Saturday, May 24, 2008

မာန်အောင်မြို့နယ်တွင် ရာဟုလေဆင်နှာမောင်းကြောင့် လူ ၅ ဦးသေဆုံး

Narinjara News 5/24/2008

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မေလ ၁၉ ရက်နေ့ တိုက်ခတ်ခဲ့သော ရာဟု လေဆင်နှာမောင်းကြောင့် မြစ်ထဲတွင် လှေဖြင့် ငါးရှာထွက်နေသူ လူ ၅ ဦး သေဆုံး သွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ မာန်အောင်မြို့နယ် နဂါးရေး-ငရဲအိုးအုပ်စု ပုလင်းတော ကျေးရွာမှ လူ ၄ ဦးနှင့် ကလပ်ပြင် ကျေးရွာမှ လူ ၁ ဦး တို့ဖြစ်သည်။

အဆိုပါ ရာဟု လေဆင်နှာမောင်း မုန်တိုင်းမှာ မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီမှ ၉ နာရီအတွင်း အင်အားပြင်းထန်စွာဖြင့် အဆိုပါ ဒေသအားတိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများ၏ အလောင်းများအား အဆိုပါနေ့ နံနက် ၁၁ နာရီတွင် မြစ်ထဲမှ ရှာဖွေ ရရှိခဲ့သည်။

နောက်ပိုင်း အဆိုပါ သေဆုံးမှုအား နီးစပ်ရာ ရဲစခန်းသို့ သွားရောက် အကြောင်းကြားရာ မာန်အောင်မြို့နယ် ဆေးရုံသို့ ရင်ခွဲရန် ပို့ဆောင်ရမည်ဟု ဆိုကာ လူသေ အလောင်း တလောင်းစီမှ ကျပ်ငွေ ၅၀၀၀၀ ပို့ဆောင်ခ ပေးရမည် ဟု တောင်းဆိုသဖြင့် အနီးအနားရှိ ကျေးရွာများမှ ကျပ်ငွေ ၂သိန်းခွဲကောက်ခံပြီး ရဲအဖွဲ့သို့ ပေးလိုက်ရကြောင်း မာန်အောင်မှ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

Source

No comments: