Friday, July 4, 2008

တိုက်ပွဲကြောင့် ရွာသူကြီးနှင့်ဇနီး ဓါးစာခံအဖြစ် အဖမ်းခံရ

သျှမ်းသံတော်ဆင့်

ကွန်ဟိန်းမြို့နယ် ၀မ့်ဝိန်းဖွီးအနီး ဖြစ်ပွါးခဲ့သော နအဖစစ်ကြောင်းနှင့် သျှမ်းပြည်တပ်မတော် စစ်ကြောင်းတို့၏ တိုက်ပွဲကြောင့် ၀မ့်ဝိန်းဖွီးရွာသူကြီး မိသားစု အဖမ်းခံရပြီး ၀က်သား ၂၅ ပိသာဖိုးနှင့် လဲလှယ်ခိုင်းခြင်း ခံရကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က SSA တပ်နှင့် တိုက်ပွဲဖြစ်ပွါးခဲ့သော နအဖစစ်တပ်မှာ ကွန်ဟိန်း အခြေစိုက် ခမရ ၅၂၄ တပ်ဖြစ်သည်ဟု ကွန်ဟိန်း ဒေသခံတစ်ဦးက ပြောပြသည်။

“မနက် ၄ နာရီ မိုးမလင်းခင်က တိုက်ပွဲဖြစ်တာ။ နာရီဝက်လောက်ကြာတယ်။ ကွန်ဟိန်းမြို့နယ် ကာလိအုပ်စု ကွန်ဟိန်း-တာ့ကော့် ကားလမ်း တောင်ဘက် ၀မ့်ဝိန်းဖွီးရွာနားမှာ ဖြစ်တာ။ တိုက်ပွဲပြီးတာနဲ့ ၀မ့်ဝိန်းဖွီးရွာသူကြီး လုံးလုံ (အသက် ၆၂ နှစ်) နဲ့ ဇနီး ပါ့ဇမ်(အသက် ၆၀ နှစ်) ကို ကာလိ နအဖတပ်စခန်းအထိ ဖမ်းခေါ်သွားတယ်။ လမ်းမှာ သျှမ်းသူပုန်အဖွဲ့တွေ လိုက်မပစ်အောင် ဓါးစာခံအဖြစ် ခေါ်သွားတဲ့ သဘောဘဲ။ ရိုက်နှက်တာတွေတော့ မရှိဘူးတဲ့။ ဒါပေမဲ့ ၀က်သား ၂၅ ပိသာ တပ်ကိုလာပို့ပေးရင် ရွာသူကြီးကို ပြန်လွတ်ပေးမယ်တဲ့။ ၀က်သားတော့ ပို့လိုက်ပြီ ဆိုဘဲ။ ရွာသူကြီးတော့ ရွာပြန်မရောက်သေးဘူး တဲ့” ဟု ကာလိဒေသခံ လယ်သမားတစ်ဦးကလည်း ပြောပြသည်။

ထိုဒေသတစ်ဝိုက် လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော်တပ်ဖွဲ့မှာ ဗိုလ်ကြီးစိုင်းယွေး ဦးဆောင်သော တပ်ဖွဲ့တစ်ဖွဲ့သာရှိပြီး ထိုစစ်ကြောင်း ဟုတ်မဟုတ် အတိအကျ မသိရသေးကြောင်း။ နှစ်ဘက်စလုံး၏ ထိခိုက်ရှနာ အသေအပျောက်ကိုလည်း မကြားသိရသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် (တောင်ကြီး- ကျိုင်းတုံကားလမ်း) တစ်ဝိုက်တွင် နအဖစစ်ကြောင်းနှင့် SSA တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွါးလေ့ရှိသည်။ နအဖဒေသခံတပ်မှာ ကွန်ဟိန်း အခြေစိုက် ခလရ ၂၄၆ နှင့် ခမရ ၅၂၄ တို့ဖြစ်ပြီး SSA တပ်ဖွဲ့မှာ ကွန်ခါ - ကွန်ခုံးဒေသ အခြေစိုက် လှုပ်ရှားသော ဗိုလ်ကြီးစိုင်းယွေး ဦးဆောင်သည့် စစ်ကြောင်းတို့ ဖြစ်ကြသည်။

Source

No comments: