Wednesday, April 2, 2008

နအဖ စစ်အစိုးရမှ အမေရိကန် ရေတပ် အခြေစိုက် စခန်းချရန် သံသယ ဖြစ်နေသော အုန်းကျွန်းသို့ ခရီးသွားလာခွင့်ကို ၆လထိ ပိတ်ထားရန် ဘင်္ဂလာက ဆုံးဖြတ်

Narinjara News
မောင်အေး(နိရဉ္စရာ) အင်္ဂလိပ်- မြန်မာ ပထမ စစ်ပွဲကို ဖြစ်ပွားစေခဲ့သော ဆင်မဖြူကျွန်း အနီးတွင် တည်ရှိသော ရခိုင်အခေါ် အုန်းကျွန်း၊ ဘင်္ဂလီများ အခေါ် စိန့်မာတင်ကျွန်းသို့ ခရီးသွားလာခွင့်ကို ၆ လထိ ပိတ်ထားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ကျွန်းမှာ နတ်မြစ်တွင် တည်ရှိပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အပန်းဖြေသူ အများဆုံး လာရောက်လည်ပတ်သော နေရာ တခုဖြစ်သည်။

ယခု ပိတ်ပင်မှုကို ကျွန်း အုပ်ချုပ်ရေးကော်မတီက မတ်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ကျွန်းအနီးတ၀ိုက်တွင် သဘာဝအန္တရာယ် ကျရောက်မည့် အလားအလာများ ရှိနေ၍ ယခုကဲ့သို့ ခရီးသည်များ သွားရောက် လည်ပတ်ခြင်းကို ပိတ်ပင်လိုက်ရခြင်း ဖြစ်ကြောင်း အရာရှိ တဦးက ပြောသည်။

စိန့်မာတင်ကျွန်းသို့ သွားရောက် လည်ပတ်ရန် အတွက် လွန်ခဲ့သော ရက်အနည်းငယ်က ခရီးသည်များ သင်္ဘော လက်မှတ်များ လာရောက်ဝယ်ယူမှုများ ရှိခဲ့သော်လည်း လက်မှတ်ရောင်းချမှုကို ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

တက်ကနက် ရဲစခန်းမှ ရဲအရာရှိ မိုဟာမတ် ဇော်ဆိမ်း အုလ္လာကလည်း ယနေ့မှစပြီး ခရီး သည်တင် စက်လှေများနှင့် တခြားအငှားရေယဉ်များ စိန့်မာတင်ကျွန်းကို မသွားကြရန် အသိပေးတိုက်တွန်းထားကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ပိတ်ပင်လိုက်ရခြင်းမှာ မိုးရာသီ နီးလာပြီဖြစ်သဖြင့် နတ်မြစ်အပါအ၀င် ဘင်္ဂလား ပင်လယ်အော်တွင် လေမုန်းတိုင်း တိုက်ခတ်ရန် အလားအလာရှိနေသဖြင့် ဘသာဝ ဘေးအန္တရာယ်များ မကျရောက်ရအောင် ကြိုတင် ကာကွယ်သည့် အနေဖြင့် ပိတ်ထား ခြင်းဖြစ်ကြောင်း တက်ကနက်မြို့ အုပ်ချုပ်ရေးမှုး အာလတာဟော ဆန်းဆော်ဒိုးရီမှ ပြောသည်။

သို့သော်လည်း ယခုကန့်သတ်ချက်တွင် စိန့်မာတင်ကျွန်းတွင် နေထိုင်သည့် ဒေသခံများပိုင်ဆိုင်သော ငါးဖမ်းစက် လှေများပါဝင်မည် မဟုတ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှုးမှ ပြောသည်။

အဆိုပါကျွန်းမှာ သာယာလှပပြီး စစ်ရေးအရ အချက်အချာကျသော နေရာတွင် တည်ရှိပြီး အမေရိကန် စစ်စခန်းများ တည်ဆောက်ရန် လွန်ခဲ့သော နှစ်က သတင်းများ ကောလဟလ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ သတင်းကြောင့် နအဖ စစ်အစိုးမှာ အထူး စိုးရိမ် ထိတ်လန့်သွားခဲ့ကာ သတင်းပေးများစွာကို အဆိုပါ ကျွန်းသို့ သတင်းရယူရန် စေလွတ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment