အေးလဲ့ | ဇူလိုင် ၄၊ ၂၀၀၈
ရန်ကုန်မြို့နှင့်နေပြည်တော်မှအပ မြန်မာနိုင်ငံတဝန်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များကို ယခုလ ၁ ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာ ဒေသရှိ ကညနရုံးတွင် တရားဝင်လိုင်စင်ပြုလုပ်ပေးလျှက်ရှိရာ မန္တလေးတိုင်း မန္တလေးမြို့တွင် လိုင်စင်ပြုလုပ်သူ လွန်စွာများပြားပြီး တာဝန်ကျ ရဲများက လာဘ်ငွေ ယူဆောင်မှုများရှိ နေကြောင်း သိရသည်။
လိုင်စင် ထုတ်ပေးရာ မန္တလေးမြို့ ရဲသိပ္ပံကွင်းရှိ ကညန ရုံးတွင် ဆိုင်ကယ်လိုင်စင်လုပ်သူများ တရက်ခန့်ကြို တင် တန်းစီစောင့်ကြရသည့်အတွက် အမြန်လုပ်ဆောင်လိုသူများကို ရဲများက လာဘ်ငွေယူ၍ ဦးစားပေး ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ဆိုင်ကယ်လိုင်စင် လုပ်ခဲ့သူ တဦးကပြောသည်။
“အရှေ့ကို အလှည့်ကျော် လုပ်ချင်ရင် ကျပ် ၅၀၀၀ က ၇၀၀၀ အထိ ပေးရတယ်၊ အဲဒါ လူတွေက မကျေနပ် လို့ ပြောနေကြတယ်”ဟု ၎င်းက ပြောသည်။
မန္တလေး၌ တရက်လျှင် ဆိုင်ကယ် အစီးရေ ၇၀၀ ခန့် သာ ထုတ်ပေးနိုင်ရာ အလှည့်ကျော် ခံရသူများ မကျေ မနပ်ဖြစ်နေကြောင်းလည်း သိရသည်။
ယင်း ဆိုင်ကယ်လိုင်စင်များကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်း ဇူလိုင်လဆန်း ၁ ရက်မှ စတင်၍ ပြုလုပ်ပေးနေရာ လိုင်စင်ကြေးကုန်ကျစရိတ်မှာ ဆိုင်ကယ် မော်ဒယ်လ် ပေါ်တွင်မူတည်၍ ကျပ် ၁ သိန်းမှ ၄ သိန်း အထိ ကုန်ကျကြောင်း မြို့ခံ ဆိုင်ကယ်ပစ္စည်း အရောင်းအဝယ်လုပ်သူ တဦးက ပြောသည်။
“တရက်တည်းနဲ့ အပြီးလုပ်ပေးတယ်၊ အခုအထိ အစီး ၆၀၀ ကျော်လောက်လုပ်ပြီးပြီလို့ သိရတယ်၊ ဒီဘက်က ယိုးဒယားဆိုင်ကယ် ပိုများတယ်၊ တရုတ်ဆိုင်ကယ်လည်း ဝင်တာပါပဲ” ဟု ၎င်းကပြောသည်။
မြဝတီမြို့တွင်လည်း သက်ဆိုင်ရာက ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးနေပြီး ကုန်ကျစရိတ် ကျပ် ၃ သိန်းနှင့် နာဂစ်မုန်တိုင်း ရန်ပုံငွေအတွက် ကျပ်၂ သောင်း ကိုပါ ပေးသွင်းရကြောင်း မြဝတီ ဒေသခံတဦးက ပြော သည်။ ယင်းထိုင်းနယ်စပ် မြဝတီမြို့မှ ဆိုင်ကယ်အများစုမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှ တင်သွင်းသည့် ဆိုင်ကယ်များဖြစ်ကြောင်း သိရသည်။
“လူတွေက ပိုက်ဆံကုန်ကျပေမယ့် သွားလုပ်ကြရတာပဲ၊ ဘာလို့လည်းဆိုတော့ လူတိုင်းက သူတို့ကိုယ်ပိုင် တရားဝင် ပိုင်ဆိုင်မှုဖြစ်ချင်ကြတယ် မဟုတ်လား” ဟု ၎င်းက ပြောသည်။
ထိုင်း မြန်မာနယ်စပ် တာချီလိတ်မြို့တွင်မူ ယမန်နေ့က စတင်၍ ဆိုင်ကယ် လိုင်စင်များ ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တဦးကပြောသည်။
“မနေ့က စပြီး ဆိုင်ကယ်လိုင်စင်တွေ လုပ်ပေးနေတယ်၊ အရင်ဆုံးရပ်ကွက်ရုံးကို သွားရတယ်၊ ပြီးတော့မှ ကညန ရုံးကိုသွားလုပ်ရတာ၊ ဆိုင်ကယ်တစီးကို နာဂစ် ရန်ပုံငွေအတွက် ကျပ် ၃ သောင်းအပါအဝင် ၂ သိန်း လောက် ကုန်ကျတယ်”ဟု ၎င်းက ပြောပြသည်။
မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ နေ့စဉ် တရားမဝင် ဆိုင်ကယ် အစီး ၅၀ ခန့် ဝင်ရောက်မှု ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ယင်းသို့ ဆိုင်ကယ်လိုင်စဉ်များပြုလုပ်ပေးပြီဟူသော သတင်းကြောင့် လိုင်စင်မလုပ်မီကပင် ဆိုင်ကယ်တန်ဖိုး များမြင့်တက်သွားပြီး အဝယ်လိုက်နေကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေး အသိုင်းအဝန်းမှ သိရသည်။
“တရုတ်ဆိုင်ကယ်ဆိုရင် အရင်ကအများဆုံးပေါက်ဈေးက ကျပ် ၆ သိန်း၊ အခုဆိုရင် ၈ သိန်း အထိရှိတယ်၊ ယိုးဒယား ဆိုင်ကယ်ဆိုရင်လည်း အရင်က ကျပ်၂၁ သိန်း အခုဆိုရင် ၂၆ သိန်းအထိဖြစ်သွားတယ်၊ ယိုးဒယား ဆိုင်ကယ် လိုင်စင်ကြေးက ၂၀၀၈ မော်ဒယ်လ်ကို ကျပ် ၄ သိန်းအထိရှိတယ်၊ တရုတ်ဆိုင်ကယ် ၂၀၀၈ မော်ဒယ်လ် ကတော့ ၁ သိန်း ၇ သောင်း ရှိတယ်”ဟု တောင်ကြီးမြို့ရှိ ဆိုင်ကယ်ရောင်းဝယ်ရေး သမား တဦးကပြောသည်။
လိုင်စင်မဲ့ ဆိုင်ကယ်ပိုင်ရှင်များသည် အကောက်ခွန်ကြေး၊ လိုင်စင်ကြေး၊ အာမခံကြေး၊ ပြည်တွင်းသွင်းခွန်၊ စသည်တို့ကို ကညနရုံး (ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့်ညွန်ကြားမှုဦးစီးဌာန) သို့ပေးသွင်း ရမည်ဖြစ်ပြီး တမြို့နှင့်တမြို့ကုန်ကျစရိတ်မတူညီ ဟု ဆိုသည်။
တခြားသော မွန်ပြည်နယ် မော်လမြိုင်မြို့၊ ဗန်းမော်မြို့များတွင်လည်း လိုင်စင်မဲ့ ဆိုင်ကယ်များ ကို လိုင်စင်ပြု လုပ်ပေးနေကြောင်း သိရသည်။
တချိန်တည်းတွင် ရန်ကုန်မြို့တွင်း၌ ဆိုင်ကယ်စီးခွင့်ပြုထားသူများမှာ ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ပြီး ၎င်းတို့အနေနှင့် ဇွန်လ ကုန်ပိုင်းမှစတင်၍ ဓာတ်ပုံနှင့်အတူ သက်ဆိုင်ရာဌာနများကို ဖော်ပြထားသည့် လည်ဆွဲကတ်ပြားများ ချိတ်ဆွဲ စီးနင်းရမည်ဖြစ်သည်ဟု ရန်ကုန်တိုင်း ယာဉ်ထိမ်း ရဲတပ်ဖွဲ့မှူး ရုံးမှ ကြေညာ ချက်ထုတ်ပြန်ထားကြောင်း နောက်ဆုံး ထုတ် Weekly eleven ဂျာနယ်တွင် ဖော်ပြထားသည်။
၂၀၀၄ ခုနှစ် က တရားဝင်လိုင်စင် ချပေးသည့် ဆိုင်ကယ်စီးရေ စုစုပေါင်း ၄ သိန်း ခြောက်သောင်း ရှိပြီး ယခု ဒုတိယအကြိမ်ချပေးခြင်းဖြစ်ရာ တရားမဝင် ဆိုင်ကယ်အစီးရေစုစုပေါင်း ၅သိန်းခန့်ရှိကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်း တပ်ဖွဲ့ရုံး စာရင်းအရသိရသည်။
ယခင်က နယ်စပ်ဒေသများမှ ပြည်တွင်းသို့ တရားမဝင် တင်သွင်းသည့် ဆိုင်ကယ်များကို အစိုးရက ပိတ်ပင်ထားသော်လည်း နည်းအမျိုးမျိုးဖြင့် တင်သွင်းနေခဲ့ကြကြောင်း ဆိုင်ကယ် ရောင်းဝယ်ရေး အသိုင်းအဝန်း က ပြောသည်။
Source
No comments:
Post a Comment