Thursday, April 24, 2008

၅၄ယောက်သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြတောင်းဆို

ခွန်အောင်မြတ်။ Thursday, April 24, 2008
အအေးခန်းကား အတွင်းတွင် မွန်းကျပ်သေဆုံးသွားသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား (၅၄)ဦး အတွက် အမှု မှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးရန် ထိုင်းလူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့နှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ စုပေါင်းပြီး ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရရုံးရှေ့တွင် ယနေ့နံနက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထိုင်းအစိုးရအနေဖြင့် လူသားချင်းစာနာမှုရှိရန်။ သေဆုံးသူများ၏ အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးရန်နှင့် ဖမ်းဆီးခံ ထားရသူများကို နေရပ်ဌာနေသို့ ပြန်လည်ပို့ဆောင်ခြင်း မပြုရန် တောင်းဆိုထားသည်။

ထိုင်းအစိုးရရုံးရှေ့တွင် အင်အားငါးဆယ်ကျော် တစ်နာရီကြာ ဆန္ဒပြကြပြီး နံနက်(၁၀)နာရီ တွင် တောင်းဆိုချက် စာကို တာဝန်ရှိသူထံ ပေးအပ်ခဲ့သည်ဟု ဆန္ဒပြပွဲတွင် ဦးဆောင် သည့် ထိုင်းလူ့အခွင့်အရေး လှုပ်ရှားသူ၏ ပြောရေးဆိုခွင့်ရှိသူ ၀ိလဲုင်ဝန် စေတီ က ယခုလို ပြောသည်။

“ဒီနေ့ အစိုးရကို တောင်းဆိုစာပေးပို့လိုက်တယ် ခုနကပဲ။ တာဝန်ရှိတဲ့သူကိုလေ။ သူပြန်ပြောတာ ကတော့ အခုလိုလုပ်ရပ်ဟာ မှန်ကန်ပါတယ်တဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို ပြန်ပို့မယ်ဆိုတာ ကိုတော့ အာမမခံနိုင်ဘူး။ ကျမတို့ လိုအပ်တာကတော့ ဒီအမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ပါပဲ။ အရေးကြီးတာက ကျမတို့ပေးတဲ့ တောင်းဆိုတာ အရင်လက်ခံဖို့ပဲ။တခြားပြဿနာတွေကို လက်ခံပေး လို့ ပြောတာပဲ။ နောက်ဆက်တွဲ ဘာထပ်ဖြစ်လာအုံးမယ်ဆိုတာကတော့ ကျမတို့စောင့်ကြည့်ရမှာ ပေါ့။ ”

တောင်းဆိုထားသည့် အချက်များကို ထိုင်းအစိုးရ အနေဖြင့် အမှုမှန် ပေါ်ပေါက်အောင် မဆောင်ရွက်ပေးပါက လူ့အခွင့်အရေး ဆိုင်ရာနှင့် ဆက်လက် တောင်းဆိုသွားမည်ဟု ၄င်းက ဆက်ပြောသည်။

ယခုဧပြီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသား (၁၂၁)ဦးသည် ရနောင်းမှ ဖန်င သို့ သွားရန် အသားတင် အအေး ခန်းကားထဲ စီးနင်းလိုက်ပါလာရာ လေအေးပေးစက် ပျက်သွားသဖြင့် အသက်ရှူကျပ်ပြီး ၅၄ ဦး သေဆုံးကာ ၂၀ ကျော် ဆေးကုသမှုခံယူခဲ့ရသည်။

အသက်ရှင်ကျန်ရစ်သူ ကလေး (၁၄)ဦး အပါအ၀င် (၆၀)ကျော်ကို ရနောင်း လူဝင်မှု ကြီးကြပ်ရေးရုံးတွင် နစ်နာ ကြေးများရရှိရန်အတွက် ဆက်လက်ထိန်းသိမ်းထားသည်။

ဥပဒေပိုင်းဆိုင်ရာနှင့်ပတ်သက်၍ လိုက်ပါ ကူညီပေးသည့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မ တီမှ ရှေ့နေဖြစ်သူ ခွန်နစိုး အက်ရှင်ဝါဟင်က ဖမ်းဆီးခံရသူများကို သွားရောက်တွေ့ဆုံအားပေးပြီး ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံး၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ခွန်နစိုးအက်ရှင်ဝါဟင်က “သေဆုံးသွားတဲ့သူတွေ၊ နောက်ပြီး သူတို့အလောင်းကိုလည်း သေချာစမ်းသပ် စစ်ဆေးပြီးပြီ။ အဲဒါကြောင့် တရားရုံးမှာ စွဲချက်တင်ပြီး တရားရုံးကနေ လျှောက်လဲချက်တင်ပြီး သူတို့ အတွက် နစ်နာကြေးတွေ ရဖို့သင့်တယ်။ ” ဟု ပြောသည်။

၎င်းတို့သည် တရားမ၀င် ၀င်ရောက်သည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သော်လည်း ယခု ဖြစ်ပျက်သည့် အမှု သည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုပိုင်းဆိုင်ရာနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု ခွန်နစိုးက ပြော သည်။

“နောက်ပြီး ဒီလိုအမှုမျိုးက ရာဇ၀တ်မှုနဲ့ အတူတူပဲ။ လူတွေကို သေစေတယ်၊ လူတွေကို အစုလိုက် အပြုံလိုက် ဆုံးရှုံးတဲ့အတွက်ကြောင့် သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။ ရပိုင်ခွင့်လည်း ရှိတယ်။ နစ်နာ ကြေးအနေနဲ့ ရပိုင်ခွင့် ရှိတယ်။ ဥပဒေအတိုင်းပေါ့ဗျာ။ အဲဒါကြောင့် ဒီကိစ္စကို အရင်ဆုံး စောင့်ကြည့်ရမယ်။ ဒီအမှုပြီးရင်တော့ အားလုံး အဆင်ပြေ မယ်လို့ ထင်တာပဲ။ သေချာတာကတော့ သူတို့နိုင်ငံကို ချက်ချင်း ပြန်မပို့သေးဘူး။ ” ဟု ၄င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်က တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းလူဝင်မှု ကြီးကြပ် ရေးက ဖမ်းဆီးပြီး နယ်စပ်မြို့ဖြစ်သည့် စံခဘူရီသို့ ပြန်ပို့ချိန်တွင် ကားမှောက်၍ မြန်မာအလုပ်သမား (၁၀) ဦး သေဆုံးပြီး နှစ်ဆယ်ခန့်ဒဏ်ရာခဲ့သည်။

ယင်းဖြစ်ရပ်သည် ထိုင်းလူဝင်မှုကြီးကြပ်ရေးကို လူသေမှု၊ အဆမတန် တင်ဆောင်မှုဖြင့် တရားစွဲဆိုရာ သေဆုံးသူ တဦးလျှင် လျှော်ကြေး ဘတ်ငွေ တသိန်းရရှိပြီး ဒဏ်ရာရ သူများမှာ ဘတ်ငွေ လေးသောင်းမှ ငါးသောင်းအထိ ရရှိခဲ့သည်။

Source

No comments:

Post a Comment