ်ထုတ် ခိုင်းစေမှုနှင့် ပတ်သက်၍ ထိုင်းဥပဒေ ပုဒ်မ (၃၁၀) အရ ထောင်ဒဏ် (၃) နှစ်မှ (၁၅) နှစ်အထိ ကျခံရမည်ဖြစ်သည်။

ယခုအမှုသည် အသစ်ပြဋ္ဌာန်းထားသည့် လူကုန်ကူးမှုဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ကလေး သူငယ်ဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ပုံမှန်ထက် ပိုမိုကြီးလေးသည့် ပြစ်ဒဏ်ကို ကျခံရနိုင် သည်ဟု မဲဆောက်အန်ဂျီအိုအဖွဲ့တခုမှ ထိုင်းရှေ့နေတဦးက ပြောသည်။

Source

No comments: