Wednesday, April 2, 2008

နေပြည်တော်တွင် လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းမိပါက ဆုကြေး (၂) သောင်း

ခေတ်ပြိုင်

ယာဉ်ထိန်းရဲများအနေဖြင့် နေပြည်တော် ဧရိယာအတွင်း လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းဆီးရမိပါက တစီးလျှင် ဆုကြေး ကျပ် (၂) သောင်းပေးမည်ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ကြေညာထားကြောင်းသိရသည်။

ပျဉ်းမနားမြို့ခံတဦးက “ပြီးခဲ့တဲ့မတ်လဆန်းက ဒီအမိန့်ကို စထုတ်လိုက်လို့ ဆိုင်ကယ်ဆိုရင် ယာဉ်ထိန်းရဲတွေက အရမ်းစစ်တယ်။ ဒီအမိန့်မထုတ်ခင်က ဖမ်းမိရင် ရဲကို ငွေ (၁) ထောင်
(၂) ထောင်လောက် ပေးလိုက်ရင် အဆင်ပြေတယ်။ ခုတော့ ဖမ်းမိတာနဲ့ ယာဉ်ထိန်းရဲက ငွေ
(၂) သောင်းခွဲ (၃) သောင်းတောင်းတော့ လူထုတွေ အခက်တွေ့နေကြတယ်” ဟု ပြောသည်။

ပျဉ်းမနားအနီးတ၀ိုက်နှင့် တပ်ကုန်း၊ လယ်ဝေးမှ လူတော်တော်များများသည် လိုင်စင်မဲ့ဆိုင် ကယ်များကိုသာ စီးနေကြသည်ဟု ၎င်းက ပြောသည်။

လိုင်စင်မဲ့ တရုတ်ဆိုင်ကယ်အသစ်တစီးလျှင် ကျပ် (၄) သိန်းဝန်းကျင်ပေးရပြီး တပတ်ရစ် ဆိုင်ကယ်များမှာ ကျပ် (၂) သိန်း (၃) သိန်းလောက်သာ ပေးရသည့်အတွက် နေပြည်တော်
တ၀ိုက် နေထိုင်သူများ၊ လယ်သမားများ၊ ဆောက်လုပ်ရေးအလုပ်သမားများနှင့် ဌာနဆိုင်ရာ
ဝန်ထမ်းများကပါ ဈေးပေါသည့် တရုတ်လုပ် ဆိုင်ကယ်များကို ၀ယ်စီးနေကြခြင်း ဖြစ်သည်။

အဆိုပါ တရုတ်လုပ် လိုင်စင်မဲ့ဆိုင်ကယ် အမျိုးအစားများကိုပင် လွန်ခဲ့သည့် (၄) နှစ်ခန့်က မန္တလေးတွင် လိုင်စင်လုပ်ထားသည့် တပတ်ရစ်များမှာ တစီးလျှင် ကျပ် (၁၀) သိန်းလောက် ပေါက်နေပြီး နအဖက တရားဝင်ခွင့်ပြုထားသည့် ရေနံချောင်းစက်မှုဇုန်တွင် တပ်ဆင်ထုတ် လုပ်သည့် တရုတ်ဆိုင်ကယ်များမှာ ကျပ် (၁၁) သိန်းကျော် ဈေးပေါက်နေသည်။

နအဖစစ်အစိုးရ ရုံးစိုက်ပြီး နောက်ပိုင်းတွင်လည်း နေပြည်တော် ပျဉ်းမနားဝန်းကျင်မှ ပြည်သူများ သွားရေးလာရေး အဆင်မပြေသေးကြောင်း သိရသည်။

အစိုးရခွင့်ပြုထားသည့် စက်မှုဇုန်ထုတ် သုံးဘီးဆိုင်ကယ်များနှင့် လိုင်းပြေးဆွဲနေသော်လည်း မကြာခဏတိမ်းမှောက်သောကြောင့် မကြာခင် စက်မှုဇုန်ထုတ် ထရပ်ကားငယ်လေးမျာဖြင့် အစားထိုးပြေးဆွဲမည်ဟု ကြေညာထားကြောင်း မြို့ခံများက ပြောသည်။

အငှားယာဉ်လုပ်ငန်းကို မက်စ်မြန်မာ ကုမ္ပဏီတခုတည်းသာ လုပ်ကိုင်ခွင့်ရရှိပြီး ရန်ကုန်မှ တက္ကစီများ လာရောက်ပြေးဆွဲခွင့် မရပေ။

ရှိသည့် စင်းလုံးငှား တက္ကစီများမှာလည်း နေ့ဝက်ငှားခ ကျပ် (၆) သောင်းမှ တနေ့ငှားခ ကျပ်
(၁) သိန်းကျော်ဈေးနှုန်းရှိသောကြောင့် ဒေသခံပြည်သူများ အသုံးမပြုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment