Thursday, July 3, 2008

နအဖ စစ်သားအချင်းချင်း ပစ်သတ်ပြီး ရွာသားအပေါ်အပြစ်ပုံချ

Mizzima News

နအဖကင်းလှည့်စစ်သားများ လယ်ကွင်းထဲ အချင်းချင်း ခိုက်ရန် စကားများ၍ ၎င်းတို့၏ အထက်အရာရှိကို ပစ်သတ်ရာမှ အနီးတစ်ဝိုက် ဒေသခံရွာသားများ ဖမ်းဆီးရိုက်နှက် စစ်ဆေးမေးမြန်း ခံရပြီး၊ အဖမ်းခံရသူ ရွာသား ၁၀ ယောက်အနက် တစ်ချို့တ၀က် ပြန်လည် လွတ်မြောက်လာသော်လည်း တချို့မှာ ပျောက်ဆုံးနေသည် ဟု သျှမ်းပြည်တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။


သျှမ်းပြည်တောင်ပိုင်း မိုင်းပန်အခြေစိုက် အထက်အရာရှိ တစ်ယောက်ကို မည်သူသတ်မှန်း မသိသော်လည်း စစ်ကြောင်းထွက်စဉ် ခိုက်ရန်စကားများကြပြီး အချင်းချင်း ပစ်သတ်ကြခြင်းဖြစ်သည်ဟု စစ်သားများအသိုင်းအ၀ိုင်းက သတင်းထွက်ပေါ်နေသည် ဟု ဆို၏။

“မိုင်းပန်မြို့နယ် မြို့သစ်ရပ်ကွက် အနောက်မြောက်ဘက် ၂ မိုင် ၃ မိုင် လောက်အကွာ လုံကျိန်ရွာသား စိုင်းနိရဲ့လယ်ကွက်ထဲမှာ ပစ်သတ်ကြတာ။ သက်ဆိုင်ရာက သွားစစ်ဆေးတော့ ဗမာစစ်သားတွေရဲ့ ကျည်ခွံဘဲတွေ့ရတယ်။ လယ်ပိုင်ရှင်ကို ဖမ်းဆီးရိုက်နှက် တာကတော့ သက်သက် အပြစ်ပုံချတာ”။

“ဖမ်းသွားတဲ့ ၁၀ ယောက်က စိုင်းနိ (အသက် ၃၀)၊ သူ့မိန်းမ နန်းပွဲ(အသက် ၃၀ )နဲ့ အသက် ၁၀ နှစ်လောက် ရှိတဲ့ သူ့ကလေး၊ စိုင်းမတ် (အသက် ၂၀ ကျော်)၊ စိုင်းကုံနပေါက် (အသက် ၃၀)၊ စိုင်းကုံနယောင်း ( အသက် ၃၀ ကျော်)၊ လုံးတန်းဆာ၊ စိုင်းတုန်း (၃၅ နှစ်ကျော်)၊ စိုင်းစိန္န (၄၀ ကျော်)၊ ပီကြာ(အသက် ၄၀ ကျော်) ဒီလူတွေ တချို့က လုံကျိန်ရွာသား၊ တချို့လုံကျိန်ရွာနားက ကုန်းကျိုင်း အုပ်စုရွာသား” ဟု မိုင်းပန်ဒေသခံ ကုန်သည်တစ်ဦးက ပြောပြသည်။

စိုင်းနိ၊ စိုင်းမတ်နှင့် စိုင်းတန်းတို့ ၃ ယောက်အား တောထဲ မြစ်ချောင်းတစ်နေရာ၌ ငါးသွားမျှားနေစဉ် နအဖစစ်ကြောင်း ဖမ်းဆီးခြင်း ခံရသည်ဟု ဆို၏။ မိမိလယ်၌ အခင်းဖြစ်ပွါးနေသည်ကို မသိသော စိုင်းနိအဖို့ ၎င်း၏အိမ်သို့ နအဖစစ်ကြောင်း ၀င်ရောက်မွှေနှောက်ရာ ယခင်အစိုးရ၀န်ထမ်း အလုပ်လုပ်စဉ်က သျှမ်းသူပုန်ဟု စွပ်စွဲခံရသော လူတစ်ယောက်နှင့် တွဲရိုက်ထားသည့် ဓါတ်ပုံကို နအဖ စစ်သားများတွေ့မိ သဖြင့် ၎င်းအပေါ်သံသယ ပိုရှိလာသည်ဟု အဆိုပါ မိုင်းပန်ကုန်သည်က ပြောပြသည်။

စိုင်းနိမိန်းမနှင့် ကလေးအပါအ၀င် စုစုပေါင်း လူ ၅ ယောက်ကို ပြန်လွတ်ပေးသော်လည်း ကျန်ရွာသားများ၏သတင်း အစအန မကြားသိရကြောင်း၊ ဆွေမျိုးများနှင့်လည်း တွေ့ခွင့်မပေးကြောင်း အဖမ်းခံရသူတစ်ဦး၏ ဆွေမျိုးများက ပြောပြကြသည်။

အဖမ်းခံသူများအနက် စိုင်းနိတို့ သားအဖ အများဆုံး အရိုက်ခံရပြီး ကလေးမှာသွားများ ကျိုးသည်အထိ အရိုက်ခံရသည်ဟု ဆို၏။ ပြန်လွတ်လာသူမှာလည်း တစ်နေ့တစ်ခေါက် စစ်တပ်သို့ သွားသတင်းပို့ရသည်ဟုလည်း ဆိုပါသည်။

အခင်းဖြစ်ပွါးရာ လုံကျိန်ရွာတွင် ယခင်က အိမ်ခြေ ၆၀ ခန့်ရှိသော်လည်း ယခုနောက်ပိုင်း နအဖစစ်တပ်၏ စစ်ကြောင်းလှည့် စစ်ဆေးမေးမြန်းမှု၊ အဆမတန် အဓမ္မလုပ်အားခိုင်းစေမှု၊ ရိက္ခာဆင့်ဆိုမှုတို့ကြောင့် မြို့ပေါ်တက်သူတက်၊ ထိုင်းသို့ ထွက်ပြေးသူပြေး၊ ငွေကြေး မတတ်နိုင်သူ အနည်းငယ်သာ ရွာ၌ကျန်ခဲ့သည်ဟု ဆိုပါသည်။

မိုင်းပန်အခြေစိုက် နအဖစစ်တပ်မှာ စကခ ၁၇ ဌာနချုပ်၊ ခမရ ၅၉၈၊ ခမရ ၅၇၇၊ ခမရ ၃၃၂၊ ခမရ ၅၂၀ နှင့် ခမရ ၅၁၇ တို့ဖြစ်ကြသည်။

No comments: