Monday, April 7, 2008

မြန်မာစစ်တပ်ကြောင့် ကျန်းမာရေးလုပ်သားများ ထွက်ပြေးရ ကားမှောက် မီးလောင် သေဆုံး

မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ မြန်မာစစ်တပ်ရန်မှ လွတ်မြောက်ရန် ကားငှါး၍ ထွက်ပြေးလာစဉ် မြန်မာနိုင်ငံအရှေ့ပိုင်း မတ်စောက်သော တောင်ကုန်းတခုပေါ်တွင် ကားမှောက်ပြီး မိန်းကလေးငယ်တဦး သေဆုံးသွားသည်။

ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များ ကူညီရေးကွန်ရက် (Displaced Persons Response Network) နှင့် ကရင် ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (Karen Department of Health & Welfare – KDHW) ပူးပေါင်း အဖွဲ့ဝင်များက ပညာရေးနှင့် ပိုလီယို ကာကွယ်ဆေးထိုး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေစဉ် ထိုးစစ်ဝင်လာသဖြင့် မြန်မာစစ်တပ်ရန်မှ လွတ်ကင်းရေးအတွက် ကားငှါးကာ ထွက်ပြေးကြစဉ် ကားမှောက်ပြီး ပြင်းထန်သော မီးလောင်ဒဏ်ရာများဖြင့် လူငါးဦး ဆေးရုံတင် လိုက်ရသည်။ ထိုအထဲမှ ၇ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးသွားခြင်း ဖြစ်သည်။

သူ၏ ပြောကြားချက်အရ KDHW ဝန်ထမ်း ၂ ဦး ထွန်စက်နောက်တွဲယဉ်ဖြင့် ကရင်ပြည်နယ် လူးပုလဲမြို့နယ် တွင်းရှိ ယင်းတို့၏ကျေးရွာသို့ သွားရောက်စဉ် အဆိုပါ မတော်တဆမှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ "ကျနော်တို့ ထွန်စက်က မီးလောင်ပြင် တနေရာကို ဖြတ်ရတယ်ဗျာ။ အပူရှိန်နဲ့ မီးခိုးတွေကြောင့် ဒရိုင်ဘာလည်းနဲနဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ် ထင်ပါတယ်။ တောင်မတ်မတ်ကြီး အတက်မှာ ထွန်စက်မှောက်ပြီး ကားထဲပါတဲ့သူတွေ မီးလောင်ပြင်ထဲ လွင့်စင်ကျကုန်တယ်" ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ ထွန်စက်မှောက်မှုတွင် ပါဝင်သွားကြသူများမှာ ဘားအံခရိုင် လူးပုလဲမြို့နယ်အတွင်း ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအား ပိုလီယို ကာကွယ်ဆေးများ တိုက်ကျွေးနေကြသည့် အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ကျန်းမာရေး ကူညီစောင့်ရှောက်မှုများ လုပ်ကိုင်ပေးနေသည့် ဒေသတွင်းသို့ မြန်မာစစ်တပ်များ ဝင်ရောက်လာသည် ဆိုသည့်သတင်းကြောင့် ဤလုပ်ငန်းမှာ ၂ ရက်နှင့် ရပ်ဆိုင်းသွားရသည်။

အဆိုပါ ကျန်းမာရေးလုပ်သားများသည် မတ်လ ၂၈ ရက် နေ့က ကျေးရွာတရွာရှိ ကလေးငယ် ၈၂ ဦးအား ကာကွယ်ဆေးများ အောင်မြင်စွာ ထိုးနှံအပြီး ဒေသတွင်းသို့ မြန်မာစစ်တပ်များ ဝင်ရောက်လာသဖြင့် သူတို့၏ဆေးဝါးများနှင့် ကျန်းမာရေးမှတ်တမ်းများကို ဖွက်ကာ တောထဲသို့ လက်လွတ် ထွက်ပြေးခဲ့ကြရသည်။ အခြားအဖွဲ့ဝင် ၃ ဦးလည်း မြန်မာစစ်တပ် ထိုးစစ်ဝင်လာပြီဆိုသော သတင်းကြောင့် အလားတူ ထွက်ပြေးလာခဲ့ ကြရသည်။

မီးလောင်ဒဏ်ရာ ရရှိသူ လူနာ ၅ ဦးကို မြန်မာနိုင်ငံ တဘက်ကမ်း မဲဆောက်အ ထွေထွေဆေးရုံကြီးသို့ တင်လိုက်ရသည်။ ယင်းတို့မှာ ၁ဝဝ% မီးလောင်ဒဏ်ရာ ရရှိခဲ့သော အသက် ၃၃ နှစ်ရှိ ဒရိုင်ဘာ၊ ၆ဝ% မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် အသက် ၉ နှစ်အရွယ်ရှိ သူ၏သား၊ ၇၅% မီးလောင်ဒဏ်ရာ ရရှိခဲ့သော အသက် ၁၅ နှစ်အရွယ်ရှိ ကျေးရွာကျန်းမာရေး လုပ်သား၊ ၉ဝ% နှင့် ၇၅% မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြသည့် အသက် ၁၈ နှစ်အရွယ်ရှိ KDHW အမျိုးသမီး ကျန်းမာရေးလုပ်သား ၂ ဦးတို့ ဖြစ်ကြသည်။

ဒရိုင်ဘာ၏ အသက် ၇ နှစ်အရွယ်ရှိ သမီးငယ်မှာ ရရှိသော မီးလောင်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ဤ ဝမ်းနည်းဘွယ် အဖြစ်ဆိုး မဖြစ်ပွားမီတွင် ဤပူးပေါင်းအဖွဲ့က ကျေးရွာ ကျန်းမာရေးလုပ်သားများအား ပိုလီယို ကာကွယ်ဆေးထိုးနှံပုံနှင့် ပိုလီယို ကာကွယ်ဆေးထိုး မှတ်တမ်းများ မည်သို့မည်ပုံ ထားရှိရမည်ကို သူတို့အား သင်ကြားပေးနိုင်ခဲ့သည်။ ဤမတော်တဆမှု မဖြစ်ပွါးမီတွင် ကျေးရွာတရွာရှိ ကလေးငယ် ၂ဝဝ အား ကာကွယ်ဆေးများ အောင်မြင်စွာ ထိုးနှံ ပေးနိုင်ခဲ့ကြသည်။

ဒရိုင်ဘာမှလွဲ၍ ကျန်မီးလောင်ဒဏ်ရာ ရရှိသူများမှာ အခြေအနေ ပြန်ကောင်းလာမည်ဟု မျှော်လင့်ရသည်။ ဒရိုင်ဘာ၏ အခြေအနေမှာမူ ခွဲစိတ်မှု မလုပ်ရသေးခင် မသိရသေးပါ။

ယခု ကာကွယ်ဆေး လိုက်လံထိုးနှံပေးသည့် အစီအစဉ်မှာ DPRN ၏ ဒုတိယအဆင့် အစီအစဉ် ဖြစ်သည်။ ပထမအကြိမ် အစီအစဉ်ကို လွန်ခဲ့သောနှစ်က ဘားအံခရိုင် အတွင်းတွင်ပင် စတင် ဆောင်ရွက်ခဲ့သည်။ ဤအစီအစဉ်အရ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် ၁၂ဝဝ ကို ဖေဖေါ်ဝါရီလအတွင်း အောင်မြင်စွာ ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင်း ပိုလီယိုရောဂါဖြစ်ပွါးမှု တဒါဇင်ကျော်ကို ၂ဝဝ၇ ခုနှစ်အတွင်း တွေ့ရှိခဲ့ရသည်။ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးထားပါက ဤရောဂါမှာ ကာကွယ်နိုင်သောရောဂါ ဖြစ်သည်။

No comments:

Post a Comment