Wednesday, April 23, 2008

ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြသူ သေဆုံး

NEJ/ ၂၃ ဧပြီ ၂၀၀၈
ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်၌ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း၍ မီးရှို့ဆန္ဒပြခဲ့သူတဦး မီး လောင်ဒဏ်ရာဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူ၏ ပြောဆိုချက်ကို ကိုးကား
၍ အေပီသတင်း၌ ဖော်ပြသည်။

အသက် (၂၆) နှစ်အရွယ်ရှိ ကိုသော်ဇင်နိုင်သည် ခန္ဓာကိုယ်၏ (၆၀) ရာခိုင်နှုန်းကျော် မီးလောင် ကျွမ်းခံခဲ့ရပြီးရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံနေရာမှ ဧပြီ (၁၇) တွင် ကွယ်လွန်သွား ခြင်းဖြစ်သည်ဟု သိရသည်။

ကိုသော်ဇင်နိုင်သည် ဧရာဝတီတိုင်းအတွင်း နေထိုင်သူဖြစ်ပြီး မတ်လ (၂၁) ရက်၊ တပေါင်းလပြည့် နေ့ညက ဘုရားပေါ်၌ ကိုယ်ပေါ်ကို ဓာတ်ဆီလောင်းကာ ဖယောင်းတိုင်ဖြင့် မီးရှို့ခဲ့ကြောင်း မီးမရှို့မီ ၎င်းရင်ဆိုင်နေရသည့် စီးပွားရေးအကျပ်အတည်း ဒုက္ခများကို မကျေမနပ် ပြောကြားခဲ့ပြီး စစ်အစိုးရကျဆုံးပါစေဟု ဟစ်အော်ခဲ့ကြောင်း အေဂျင်စီသတင်းများတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသားတို့သည် စစ်အစိုးရအဆက်ဆက်ကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဆန္ဒပြလေ့ရှိသော် လည်း မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြသည့် ဖြစ်ရပ်သည် ရှားရှားပါးပါးဖြစ်သည်။

Source


No comments: