Wednesday, May 21, 2008

ထိုင်းဘုရင့်တပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း

NEJ/ ၂၁ မေ ၂၀၀၈


နာဂစ်မုန်တိုင်းဒဏ်ခံရသည့် မြန်မာဒုက္ခသည်များအတွက် လူသုံးကုန်နှင့် စားသောက်ကုန် တန်ချိန် (၁၂၀) ကို ကုန်းလမ်းမှ ပထမဆုံးအကြိမ်အဖြစ် ထိုင်းဘုရင့်တပ်မတော်က မြဝတီမြို့သို့ ယနေ့နံနက်တွင် သွားရောက်လှူဒါန်းခဲ့သည်။


ဘတ်ငွေ သန်း (၄၀) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများအား ထိုင်းဘုရင့်တပ်မတော်မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ် ဆူရတ်ဝေါ်ရာရတ် ဦးဆောင်သည့်အဖွဲ့မှ ထိုင်းစစ်ယာဉ်တန်းဖြင့် မြဝတီမြို့ မိချောင်းကုန်းဘုန်းကြီးကျောင်းသို့ သွားရောက်ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါထိုင်းအဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ခင်မောင်စိုးက မဲဆောက် လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး မြန်မာစစ်သံမှူးက "ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ စစ်တပ် ချစ်ကြည်ရေးအနေနဲ့ မုန်တိုင်းဒဏ်ခံရသူတွေကို စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ
လှူဒါန်းတဲ့အတွက် မြန်မာနိုင်ငံရဲ့ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်" ဟု ဒေသခံ သတင်းထောက်များအား ပြောကြားသည်။

ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းဘုရင့်တပ်မတော် စစ်ရေးချုပ်က မြဝတီမြို့ရှိ မိချောင်းကုန်း ကျောင်းတွင် စကခ-၁၅ မှူး ဗိုလ်မှူးချုပ်အောင်နိုင်ထံ လွှဲပြောင်းပေးခဲ့ပြီး လေဘေးဒဏ်ခံဒေသများ သို့ ဆက်လက်ပို့ဆောင်ပေးမည်ဟု သိရှိရသည်။

ဘန်ကောက်မှ ရန်ကုန်မြို့သို့ ထိုင်းနိုင်ငံက ကယ်ဆယ်ရေးပစ္စည်း တိုက်ရိုက်လှူဒါန်းမှုများ ရှိသော်လည်း ယခုကဲ့သို့ ထိုင်းဘုရင့်တပ်မတော်မှ သီးသန့်လှူဒါန်းသည့် ကယ်ဆယ်ရေး ပစ္စည်းများအား ကုန်းလမ်းမှ ပို့ဆောင်ပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

Source

No comments: