Monday, May 26, 2008

ပဒိုစောဘသင်စိန်၏ ဈာပနအခမ်းအနား ကျင်းပ

NEJ/ ၂၆ မေ ၂၀၀၈

ကြာသပတေးနေ့က ကွယ်လွန်သွားသည့် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစော ဘသင်စိန်၏ ဈာပနအခမ်းအနားကို ယမန်နေ့ညနေ၌ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ဦးစီးဌာနချုပ်တွင် ကျင်းပသည်။

ဈာပနအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (အန်ဒီအက်ဖ်)၊ မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (အန်စီယူဘီ)၊ တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ)၊ ကရင်အမျိုးသား အစည်း အရုံး (ကေအန်ယူ) မှ ခေါင်းဆောင်များက ပဒိုစောဘသင်စိန်၏ တော်လှန်ရေးဖြတ်သန်းမှုအား ဂုဏ်ပြုအမှာစကားများပြောကြားပြီး ကွယ်လွန်သူအတွက် အမိန့်ပြန်ခြင်းများ ပြုလုပ်ကြသည်။ ဘာသာရေးဝတ်ပြုဆုတောင်းခြင်း၊ ဓမ္မသီချင်း သီဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး စစ်အခမ်းအနားဖြင့် ဂုဏ်ပြုသေနတ်ပစ်ဖောက်ကာ ဂူသွင်းမြှုပ်နှံလိုက်သည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မြန်မာပြည် ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင် အဖွဲ့ အစည်းများနှင့် ကရင်အမျိုးသားအစည်းအရုံးတို့မှ ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိ အရာခံ အကြပ်တပ်သားများနှင့် ကရင်အမျိုးသားများက ပဒိုစောဘသင်စိန်၏ ဈာပနသို့ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

ကေအန်ယူဥက္ကဋ္ဌသည် ယခုလ (၂၂) ရက်နေ့က လူကြီးရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ် တော်လှန်ရေး နယ်မြေတနေရာတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ကေအန်ယူဥက္ကဋ္ဌ ပဒိုစောဘသင်စိန်သည် ၁၉၄၉ ခု ဇန်နဝါရီ (၃၁) တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကရင်အမျိုးသားရေးလှုပ်ရှားမှု စတင်ချိန်မှစ၍ ကရင့်တော်လှန်ရေးထဲသို့ ဝင်ရောက်ခဲ့သည်။

ထို့နောက် တော်လှန်ရေးတာဝန်များကို အဆင့်ဆင့်ထမ်းဆောင်ခဲ့ရာ ၂၀၀၀ ပြည့်နှစ် (၁၂) ကြိမ် မြောက် ကေအန်ယူကွန်ဂရက်တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၀၄ ခု (၁၃) ကြိမ်မြောက် ကေအန်ယူကွန်ဂရက်တွင်လည်း ထပ်မံရွေးချယ်ခံရကာ ကွယ်လွန်ချိန်အထိ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုတွင် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) အလုပ်အမှုဆောင်နှင့် ၂၀၀၄-၂၀၀၈ ခုနှစ်အထိ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

၎င်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုအထိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (အန်ဒီအက်ဖ်)၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၀၁ ခုမှ ၂၀၀၈ ခုအထိ တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုမှ ၂၀၀၈ ခုအထိ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) သဘာပတိအဖွဲ့ဝင်နှင့် ဒု-ဥက္ကဋ္ဌ (၁) တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၎င်းအား အဖ စောဘစိန်၊ အမိ နော်သိန်းမြတ်တို့မှ ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် ၁၉၂၇ ခု မတ်လ (၁၁) ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ (၉) ယောက်ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သည်။

ကရင့်အမျိုးသားတော်လှန်ရေးအပေါ် ထားရှိသည့် သူ၏သဘောထားနှင့်ပတ်သက်၍ ပဒိုစောဘ သင်စိန်က " ကရင့်တော်လှန်ရေးဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံရ ကြုံရ၊ ဘယ်လိုအခြေ အနေမျိုးပဲ ရောက်နေပါစေ တော်လှန်ရေးကို အသက်ဆုံးတဲ့အထိ ကျနော်လုပ်သွားမယ်။ ကျနော် အသက်ကြီးပါပြီ၊ ဒါပေမယ့် စိတ်မပျက်ဘူး၊ ဇွဲမလျှော့ဘူး။ တော်လှန်ရေးတာဝန်ကို ကျနော် တတ်နိုင်သလောက် လုပ်သွားမယ်။ ခြေတဖက်တတ်နိုင်ရင် ခြေတဖက်၊ လက်တဖက်တတ်နိုင်ရင် လက်တဖက်၊ ခြေတွေလက်တွေ မတတ်နိုင်ရင်လည်း တတ်နိုင်တဲ့ ဦးနှောက်နဲ့လုပ်မယ်။ နောက်ဆုံး ကျနော့် ဦးနှောက်တခြမ်း ကောင်းနေသေးရင်တောင် အဲဒီဦးနှောက်တခြမ်းနဲ့ပဲ တော်လှန်ရေးကို ကျနော် လုပ်သွားမယ်" ဟု ၎င်းမကွယ်လွန်ခင်တွင် ပြောကြားခဲ့ဖူးသည်။

၎င်းကွယ်လွန်ချိန်တွင် ဇနီးနော်အုံးမြိုင်နှင့်အတူ သမီး (၃) ဦး၊ သား (၁) ဦး ကျန်ရစ်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းပုံဥပဒေအရ လစ်လပ်သွားသော ကွယ်လွန်သူ ကေအန်ယူ ဥက္ကဋ္ဌ၏နေရာတွင် ဒု-ဥက္ကဋ္ဌဖြစ်သူ စောတာမလာဘောက ဆက်လက်တာဝန်ယူသည်။

ကေအန်ယူ စတင်ဖွဲ့စည်းချိန်မှစ၍ ဥက္ကဋ္ဌ (၆) ဦး ရှိခဲ့ပြီးဖြစ်ရာ စောစံဖိုးသင်၊ စောဘဦးကြီး၊ စောဟန်တာသာမွှေး၊ မန်းဘဇံ၊ စောဘိုမြနှင့် စောဘသင်စိန်တို့ဖြစ်သည်။

Source

No comments: