
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ နအဖ အာဏာပိုင်များက သိန်း ၇၀၀ တန်ဖိုးရှိ ဆန် ၊ ဆီ၊ ဆား များကို များမကြာမီက လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လှူဒါန်းမှုအား နအဖ စစ်အာဏာပိုင်များကိုယ်စား အနောက်ပိုင်းတိုင်း တိုင်းမှူးအသစ် ဗိုလ်ချုပ် သောင်းအေးမှ ဇူလှိုင်လ ၁၁ ရက်နေ့က လောကာနန္ဒာ စေတီတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆန်လှူဒါန်းပွဲသို့ ကျောင်းထိုင် ဆရာတော် စုစုပေါင်း ၁၁၀ တက်ရောက်ခဲ့ပြီးတိုင်းမှူး လှူဒါန်းခဲ့သော ပစ္စည်းများကို လက်ခံ ယူခဲ့ကြောင်း သိရှိရသည်။
အမည်မဖေါ်လိုသူ တဦးအပြောအရ ပုသိမ်ကျောင်းမှ ဆန်အိတ် ၁၇၀ လက်ခံရရှိခဲ့ပြီး မြို့မကျောင်းမှ ဆန်အိတ် ၁၀၀ ကျော်ရရှိခဲ့ ကြောင်း ပြောသည်။
သို့သော်လည်း စစ်တွေ ဇောတိကာရုံ ကျောင်းမှ အဆိုပါ စစ်အစိုးရမှ လှူဒါန်းသော ဆန်နှင့် တခြားရိက္ခာများကို လက်မခံကြောင်း သိရှိရသည်။
နအဖ စစ်အာဏာပိုင်များက အဆိုပါ စားနပ်ရိက္ခာများကို မိုးတွင်းကာလတွင် ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းအခက်အခဲ မရှိစေရန် ရည်ရွယ်ပြီး လှူဒါန်းသော်လည်း စစ်တွေလူထုကမူ နောက်ထပ် ဆန္ဒပြပွဲများတွင် ဘုန်းတော်ကြီးများ မပါဝင်စေရန် စည်းရုံးသည့်အနေဖြင့် စစ်အာဏာပိုင်များက လှူဒါန်းခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည်။
လှူဒါန်းသည့် ဆန်များထဲတွင် ဧရာဝတီ ပေါ်ဆန်းမွှေးဟု အမည်ရသည့် ရေနစ် အ၀ါရောင် အညံ့စားဆန်များလည်း ပါဝင်သည့်အတွက် တချို့ ဘုန်းတော်ကြီးကျောင်းများ အနေဖြင့် ဆင်းရဲသူ ဆင်းရဲသားများကို ပြန်လည် လှူဒါန်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဆန်လှူဒါန်းရာတွင်လည်း ဘုန်းတော်ကြီးကျောင်းတကျောင်းနှင့် တကျောင်းအကြား ခွဲဝေမှုအညီအမျှမရှိ၍ မပြေလည်မှုများ ဖြစ်ပေါ်နေသည်ဟု အမည်မဖေါ်လိုသူ စစ်တွေမြို့က ကျောင်းဆရာ တဦးက ပြောသည်။
Source
No comments:
Post a Comment