Thursday, April 3, 2008

သတင်းဂျာနယ်များ အပိုင်းခွဲ၍ စိစစ်ရေး တင်ရမည်

နန်းဒေဝီ
နယူးဒေလီ။ ။ အမည်ဆိုးဖြင့် ကျော်ကြားလှသော စာပေစိစစ်ရေးက အပတ်စဉ်ထုတ် သတင်းဂျာနယ်များကို ဆင်ဆာ တည်းဖြတ်ခြင်း ဆိုင်ရာ နည်းနာသစ်တခု ပြဌာန်းလိုက်သည်။

ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက်ခံ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန၏ ယမန်နေ့က ပေးပို့သော ညွှန်ကြားချက်တွင် ဂျာနယ်မူကြမ်း၏ သုံးပုံ နှစ်ပုံကို စိစစ်ရေးရုံးသို့ သုံးရက် ကြိုတင်တင်ပြရမည် ဖြစ်ပြီး ကျန်ရှိသည့်အပိုင်းအား နောက်ပိုင်းတွင် ထပ်မံပေးပို့ရမှာ ဖြစ်သည်။ မူသစ်ဖြင့် စိစစ်ရေးတင်ပြရမှုကို ဧပြီ ၂၁ ရက်နေ့ မှစတင်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းဂျာနယ်များကို ပစ်မှတ်ထား လုပ်ဆောင်ခြင်း ဖြစ်ပြီး သတင်းဂျာနယ် မဟုတ်သည့် အားကစား၊ ကျန်းမာရေး၊ ပညာရေး စသည့် အပတ်စဉ်ထုတ်များကတော့ အပိုင်းခွဲတင်ပြရန် မလိုဘဲ သတ်မှတ်ဖြန့်ဝေမည့် ၁ ရက်အလိုတွင် စိစစ်ရန် တင်ပြနိုင်သည်။

ထုံးစံအတိုင်းပင် အကြာင်းပြချက်တစုံတရာ ရှင်းလင်း ဖော်ပြထားခြင်းမရှိသော လမ်းညွှန်ချက်နှင့် ပတ်သက်၍ အရေထူနေပြီ ဖြစ်သော ပြည်တွင်း သတင်းစာနယ်ဇင်းသမားများလည်း ထူးခြားသည့် တုန်လှုပ်မှု မတွေ့ရပေ။

"စာပေစိစစ်ရေးက နောက်ဆက်တွဲတင်ပြတဲ့ သတင်းတွေကြောင့် ဖြစ်လာတဲ့ ပြဿတွေကို ရှောင်တဲ့အနေနဲ့ ခုလို လုပ်လိုက်တာဘဲ ဖြစ်နိုင်ပါတယ်" ဟု ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တိုက်တခုမှ အမည်မဖော်လိုသူ အယ်ဒီတာတဦးက ပြောသည်။

" နောက်ဆက်တွဲ တင်ဘို့ဆိုတာ ဂျာနယ်မူကြမ်း ပြန်ကျမှာနဲ့ အချိန်ကိုက်မကိုက် မှန်းမရဘူး ဖြစ်နေတယ်။ ပုံနှိပ်စက် အချိန်မှီမရောက်မှာ စိုးရိမ်ရတယ်။ ပုံနှိပ်စက် အချိန်မှီမရောက်ရင် ဂျာနယ်ထွက်ချိန် နောက်ကျမှာပေါ့" ဟု သူက ဆက် ပြောသည်။

သို့သော်လည်း စာပေစိစစ်ရေး၏ အကြောင်းကြားစာတွင် အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအား သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာရန် သတိပေးထားသည်။ ဂျာနယ်စည်းကမ်းများ ဖောက်ဖျက်ခြင်းများတွေ့ရှိပါက ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့်အညီ တိကျစွာ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့များက ပြစ်တင် ရှုတ်ချလေ့ရှိသော ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ပုံနှိပ်စာသား မှန်သမျှ ဖြန့်ဝေခြင်းမပြုမီ စာပေစိစစ်ရေးကို တင်ပြရမှာဖြစ်ပြီး ဆင်ဆာဘုတ်က စာသားသည် နိုင်ငံအကျိုးစီးပွားကို ပျက်ပြားစေသည်ဟု ယူဆသော၊ အစိုးရကို ဆန့်ကျင်သည်ဟု ယူဆလျှင် ပယ်ပိုင်ခွင့်ရှိသည်။ ချိုးဖောက်လျှင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သည်။

No comments:

Post a Comment