နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော ဒုက္ခသည်ပြည်သူများအား လှူဒါန်းရန်အတွက် မြန်မာ ကာတွန်းဆရာများ စုပေါင်းပြုလုပ်သည့် ကာတွန်းပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပန်းဆိုးတန်း လောကနတ် အနုပညာခန်းမတွင် ကျင်းပရာ ကာတွန်းဆရာ ၇၀ ကျော်၏ ကာတွန်း လက်ရာပေါင်း ၄၀၀ နီးပါး ပြသခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နာဂစ်ဆိုင်ကလုန်းကြောင့် ကွယ်လွန်ခဲ့သော ပြည်သူများအား ရည်စူး၍ ဝမ်းနည်းသည့် အထိမ်းအမှတ် အဖြစ် တမိနစ်ငြိမ်သက်စွာ နေခြင်းဖြင့် အစပြုပြီး ပြပွဲစီစဉ်သူ အီကိုဗီးရှင်းဂျာနယ် အယ်ဒီတာချုပ် ကာတွန်းဝင်းအောင်က အဖွင့်စကား ပြောကြားခဲ့သည်ဟု သိရသည်။

“ဒီပြပွဲကိုလုပ်တာ ကာတွန်းဆရာတွေလည်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံရတဲ့ ပြည်သူတွေကို ပါဝင်ကူညီချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ လုပ်တာဖြစ်တဲ့အတွက် ကိုယ့်အတ္တကို လျှော့ရတဲ့ အနေအထားတွေ ရှိပါတယ်။ ဘယ်သူတော်တယ်၊ ဘယ်သူညံ့တယ် ဆိုတာ ပြောရမယ့် ကာလ မဟုတ်ဘူးလို့ထင်ပါတယ်။ တချို့ကာတွန်းဆရာကြီးတွေဆို သေသေချာချာ ဖိတ်ရဲ့သားနဲ့လုံးဝ မပါဝင်တာတွေ့ရတော့ စိတ်မကောင်းဘူးဗျာ” ဟု ကာတွန်းအော်ပီကျယ်က ဧရာဝတီသို့ ပြောပြသည်။
ပြပွဲတွင် ကတ်တလောက်စာအုပ်များအစား ပြပွဲ အမှတ်တံဆိပ်ပါ ဗလာစာအုပ်ငယ် တအုပ်လျင် ကျပ် ၂၀၀ နှင့် လည်းကောင်း၊ ပြပွဲ အမှတ်တံဆိပ်ပါ တီရှပ်တထည်လျင် ကျပ် ၅၀၀၀ ဖြင့်လည်းကောင်း ရောင်းချလျက်ရှိသည်ဟု သိရသည်။

“ဒီနေ့တနေ့တည်းကို ကာတွန်း ၇ ကား ရောင်းလိုက်ရတယ်။ ၅ ရက် ပြမှာပါ။ ပထမတရက်တည်း မှာပဲ ကျပ် ၅ သိန်းဖိုးလောက် ရောင်း လိုက်ရတယ်ဆိုတော့ အောင်မြင်တယ်လို့ ဆိုရမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
လူငယ် ကာတွန်းဆရာတချို့၏ ကာတွန်းလက်ရာ ၆ ကားခန့်ကိုသာ စိစစ်ရေးက ပယ်ခဲ့ပြီး ကျန်ကာတွန်းကားများကို ပြသခွင့်ပေးခဲ့သည်ဟု သိရသည်။
No comments:
Post a Comment