Wednesday, May 21, 2008

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် နိုင်ငံတော်အလံကို တ၀က်လွင့်ထူ

Narinjara News 5/21/2008

မောင်ရမ္မာ(နိရဉ္စရာ) နာဂစ်ဆိုင်ကလုန်မုန်တိုင်းဒဏ်နှင့် မြေငလျှင်ဒဏ်ခံလိုက်ရသော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံများမှ သဘာဝဘေးဒဏ်ကြောင့် သေဆုံးသွားသော ပြည်သူများအတွက် ၀မ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ယနေ့တွင် နိုင်ငံတော်အလံကို တ၀က်သာလွှင့်ထူထားကြောင်း သိရှိရသည်။


မကြာသေးမီက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံရှုံးသွားသော မြန်မာပြည်သူများနှင့် မြေငလျှင်ဒဏ်ကြောင့် သေဆုံးသွားသော တရုတ်ပြည်သူများအတွက် မေတ္တာပို့ ဆုတောင်းပေးရန် ဆုံးဖြတ်ချက်ချပြီး နောက်ပိုင်း နိုင်ငံတော်အလံကို နိုင်ငံ အ၀န်းတွင် တ၀က်သာလွှင့်ထူရန် ဘင်္ဂလာ အစိုးရက အင်္ဂါနေ့က တရားဝင်ကြေငြာ လိုက်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သော သဘာဝလေဘေးဒဏ်ကြောင့် သေဆုံးသူများအတွက် သက်ဆိုင်ရာအစိုးရများနည်းတူ မိမိတို့ခံစားရကြောင်း၊ အိမ်နီးနားချင်း ပီသစွာဖြင့် ဘေးဒဏ်ကြောင့် အသက်ရှင်ကျန်ရစ်နေသော ပြည်သူများအတွက်လည်း ကယ်ဆယ်ရေး ပစ္စည်းများနှင့် ကယ်ဆယ်ရေးလုပ်သားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပေးပို့စေလွှတ်ထားပြီ ဖြစ်ကြောင်း၊ ယခုအခါ သေဆုံးသူပြည်သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံကို တ၀က်သာလွင့်ထူကြရန် ကြေငြာရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးရာအကြံပေးအရာရှိ အိုင်တ်ခါအာမတ် ချော်ဒရီက သတင်းထောက်များကို ပြောကြားသည်။

ယနေ့တွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အစိုးရအဆောက်အဦးများ၊ နိုင်ငံတကာ အန်ဂျီအိုအဆောက် အဦးများနှင့် တခြားတိုက်တာအဆောက်အဦးမှားတွင် နိုင်ငံတော်အလံကို တ၀က်သာလွင့်ထူထား လျှက်ရှိသည်။

မြန်မာနိုင်ငံတွင် မေလ ၃-ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၇၈၀၀၀ သေဆုံးခဲ့ပြီး တရုတ်နိုင်ငံတွင် မေလ ၁၂-ရက်နေ့က ကျရောက်ခဲ့သော မြေငလျှင်လှုပ်မှုကြောင့် လူပေါင်း ၄၀၀၀၀ ကျော်သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ အစိုးရများက သတင်းများ ထုတ်ပြန်ခဲ့သည်။

Source

No comments: