Wednesday, October 1, 2008

မူးယစ်ကုန်သည်များထံမှ ဖမ်းမိပစ္စည်းများ နအဖပုလိပ်တို့ယူပြီး လူကိုပြန်လွှတ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တရုပ်နယ်စပ်တလျှောက်တွင် ဘိန်းဖြူ၊ ယာဘ လက်လီအရောင်းသမားများအား နအဖပုလိပ်တို့ ဖမ်းမိပါက ပစ္စည်းသာယူပြီး လူကိုပြန်လွှတ်ပေးကြောင်း၊ အလယ်အလတ်လောပန်းများအဖမ်းခံရ ပါကလည်း ငွေပေး လာဘ်ထိုးလျှင် လွတ်မြောက်ကြောင်း ရွှေလီ မြစ်ဝှမ်းသတင်းရပ်ကွက်က ဆိုပါသည်။

မိမိအိမ်သို့ နအဖပုလိပ်များ ၀င်ရောက်စစ်ဆေးမည်ဟု ကြိုသိထားသော နမ့်ခမ်း ဘိန်းကုန်သည် လောဝ်ပန်းတစ်ဦးသည် စက်တင် ဘာ ၂၃ ရက် ညနေ ၃ နာရီ ဖိုးဝှီးကားတစ်စီးပေါ် ဘိန်းဖြူတောင့်အပြည့် တင်ဆောင်ကာ မူဆယ်ဘက်သို့ တိမ်းရှောင် မောင်းပြေး၏။ မူဆယ်-နမ့်ခမ်းအကြား ကားလမ်းဘေး ၀မ့်နောင်ခန်ရွာအနီး နအဖမူးယစ်ရဲများစောင့်ဆိုင်းနေ သည်ဟု ထပ်မံကြားသိရသဖြင့် လောဝ်ပန်းကြီး ထွက်ပြေးလွတ်မြောက်သွားသည်ဟုဆို၏။

“ ကားပေါ်က ဘိန်းဖြူဘလောက်တုံး တန်ဖိုး ကျပ်သန်း ၃၀၀ လောက်ကို မူးယစ်ပုလိပ်တွေ သိမ်းယူလိုက်တယ်။ ပိုင်ရှင်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ လာဘ်ထိုးတတ်ရင် အမှုက ကွင်းလုံးကျွတ်နိုင်တယ်။ နအဖပုလိပ်တွေ ပစ္စည်းရဖို့ဘဲ ” ဟု မူဆယ် - နမ့်ခမ်း ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

အဆိုပါ ဘိန်းကုန်သည် လောဝ်ပန်းမှာ နအဖအမျိုးသားညီလာခံကိုယ်စားလှယ် တရုပ်ကျော်မြင့် ခေါင်းဆောင်သော ပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့က ဖြစ်သည်ဟု နမ့်ခမ်းဒေသခံတစ်ချို့က ပြောကြသည်။

“ ပြီးခဲ့တဲ့ ဂျူလိုင်- သြဂတ်စ်က ရွှေလီမြစ်ကူးတံတားမှာ လက်လီကုန်သည်တွေဆီကနေ ယာဘ အပြား ၁၀၀-၂၀၀ ၊ ဘိန်းစိမ်း ၂ ပိဿာ ၃ ပိဿာ ဆက်တိုက်ဖမ်းမိတယ်။ ဗမာပုလိပ်တွေ ပစ္စည်းဘဲယူထားတယ်။ မူးယစ်ကုန်သည်တွေ အကုန်လုံးဖမ်းလိုက်ရင် နောက် အခေါက်တွေအတွက် ဘယ်ရှိတော့မလဲ - လို့တောင်သူတို့အချင်းချင်း လှောင်ပြောင် ဟာသလုပ်နေကြတယ်” ဟု နမ့်ခမ်းဈေးမှ တရုပ်ပစ္စည်းရောင်း အိမ်ထောင်သည်အမျိုးသမီးတစ်ဦးကလည်း ပြောပြသည်။

ထို့ကြောင့် ယခုနှစ်အတွင်း မူးယစ်ဆေးကုန်သည် ပိုများလာကာ ဆေးသုံးသူ ဆယ်ကျော်သက် လူငယ်များလည်း ပိုမိုများပြားလာ သည်ဟု ဆို၏။ တာဝန်ကျ မူးယစ်ရဲကိုယ်တိုင် ယာဘသုံးစွဲသဖြင့် တရုတ်အာဏာပိုင်များ၏ဖမ်းဆီး ခြင်းခံရသည်အထိရှိခဲ့ဖူး၏။ လက်ရှိ နမ့်ခမ်းမူးယစ်ပုလိပ်မှာ ဦးစိုးအောင်ဖြစ်သည်။ လတိုင်း တစ်လတစ်ခေါက် မူဆယ်မှ ပုလိပ်များ နမ့်ခမ်းသို့ အလှည့်ကျ လှဲလှယ်ပြောင်းရွှေ့အခြေချသည်ဟု သိရပါသည်။


No comments: