Wednesday, April 2, 2008

မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံ ရေကြောင်းပိုင်နက် သတ်မှတ်ရေး ဆွေးနွေးပွဲ သဘောတူညီမှု မရဘဲ ပြီးဆုံး

Narinjara News
ရေကြောင်း ဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းနိုင်ရန် မျှော်လင့်ချက်ဖြင့် မြန်မာ-ဘင်္ဂလာဒေ့ခ်ျ နှစ်နိုင်ငံ အကြား ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် တစုံတရာ မရရှိဘဲ ယမန်နေ့က ဒက္ကားမြို့တွင် ပြီးဆုံးသွားခဲ့သည်။
“ချက်ချင်း ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ် ဆိုတာ အခက်အခဲတွေ ရှိပါတယ်။ နောက်တကြိမ် ရန်ကုန်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ သဘောတူညီမှုတွေ ရရှိနိုင်ပါတယ်။” ဟု ဘင်္ဂလာအရာရှိ တဦးက ပြောသည်။

ယခုဆွေးနွေးပွဲတွင် သဘောတူညီမှု မရခဲ့သဖြင့် လာမည့် ဇွန်လတွင် နောက်ထပ် ဆွေးနွေးပွဲတခုကို ထပ်မံပြီး ရန်ကုန်မြို့တွင် ပြုလုပ်ရန် နှစ်ဘက်ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်။

ယခုပြုလုပ်သော ရေကြောင်း နယ်နမိတ် သတ်မှတ်ရေး ကိစ္စကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ဘင်္ဂလာကိုယ်စားလှယ် အဖွဲ့ဝင်များက မတ်လ ၃၁ ရက်နေ့နှင့် ဧပြီလ ၁ ရက်နေ့က နှစ်ရက်တိုင်တိုင် ဆွေးနွေးခဲ့ကြသည်။

မြန်မာဘက်က ကိုယ်စားလှယ် ၁၀ ဦးပါဝင်ပြီး အဖွဲ့ကို ဦးမောင်ဦးလွှင်က ဦးဆောင်သည်။

ဘင်္ဂလာနှင့် မြန်မာ အကြား ရေကြောင်း နယ်နမိတ် ကိစ္စ မဆွေးနွေးခဲ့သည်မှာ နှစ်ပေါင်း ၂၁ နှစ်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် နောက်ဆုံး အကြိမ် ဆွေးနွေးခဲ့ကြသည်။ ၁၉၇၄ မှ ၁၉၈၆ ခုနှစ်ထိ ၄ ကြိမ်တိုင်တိုင် မြန်မာနှင့် ဘင်္ဂလာတို့ အကြား ပင်လယ်ရေကြောင်း သတ်မှတ်ရေး ကိစ္စကို ဆွေးနွေးခဲ့ကြသည်။

နှစ်ပေါင်း ၂၁ ကြာမှ ယခုကဲ့သို့ ဆွေးနွေးမှုများအား ပြန်စလာခြင်းမှာ ဘင်္ဂလားပင်လယ်အော်တွင် ဂတ်(စ်)သိုက်များ အပြိုင်အဆိုင်ရှာဖွေလာရမှ ရေပြင်ပိုင်နက် အငြင်းပွားမှုများ စတင်လာခဲ့ရာမှ ယခုကဲ့သို့ ဖြေရှင်းရန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့မှ မြန်မာနိုင်ငံအား ဧရိယာ စတုရန်းမိုင်ပေါင်း သုံးသောင်းခန့် လုပ်ကွက်များ သတ်မှတ်ပြီး ဘင်္ဂလာရေပိုင်နက်ကို ကျူးကျော်ပြီး ဂတ်(စ်)များ ရှာဖွေနေကြောင်း ယမန်နှစ်က စွပ်စွဲခဲ့သည်။

No comments:

Post a Comment