Saturday, April 5, 2008

မောင်တောမြို့တွင် ရယက စာရေးလုပ်မည့်သူ ရှားပါးနေ

Narinjara News
မင်းဆက်ခိုင်(နိရဉ္စရာ)ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရယက စာရေးအဖြစ် ခန့်အပ်ရန်အတွက် အလုပ်ခေါ် ရာတွင် လျှောက်ထားမည့်သူ မရှိသလောက် ရှားပါးနေကြောင်း သတင်းရရှိသည်။
အဆိုပါ နေရာအတွက် မြို့နယ်(မယက)ရုံးမှ လွန်ခဲ့သော မတ်လကတည်းက ခေါ်ယူနေ သော်လည်း ယခုအချိန်ထိ လျှောက်မည့်သူများမှာ မရှိသလောက် အလွန်နည်းပါးနေသည်ဟု အမည်မဖေါ်လိုသူ ဝန်ထမ်းတဦးအပြောအရ သိရှိရသည်။

“အလုပ် လျှောက်လွှာခေါ်တာ လွန်ခဲ့တဲ့ မတ်လကတည်းက ခေါ်တာဖြစ်ပါတယ်။ အလုပ် ခေါ်တာကတော့ စာရေး ၂၂ ဦး နေရာ အတွက်ပါ၊ ဒါပေမယ့် အခုအချိန်ထိ လျှောက်မဲ့သူ မပြည့်ဘဲ ဖြစ်နေ ပါတယ်။”ဟု သူက နိရဉ္စရာသို့ပြောသည်။

ယခုကဲ့သို့ အလုပ်အကိုင် ရှားပါး နေချိန်တွင် အလုပ်လျှောက်မဲ့သူ မရှိဖြစ်နေရခြင်းမှာ လာမည့် မေလတွင် ကျင်းပရန်ရှိသည့် လူထု ဆန္ဒခံယူပွဲနှင့် ဆက်နွယ်နေသည့် အပြင် အဆိုပါ ရယကစာရေး တနေရာ အတွက် ကျပ်ငွေ တစ်သိန်းခွဲစီ အာဏာပိုင်များက တောင်းခံနေ၍ ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

“အခုလို အလုပ်လျှောက်မဲ့သူ မရှိဖြစ်နေတာက ဆန္ဒခံယူပွဲမှာ မဲရုံ အစောင့်တွေ၊ မဲရုံမှူးတွေ လုပ်ရမှာကို မလိုလားတဲ့အတွက် ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မဲရုံမှူးတွေ မဲကော် မရှင်တွေမှာ ရယကစာရေးတွေ ပါနေတော့ ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ဘူးလေ။ ဒါ့ကြောင့် ဖြစ်နိုင်တယ်။”ဟု အဆိုပါဝန်ထမ်းမှ သူ့အမြင်ကိုပြောသည်။

၎င်းအပြင် လက်ရှိမောင်တောမြို့နယ်တွင် စာရေးမရှိသည့် ကျေးရွာ၊ ရပ်ကွက်များလည်း ရှိကြောင်း၊ ထို့အတွက်ကြောင့် လူထုဆန္ဒခံယူပွဲ အတွက် ကျေးရွာ၊ ရပ်ကွက်အလိုက် ကော်မ ရှင်ဖွဲ့ရာတွင် စာရေးများအလိုရှိသောကြောင့် ယခုကဲ့သို့ ခေါ်ယူနေခြင်း ဖြစ်ကြောင်း မောင်တောမှ လာသောသတင်းများအရ သိရှိရသည်။

၎င်းအပြင် အမျိုးသမီးအများစုအနေဖြင့် ရယကစာရေး လျောက်လိုသော်လည်း ယခင် ရယက စာရေးမတဦးနှင့် မယကဥက္ကဌဟောင်း ဦးမြင့်မောင်တို့ ပြဿနာဖြစ်ပေါ်ခဲ့သောကြောင့် နောက်ထပ် ရောက်ရှိလာသည့်  မယကဥက္ကဌ ဗိုလ်ကြီးအငြိမ်းစား ခင်မောင်ထွန်းသည်လည်း ရှေ့က ဒိုင်းဝန်ထက်ကဲမည်ကို စိုးရိမ်သောကြောင့် ရယက စာရေးမအဖြစ် မလျောက်ရဲဘဲ ဖြစ်နေကြကြောင်း သတင်းရရှိပါသည်။

No comments: