မင်းဆက်ခိုင်(နိရဉ္စရာ) လာမည့် မေလတွင် ကျင်းပ မည့် လူထုဆန္ဒခံယူပွဲကို ထောက်ခံမဲ ပေးရန် အတွက် ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့တို့ပူပေါင်းပြီး ကျေးလက် တောရွာ များသို့ သွားရောက်ကာ စည်းရုံးရေး လုပ်ငန်းများကို ဆောင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့ကို မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်စန္ဒာအောင်က ဦးဆောင်ပြီး အဖွဲ့နှစ်ဖွဲ့ ခွဲကာ လွန်ခဲ့သော သုံးရက် လေးရက် အတွင်းက စတင်ပြုလုပ်ခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသူ မြို့ခံတဦး ကပြောသည်။
“အဖွဲ့ကိုတော့ နှစ်ဖွဲ့ခွဲထားပါတယ်။ တောင်ပိုင်း အတွက်တဖွဲ့ မြောက်ပိုင်း အတွက် တဖွဲ့ဆိုပြီး ခွဲထားပါတယ်။ သူတို့က ကျေးလက် တောရွာတွေမှာ နေထိုင်နေတဲ့ မူဆလင် အမျိုးသားတွေကို ထောက်ခံမဲ ပေးဖို့ သွားစည်းရုံး တာပါ၊ အဓိကတော့ ဘာမှ သိရှိ နားမလည်တဲ့ မူဆလင် အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး စည်းရုံးဖို့ သွားတာပါ။”ဟု သူက နိရဉ္စရာသို့ပြောသည်။
၎င်းအဖွဲ့များသည် မောင်တောမြို့ အနီးတွင် တည်ရှိသော ကျေးရွာများဖြစ်ကြသည့် ကညင်တန်း၊ ညောင်ချောင်း၊ ဘကုံးနားရွာ များသို့ သွားရောက်ပြီး စတင် စည်းရုံး နေခြင်းဖြစ်သည်။
အမည် မဖေါ်လိုသူ မြို့ခံက “အဲဒီ အဖွဲ့တွေက ဒီနေ့သွားရင် ဒီနေ့ပြန်လာတယ်၊ တရက်တာ ခရီးပေါ့ဗျာ၊ မနေ့ကဆို မနက်ပိုင်း သွားတယ် ညနေပိုင်းမှာ ပြန်လာတယ်၊ အခုတော့ တောင်ပိုင်းက ရွာတွေကို ကွင်းဆင်းပြီး စည်းရုံးနေကြပါတယ်။ လာမယ့် စနေ၊ တနင်္ဂနွေနေ့ဆိုရင် မြောက်ပိုင်းဖြစ်တဲ့ ကျီးကန်းပြင်(ဌာနချုပ်) ဘက်တို့ကို ဆင်းမယ်လို့သိရပါတယ်။” ဟု ဆက်ပြောသည်။
ယခုအခါ ရခိုင်ပြည်နယ် တဝန်းတွင် နအဖအဖွဲ့ဝင်းများဖြစ်သော ကြံ့ဖွတ်၊ စွမ်းအားရှင်များ ဦးဆောင်သော အဖွဲ့များသည် ထောက်ခံမဲပေးရန်အတွက် နယ်ဆင်းစည်းရုံးမှုများပြုလုပ်နေ ကြောင်းနှင့် ပြည်သူများကို ပြည်သူ့ ဆန္ဒခံယူပွဲအတွင်း ဖွဲ့စည်းပုံကို ထောက်ခံပေးရန် အတင်း စည်းရုံးနေကြောင်း ပြည်တွင်းမှ ပေးပို့သော သတင်းများအရ သိရှိရသည်။
No comments:
Post a Comment