ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်း (၅) နှစ်ပြည့်ချိန်တွင် ပြန်မလွှတ် ပေးဘဲ ယမန်နေ့က သက်တမ်းထပ်တိုးလိုက်သည့်အပေါ် စိတ်မချမ်းမြေ့ ဖြစ်ရသည်ဟု ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ထုတ်ဖော်ပြောကြားသည်။

မြန်မာအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား စတင်ထားပြီးဖြစ်သည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် အကောင်အထည်ပေါ်စေရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင်ဂမ်ဘာရီအား ဆက်လက်ဆောင်ရွက်စေမည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ပီယာရိုဖက်စ်စီနိုက မြန်မာစစ်အစိုးရ၏လုပ်ရပ်သည် “လက်ခံနိုင်စရာမရှိ” ဟု ပြောသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနတ်ဒ်ကူချနာကမု အလွန်အမင်း အံ့သြတုန်လှုပ်မိကြောင်းနှင့် အာဏာရှင် ဆန်သော တဖက်သတ် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်မီလီဘန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက နောက်တခါထပ်၍ နေအိမ်အကျယ်ချုပ်သက်တမ်း တိုးလိုက်ခြင်းသည် ၀မ်းနည်းဖွယ်ကောင်း သော်လည်း မအံ့သြမိကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးတွင် ဆန္ဒဖော်ထုတ်ရုံဖြင့် လွတ်လပ် ခွင့်ဆုံးရှုံးရခြင်းဖြစ်ကြောင်း ပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန်ဝီရာယုဒက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး ပြန်လွှတ်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဆိုင်ကလုံးမုန်တိုင်းဘေးကို အကူ အညီပေးသည့် နိုင်ငံတကာအသိုင်းအ၀န်းအား ကျေးဇူးတင်ကြောင်း ပြသရာရောက်သည်ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း (၁) နှစ် ထပ်တိုးချ ထားလိုက်ပြီး မြန်မာအာဏာပိုင် (၇) ဦးတို့က ယမန်နေ့ ညနေ (၄) နာရီခန့်၌ ဒေါ်အောင်ဆန်း စုကြည် နေအိမ်သို့ သွားရောက် အသိပေးခဲ့ကြောင်း မြန်မာအာဏာပိုင်တဦး၏ ပြောဆိုချက်ကို ကိုးကား၍ အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
Source
No comments:
Post a Comment