ကျော်စွာမိုး/မဲဆောက်
နှလုံးသားရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ခဲ့ကြသည့် ချစ်သူနှစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ် ဖြစ်ပါသည်။ နိုင်ငံ့အရေးကို ရှေ့တန်းတင်လှုပ်ရှားခဲ့သောကြောင့်လည်း တဦးကထောင်ထဲ၊ တဦးက စစ်အစိုးရ၏ ရန်မှ လွတ်ကင်းရာပြည်ပ တွင်…။ အဝေးကြီး ဝေးနေကြရသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ ခိုင်မြဲစွာ ချစ်နေကြဆဲပင်။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ အချင်းချင်း မေတ္တာမျှမိလျင် ဖြစ်တတ်သည့် ဇာတ်လမ်းများထဲမှ ဇာတ်လမ်းတပုဒ်ဟု ဆိုရပေလိမ့်မည်။ ချစ်သူများမှာ နိုင်ငံ၏ အကြောင်းမလှသော အခြေအနေ၌ ထောင်သွင်းအကျဉ်းချခံရ၍ ဖြစ်စေ၊ ပြည်ပသို့ ထွက်ပြေးကြရ၍ ဖြစ်စေ ၀မ်းနည်းကြေကွဲဖွယ် မဆုံဆည်းနိုင်ကြရပေ။
အံ့သြစရာမှာ သူတို့၏ အချစ်က အလွန်ခိုင်မြဲပြီး သူတို့၏ ဘ၀များအတွင်း နက်ရှိုင်းစွာ နေရာယူ ထားသည့် အချက်ပင် ဖြစ်၏။
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က သူတို့၏ ချစ်သူ သက်တမ်း တနှစ်ပြည့်ခဲ့သည်။ အဲဒီနေ့ကပင် ကိုတင်အေးက မနိုဘယ်အေးကို “ကိုယ့်ကို တကယ်ချစ်ရဲ့လား ” ဟု မေးခဲ့ရာ “ချစ်တာပေါ့” ဟု ရှက်ရွံ့စွာ ပြုံး၍ ပြန်ဖြေခဲ့သေးသည်။
၎င်းအဖြေစကားလေးက သူ့ဘဝ အတွက် ယခုထိ စွဲထင်ကျန်ရစ်မည့် ချိုမြိန်ဖွယ် အမှတ်တရ တခု ဖြစ်လာလိမ့်မည်ဟု ထိုစဉ်ကတော့ သတိမပြုမိခဲ့သေး။ သို့သော်လည်း ထိုစကားလေးမှာ ကိုတင်အေး နောက်ဆုံး ကြားခဲ့ရသည့် ချစ်သူ၏ အသံလေး ဖြစ်သွားခဲ့သည်။
နောက်တနေ့တွင် မနိုဘယ်အေး၏ အိမ်ကို စစ်အာဏာပိုင်များ ၀င်ရောက်စီးနင်းရှာဖွေခဲ့ပြီး သူ့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တော့သည်။
ကိုတင်အေးမှာ ရန်ကုန်တွင် လအနည်းငယ်ကြာ ဆက်နေသေးသော်လည်း ပြည်တွင်းတွင် နိုင်ငံရေး ဆက်လက် လှုပ်ရှားရန် အန္တရာယ်အလွန်ကြီးကြောင်း သဘောပေါက်လာသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားတော့မည်ဟု ဆုံးဖြတ်ချက် ချခဲ့ရတော့သည်။
ကိုတင်အေးကော အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ချစ်သူ မနိုဘယ်အေး (ခေါ်) မနှင်းမေအောင် ပါ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ခိုင်ခိုင်မာမာ သံန္နိဌာန်ထားရှိသူများ ဖြစ်ကြပြီး သူတို့ နှစ်ဦး၏ အချစ်ရေးထက်ပင် ပို၍ လေးနက်စွာ ရှေ့တန်းတင် ထားသူများ ဖြစ်ကြသည်။
မနိုဘယ်အေးမှာ ၁၉၉၈ ခုနှစ်တွင် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ထောင်အတော်များများ သို့ ပြောင်းရွှေ့ ထိန်းသိမ်းထားခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် နိုင်ငံရေး လှုပ်ရှားမှုများ တက်ကြွစွာ လုပ်ဆောင်နေသောကြောင့် သူ့အမေပါ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။
ကိုတင်အေးက ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ပေးခံရသည်။ အင်းစိန်ထောင်တွင် ထောင်ကျနေစဉ် ပထမနှစ်တွင်ပင် ယခင်သူ၏ ရည်းစားဟောင်းက အဆက်ဖြတ်သွားခဲ့ တော့သည်။ “ကျနော်တို့ ဘ၀တွေကတော့ ဒီလိုပါပဲဗျာ” ဟု ကိုတင်အေးက ပြောပြသည်။ ထောင်ထဲတွင်သူ ၁၆ နှစ်တာ နေခဲ့ရ၏။
မနိုဘယ်အေးကော ကိုတင်အေးပါ ၂၀၀၅ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာကြသည်။ နောက်တနှစ်တွင် သူတို့ နှစ်ဦးစလုံး ရန်ကုန်ရှိ မဂ္ဂဇင်းတိုက်တခုတွင် အယ်ဒီတာအဖွဲ့ဝင်များအဖြစ် ဝင်ရောက် လုပ်ကိုင်ကြရင်း စတင် ဆုံတွေ့ခဲ့ကြသည်။ မနိုဘယ်အေးမှာ ထိုအချိန်က ဒဂုံတက္ကသိုလ်တွင် ရူပဗေဒဘာသာရပ်ကို သင်ယူလေ့လာနေသည့် ကျောင်းသူဖြစ်သည်။
သူတို့နှစ်ဦး၏ နိုင်ငံရေးခံယူချက်၊ လှုပ်ရှားမှုအတွင်း အတွေ့အကြုံများနှင့် ထောင်တွင်းအတွေ့အကြုံများ ကြောင့် အချိန်အနည်းငယ်အတွင်း ပို၍ နီးစပ်လာခဲ့သည်။ တဦးနှင့် တဦး နှစ်နှစ်ကာကာ စုံမက်မိကြ ခြင်းမှာလည်း တဦး အပေါ်တဦး အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှုတို့ကြောင့် ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။
သူတို့ချစ်ခြင်းကို ခွဲနိုင်သည့် တခုတည်းသောအရာမှာ စစ်အစိုးရသာ ဖြစ်ပြီး ဆက်လက်၍ စစ်အစိုးရကို သူတို့ နှစ်ဦးစလုံး ဆန့်ကျင်အတိုက်အခံပြုနေကြဆဲဖြစ်သည်။
ကိုတင်အေးက “သူ့ကိုချစ်မိတာကြောင့်တော့ သူ့ရဲ့ နိုင်ငံရေးကိစ္စကို အနှောင့် အယှက် မဖြစ်စေရဘူး။ ပြီးတော့ ကျနော့်အတွက်လည်း တိုင်းပြည်အရေးနဲ့ ယှဉ်လာရင် သူက ဒုတိယဖြစ်မှာပဲဆိုတာ တခါက သူ့ကိုပြောဖူးတယ်” ဟု ပြန်ပြောင်းပြောပြခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ တံခါးကို လာခေါက်နေပြီ။ ဖမ်းဆီးခံခဲ့ရပြီ။ နောက်တော့ မနိုဘယ်အေးကို စစ်အာဏာပိုင်များက အင်းစိန်ထောင်တွင် ချုပ်နှောင်ထားလိုက်ကြသည်။ သူတို့ချစ်သူ နှစ်ဦး မည်မျှကြာရှည် ခွဲခွာကြရမည်မသိ။ မနိုဘယ်အေးကို ယခုတိုင် ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးဘဲ ချုပ်နှောင်ထားဆဲ ဖြစ်သည်။
ကိုတင်အေးက မနိုဘယ်အေးအတွက် ဂုဏ်ယူသည်ဟု ပြောသည်။ တိုင်းပြည်အတွက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းရင်း ယခုကဲ့သို့ ချုပ်နှောင်ခံခဲ့ရသည့်အတွက် သူဂုဏ်ယူသည်။ သူတို့ ရန်ကုန်တွင် ရှိနေကြစဉ် အတွင်း မနိုဘယ်အေးက ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အင်အားစုတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ယခုအခါ ကိုမင်းကိုနိုင်လည်း အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံနေရဆဲ ဖြစ်၏။ ၂၀၀၇ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရက လောင်စာဆီဈေးများ ရုတ်ချည်း မတန်တဆ မြှင့်တင်လိုက်ပြီး နောက်ပိုင်း ၈၈ ကျောင်းသားများအုပ်စုက လမ်းပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်း ဤလှုပ် ရှားမှုကြောင့်ပင် သံဃာများဦးဆောင်သည့် စက်တင်ဘာဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရသည်။
ဤကျောင်းသားအဖွဲ့ဝင်များမှာ ယခင်နှစ် သြဂုတ်လအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကျန်ရှိသူများ မှာလည်း ထိုအချိန်မှစ၍ လျှို့ဝှက်ပုန်းအောင်း နေထိုင်ရင်း မြေအောက်နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေကြသည်။
ကိုတင်အေးနှင့် မနိုဘယ်အေးတို့၏ ချစ်ဇာတ်လမ်းမျိုးကို စစ်အာဏာရှင် လက်အောက်တွင် နိုင်ငံရေးလှုပ်ရှား နေကြရသူတိုင်း ကြုံတွေ့နိုင်ကြသည်။ လက်ထပ်ထားသူ အိမ်ထောင်ရှင် တက်ကြွလှုပ်ရှားသူများ၊ ချစ်သူများ မှာ ချစ်လျှက်နှင့် ကွေကွင်းကြရသည်။ စစ်တပ်အာဏာသိမ်းချိန် ၁၉၈၈ ခုနှစ်မှ စ၍ ထိုဇာတ်လမ်းမျိုးပေါင်း များစွာ ရှိခဲ့ပါသည်။
လွန်ခဲ့သည့် နှစ် ၂၀ အတွင်းက ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ထိုသူများ အားလုံးနီးပါးလိုလို ကွေကွင်းခဲ့ကြရသည့် ဇာတ်လမ်းများ ရှိနေနိုင်ပါသည်။ ချစ်သူချင်း၊ မိဘနှင့် သားသမီး၊ ဇနီး ခင်ပွန်း စသဖြင့် ချစ်သောသူများနှင့် ကွေကွင်းခဲ့ရမှုများ ကြုံတွေ့ခံစားခဲ့ကြရပေလိမ့်မည်။
ယခုဖြစ်ရပ်ကတော့ နိုင်ငံရေးလှုပ်ရှားသူဖခင်နှင့် ကွေကွင်းပြီး ကြီးပြင်းလာခဲ့ရသည့် သမီးတဦး၏ ဇာတ်လမ်း ဖြစ်သည်။ သမီးငယ်မှာ ဖခင်ဖြစ်သူ အင်းစိန်ထောင်အတွင်း နှစ်ရှည် အကျဉ်းချခံထားရစဉ် ဖခင်မဲ့ဘဝဖြင့် ကြီးပြင်းခဲ့ရသည်။
ကိုတင်အေး၏ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သည့် ကိုနေ၀င်းမှာ ကိုတင်အေးအပါအ၀င် တခြားသော နိုင်ငံရေးသမား ၂၀၀ ခန့်နှင့်အတူ ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ကိုနေ၀င်း ဖမ်းဆီးခံရစဉ်၌ အသက် ၈ လသာရှိသည့် သမီးငယ်ကလေးကို အပြင်တွင် ချန်ထားခဲ့ရသည်။ သူက ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခံရသော်လည်း ၁၅ နှစ်ကြာ အကျဉ်းချခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။
တိရစ္ဆာန်ဆေးကုဆရာဝန်တဦးဖြစ်သူ ကိုနေ၀င်းကို ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် တဖန်ထပ်မံ ဖမ်းဆီးခဲ့ပြန်သည်။ သူ့ကို ပထမအကြိမ် ဖမ်းဆီးစဉ်က အသက် ၈ လသာရှိသေးပြီး ယခုအခါ အသက် ၂၀ အရွယ်ရှိနေကာ ရန်ကုန် အစိုးရနည်းပညာကောလိပ်၌ ပညာသင်ကြားနေသည့် သမီး မနှင်းပွင့်ဝေလည်း သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။
အဖေတူသမီးဟုဆိုရမည့် မနှင်းပွင့်ဝေသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဆက် စပ်၍ လှုပ်ရှားမှုများဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍ လျှို့ဝှက် လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ သံဃာ များဦးဆောင်သည့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာဆန္ဒပြပွဲများ ကာလက မနှင်းပွင့်ဝေသည် ၎င်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်နေခဲ့သည်။
ယခုအချိန်တွင်တော့ ဖခင်ရော၊ သမီးပါ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသည်။
ယခုဖော်ပြခဲ့သည်မှာ မြန်မာနိုင်ငံမှ ကြေကွဲဖွယ် ချစ်ခြင်းမေတ္တာနှင့် ကွေကွင်းဆုံးရှုံးရခြင်းဆိုင်ရာ ဖြစ်ရပ် ၂ ခုသာ ဖြစ်သည်။
နိုင်ငံကို ချစ်ကြသည်။ ဤနိုင်ငံကိုပင် ဆုံးရှုံးကြရသည်။ ယောက်ျားတဦး၊ သို့မဟုတ် မိန်းမတဦးကို ချစ်ကြ သည်။ ၎င်းယောက်ျား၊ ၎င်းမိန်းမကိုပင် ကွေကွင်းဆုံးရှုံးကြရပြန်သည်။
ဤဖြစ်ရပ်များကြောင့် ပျော်ရွှင်မှု၊ ၀မ်းနည်းပူဆွေးမှုတို့ ဖြစ်ပေါ်ခံစားကြရပြီး မျက်ရည်များလည်း ဝေခဲ့ ကြရသည်။
“ကျနော် နိုဘယ်နဲ့ နောက်တကြိမ် ဘယ်တော့ တွေ့နိုင်မယ်ဆိုတာ မပြောနိုင်ဘူးဗျာ” ဟု ကိုတင်အေးက ပြောသည်။ “ဒါပေမယ့် သေချာတာတခုက သူ ဘယ်လောက်ကြာအောင် ထောင်ထဲမှာနေရပါစေ။ ကျနော်စောင့်မယ်။ ဒါ ကျနော့်ရဲ့သံမဏိသစ္စာပဲ”
Source
No comments:
Post a Comment