ပီတာအောင်
ပြည်သူလူထုလိုလားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် အာမခံချက်မရှိသည့် နအဖ၏ဖွဲ့စည်းပုံကို မြန်မာ ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်မဲ ပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ပန်ကြားသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များက ရေးဆွဲထားခြင်းလုံးဝမဟုတ်ဘဲနအဖစိတ်ကြိုက်ရွေးချယ်ထားသူများဖြင့် တဘက် သတ်ရေးဆွဲထားကြောင်း၊ ဒီမိုကရေစီအခြေခံမူများနှင့် မကိုက်ညီသဖြင့် ပြည်သူတို့အနေဖြင့် သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်ကာ ကြက်ခြေခတ်၍ ကန့်ကွက်မဲပေးကြရန် ယမန်နေ့ထုတ် ပန်ကြားချက်၌ ဖော်ပြသည်။
အန်အယ်လ်ဒီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “အချုပ်အခြာအာဏာကို လူထုက ပိုင်တယ်ဆိုရင် လူထုရဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို ဖွဲ့စည်းရမယ်။ ဒီဟာက ဒီမိုကရေစီရဲ့ အသည်းနှလုံး ပြဿနာဖြစ်တယ်။ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စား လှယ်တွေမဟုတ်ဘဲနဲ့ တပ်မတော်သားတွေကို လွှတ်တော်အဆင့်ဆင့်မှာ (၂၅) ရာခိုင်နှုန်း ခန့်
အပ်တာဝန်ပေးမယ်ဆိုရင် ဒါဟာ ဒီမိုကရေစီမူကြီးနဲ့ ဆန့်ကျင်ကွဲလွဲနေပြီ။ အချုပ်အခြာအာဏာကို လူထုက ပြန်လိုချင်တယ်ဆိုရင်တော့ လူထုဆန္ဒခံယူပွဲမှာ မဲရုံကိုသွားပြီးတော့ ကန့်ကွက်မဲ နဲ့ကြက်ခြေခတ်ကြဖို့ပဲလိုပါတယ်။ အဲသလိုလုပ်မှသာ လူထုဟာ အချုပ်အခြာ အာဏာပြန်ရနိုင်တဲ့ ခေတ်တခေတ်ကို ပြန်ရောက်လာမှာပါ” ဟု ပြောကြားသည်။
ဖွဲ့စည်းပုံမူကြမ်း၌ ပါဝင်သည့် စစ်တပ်အာဏာ ထာဝရတည်မြဲရေး ထည့်သွင်းထားချက်များကို ထောက်ပြထားသည့် အထူးကြေညာချက်ကိုလည်း အန်အယ်လ်ဒီက ထုတ်ပြန်ခဲ့ပြီး ကြေညာ ချက်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် စစ်တပ်က လူအများစုဖြင့် ကြီးစိုး ထားခြင်း၊ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာသိမ်းခွင့် ပေးထားခြင်း၊ ဖွဲ့စည်းပုံကို ပြင်ဆင် ခွင့်မရအောင် သတ်မှတ်ထားခြင်း စသည့်အချက်များကို ဖော်ပြထားသည်။
ထို့အပြင် ဆန္ဒမဲ မပေးခင် မဲစာရင်း၌ မိမိအမည်ပါမပါ ကြိုတင်လေ့လာရန်၊ လျှို့ဝှက်စွာမဲပေးနိုင် ခြင်းရှိမရှိဂရုပြုရန်၊ ပယ်မဲမဖြစ်စေရေး သတိထားရန်၊ မဲရေတွက်မှုအား စောင့်ကြည့်ကြရန်တို့ အပါအ၀င် ဆန္ဒမဲပေးရာ၌ ပြည်သူလူထု သိရှိဆောင်ရွက်သင့်သည့် အချက် (၁၇) ချက်ကိုလည်း အန်အယ်လ်ဒီက ယမန်နေ့က ကြေညာသည်။
နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့၏ ဖွဲ့စည်းပုံကို အဓမ္မအတည်ပြုမည်ဆိုပါက အမျိုးသားပြန် လည်သင့်မြတ်ရေး ထိခိုက်နိုင်ပြီး တိုင်းပြည်၏အခြေအနေသည် မမျှော်မှန်းနိုင်သည့် ပဋိပက္ခ များကြုံတွေ့လာနိုင်ကြောင်းနှင့် ဆန္ဒခံယူပွဲမလုပ်ခင် အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာကြမည်ဆိုပါက အများပြည်သူ လက်ခံနိုင်သည့် အခြေခံဥပေဒေတရပ် ပေါ်ပေါက် လာမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
နအဖစစ်အစိုရက လာမည့်မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ၂၀၁၀ တွင် ရွေးကောက်ပွဲသစ် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားပြီး ၎င်းတို့၏ လမ်းပြမြေပုံအတိုင်း နောက်ကြောင်းပြန်မလှည့်ဘဲ ရှေ့ဆက်သွားမည်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောကြား ထားပြီးဖြစ်သည်။
No comments:
Post a Comment