Narinjara News
မောင်သစ်အောင် (နိရဉ္စရာ) ရခိုင်ပြည် စစ်တွေမြို့တော်တွင် ချမ်းသာသူ မိသားစုများ အပါအ၀င် အလယ်အလတ် လူတန်းစားများ အကြား စီးပွားရေး အဆင်မပြေမှုများကြောင့် အိုးအိမ်များကို ပေါင်နှံရောင်းချပြီး နယ်မြေသစ်များသို့ စီးပွားရေး အခွင့်အလန်းများ ရှာဖွေရန် ထွက်ခွာနေကြသူ အရေအတွက်မှာ ကြောက်ခမန်းလိလိ တိုးပွားနေကြောင်း သတင်းရရှိသည်။
စီးပွားရေး လုပ်ငန်းရှင် တဦးက “စီးပွားရေးက လုံးဝဆို လုံးဝကို အဆင်မပြေဘူး။ နေရာကောင်းတွေ အလုပ်အကိုင်ကောင်းတွေကို ပိုက်ဆံချမ်းသာတဲ့ နအဖ စစ်အစိုးရနဲ့ နီးစပ်တဲ့ ပြည်မက လာတဲ့ ဗမာတွေနဲ့ တရုတ်သူဌေး ကုလား သူဌေးတွေဘဲ ကြိုးကိုင်ထားကြပါတယ်။ နေရာတိုင်းမှာ လမ်းတံတားက အစ လေးလံ စနစ်နဲ့ ငွေကြေး များများပေးနိုင်သူကိုသာ ဦးစားပေးပြီး လုပ်ပိုင်ခွင့်တွေ ပေးနေတဲ့ အတွက် ငွေကြေး မတတ်နိုင်တဲ့ ဒေသခံ ရခိုင်တွေက ဘယ်နေရာမှာမှ စီးပွားရေး လုပ်ခွင့် နေရာ မရရှိဘဲ ဖြစ်နေပါတယ်။ ” ဟု ပြောသည်။
ထိုကဲ့သို့ စီးပွားရေး အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ကုန်ဈေးနုန်းများကလည်း တဖြည်းဖြည်း မြှင့်တက်လာနေသဖြင့် အများစု ရခိုင်စီးပွားရေးသမားများမှာ ချဲထီထိုးခြင်းဖြင့် အချိန်ကုန်နေကြပြီး ချဲထီကြောင်း အိုးအိမ်ပေါင်ရသူ ရောင်းချ၍ တခြားနေရာကို ပြောင်းရွှေ့သွားရသူ အရေအတွက်မှာလည်း အများအပြား ရှိကြောင်း သိရှိရသည်။
“ ရခိုင်စီးပွားရေးက လယ်ယာလုပ်ငန်းနဲ့ ငါးလုပ်ငန်းပါ။ ရခိုင် လယ်သမားတွေ ကိုယ့်စပါး ကိုယ်ရောင်းချင်သလို ရောင်းလို့ မရဘူး။ စစ်တပ်က ထိန်းချုပ်ထားတယ်။ ရွာတောင်ပိုင်းကဆန် ရွာမြောက်ပိုင်းကို မပြောင်းရဘူး။ ပြောင်းရင် ဖမ်းတယ်။ ငါးလုပ်ငန်းမှာလည်း ပင်လယ်ပြင် လုပ်ကွက်တွေကို အပိုင်းလိုက် အပိုင်းလိုက် သတ်မှတ်ပြီး စီးပွားရေး သမားကြီးတွေနဲ့ နိုင်ငံခြားက ကုမ္ပဏီတွေကို လေလံပေးပြီး ရောင်းချထားတယ်။ ကျန်တဲ့လူ ငါးရှာရင် ငွေအမြောက်အမြား လေလံဆွဲထားတဲ့ သူတွေကို ပေးရတယ်။ တွက်ခြေမကိုက်ဘူး။ စားဝတ်နေရေး အဆင်မပြေဘူး။ ရှိတာလေးကို ပေါင်နှံစားတယ်။ နောက်ဆုံးကုန်တယ်။ အိမ်ကို ဘဏ်မှာ ပေါင်တယ်။ ပြန်မဆပ်နိုင်ဘူး။ နောက်ဆုံး ရောင်းတယ်။ ရန်ကုန်ပြောင်းတယ်။ မဟုတ်ရင် ကချင်ဖါးကန့်နဲ့ မိုးကုတ်ကိုသွားတယ်။ အလုပ် လုပ်တယ်။ ဟိုမှာလည်း အဆင်မပြေဘူး။ ရခိုင်တွေရဲ့ ဘ၀ ဘယ်သူက လာကယ်မှာလဲ၊ ” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။
အဓိကအားဖြင့် စစ်တွေမြို့တွင် နာမည်ကြီးရပ်ကွက်များ ဖြစ်သော မောလိပ်၊ အိုးတန်း၊ ကျေးပင်ကြီး၊ ညဈေး (လမ်းမကြီး)နှင့် ရပ်ကွက်အများအပြားတွင် ယခုအခါ အိမ်ရောင်းသူ အိမ်ပေါင်သူများ အထူးများပြားနေကြောင်း သိရှိရသည်။
အဆိုပါ စစ်တွေမြို့ရှိ တချို့နာမည်ကြီး ရပ်ကွက်များမှ မြေခြံ၊ အိမ်နှင့် တိုက်များကို ရောင်းချ၍ ဌာနေကို စွန့်ခွာ သွားနေကြရပုံကို စစ်တွေမြို့ သင်္ဘောဆိပ်ရပ်ကွက်မှ အမျိုးသမီးတဦးက နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။
“ စစ်တွေမြို့ အတိုင်းအတာနဲ့ ဆိုင်ရင် အများစု အိမ်တွေကတော့ ခြံဝင်း အကျယ်ကြီးတွေထဲမှာ အိမ်တွေကို ရှေ့ခေတ်က သစ်ကောင်း ၀ါးကောင်းတွေနဲ့ ဆောက် လုပ်ထားကြတာပါ၊ တိုက်တွေဆိုလည်း ကိုယ့်ဝင်းနဲ့ ကိုယ် ဆောက်တာသိပ်မကြာသေးပါဘူး။ အဲဒါတွေကို ကျပ်သိန်း ၃၀၀ ကနေ ၅၀၀ အထိ ဈေးတွေနဲ့ ရောင်းချနေတာ အများကြီးပါ။ ဈေးပေါပေါနဲ့ ရောင်းနေကြတော့ ပြည်မက ဗမာတွေလည်း ၀ယ်တယ်။ တရုတ်တွေလည်း ၀ယ်တယ်။ အိမ်ပိုင်ရှင်တွေကတော့ မရောင်းချင်ဘူး။ ဒါပေမဲ့ စီးပွားရေး အဆင်မပြေတဲ့ အပြင် အကြွေးတွေပါ များလာတော့ မရောင်းချင်လည်း ရောင်းချကြရတာပါဘဲ။ ”
၎င်းအပြင် စစ်တွေမြို့တွင် လူငယ်များ အကြား အလုပ် လက်မဲ့နုန်း အလွန်မြင့်တက်လာပြီး အများစု လူငယ်များမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အလောင်းကစား လုပ်ခြင်းး၊ ကျောင်းပညာရေးအား စွန့်ခွာခြင်း စသည့် အလုပ်များကိုသာ တနေ့ထက်တနေ့ လုပ်ကိုင်လာနေကြကြောင်း သိရှိရသည်။
ထိုကဲ့သို့ အခြေအနေများကြောင့် ယနေ့ရခိုင်ပြည်သူများမှာ မိမိဒေသကို စွန့်ခွာပြီး မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ တရုတ်နှင့် နောက်ဆုံး ဘင်္ဂလာဒေ့ခ်ျနိုင်ငံများသို့ တရား မ၀င် အလုပ် လုပ်ကိုင် ရန် ထွက်ခွာ သွားလာနေကြရခြင်း ဖြစ်သည်။
No comments:
Post a Comment