Wednesday, May 21, 2008

အကူအညီပေးရေးအေဂျင်စီများ အာဆီယံကို မျှော်လင့်နေ

ဆော်လမွန် ဗုဒ္ဓဟူးနေ့၊ မေလ 21 2008

ချင်းမိုင်။ ။ မြန်မာနိုင်ငံ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံခဲ့ရသောဒေသများသို့ အကူအညီများပေးပို့ဖြန့်ချိရာတွင် လွယ်ကူချောမွေ့စေရေးအတွက် အာဆီယံ (ASEAN) အဖွဲ့ကြီးက အကူအညီပေးရေးအလုပ် အဖွဲ့တရပ်ထူထောင်ရေး အစပြုလုပ်ဆောင်ချက်ကို အကူအညီပေးရေးအေဂျင်စီ အများအပြားက ကြိုဆိုလိုက်ကြသည်။

တနင်္လာနေ့က စင်္ကာပူတွင်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အာဆီယံခေါင်းဆောင်သည့် ညှိနှိုင်းဆောင်ရွက် ရေး ယန္တရားတရပ်ထူထောင်ရေးကို သဘောတူညီခဲ့ကြသည်။ ဤယန္တရားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပေးပို့သောအကူအညီများကို အသုံး ပြုရေး၊ အကူအညီများ ဝေငှဖြန့်ချိရေးလုပ်ငန်းများ လွယ်ကူသွက်လက်စေရေးတို့အတွက် ဆောင်ရွက်ပေးမည် ဖြစ်သည်။

"ဒီယန္တရားနဲ့အစီအစဉ်က အကူအညီပေးတဲ့ပစ္စည်းတွေ ဒုက္ခသည်တွေဆီရောက်ဘို့ အာမခံနိုင်တယ်ဆိုရင် ဒါကောင်းတဲ့ကိစ္စလို့ ကျနော် ထင် ပါတယ်" ဟု နိုင်ငံတကာရွှေ့ပြောင်းသူများ ကူညီရေးအဖွဲ့ (IOM) မှပြောရေးဆိုခွင့်ရှိသူ Chris Lom က ပြောကြားသွားပါသည်။

"ဒီအစီအစဉ်ကို ကျနော်တော့ မတွေ့ရသေးပါဘူး။ အလုပ်ဖြစ်မယ်ဆိုရင် အားလုံးကကြိုဆိုကြမှာဘဲလို့ ထင်ပါတယ်" ဟု သူကပြောသွားပါသည်။

ယခုကာလအထိမူ အကူအညီပေးရေးအေဂျင်စီများသည် မိမိတို့၏ဒေသခံလက်တွဲဖော်များ၊ သို့မဟုတ် တွဲဖက်အဖွဲ့အစည်းများကို အဓိကအားကိုးပြီး အစိုးရထံ အကူအညီပေးရေးပစ္စည်းများ တိုက်ရိုက်မရောက်ရှိသွားရေးကို ရှောင်ရှားလုပ်ဆောင်နေကြရသည်။

သို့သော် မြန်မာအစိုးရက နိုင်ငံခြားအကူအညီပေးရေး လုပ်သားများဝင်ရောက်နိုင်ရေးကို ကန့်သတ်မှုများ ပြုလုပ်ထားသည့်အတွက် အကူအညီပေးရေး အေဂျင်စီအတော်များများသည် မိမိတို့၏ အကူအညီပစ္စည်းများကို ပြန်လည် ဝေငှဖြန့်ချိနိုင်ရေးအတွက် အစိုးရ၏လက်သို့သာ လွှဲပြောင်းပေးနေရသည်။

IOM ကမူ မိမိတို့၏အကူအညီပစ္စည်းများကို ပြန်လည်ဝေငှဖြန့်ချိရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မြန်မာကျန်းမာရေးဝန်ကြီးဌာန တို့နှင့် ယခုထိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

မြန်မာအစိုးရက အကူအညီပေးရေးပစ္စည်းများကို နိုင်ငံတကာအကူအညီအဖြစ် အာဆီယံအဖွဲ့ကြီးကခေါင်းဆောင်သော ယန္တရားတရပ်မှတဆင့် လက်ခံရန်ဆန္ဒရှိကြောင်း အာဆီယံအစည်းအဝေးတွင် တနင်္လာနေ့က ပြောကြားသွားသည်။ ဤအကူအညီများကို နိုင်ငံရေးကိစ္စအတွက် အသုံးမ ချရန် လည်း ပြောဆိုခဲ့သည်။

ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာတန်ပေါင်းများစွာ ပေးပို့ခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အဖွဲ့ကြီးကမူ စင်္ကာပူတွင်ရရှိခဲ့သော သဘောတူညီချက်သည် အပြုသဘောဆောင်သော ဖြစ်ထွန်းမှုဖြစ်သည်ဟု ပြောဆိုသွားပါသည်။

(WFP) အဖွဲ့ကြီးသည် ယခုအထိ မုန်တိုင်းဒဏ်မှအသက်မသေလွတ်မြောက်ခဲ့သူ ၂၅ဝဝဝဝ အတွက် စားနပ်ရိက္ခာများ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကြောင်းနှင့် မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့လည်း နောက်ထပ်အကူအညီများ ဆက်လက်ပေးပို့ဦးမည် ဖြစ်ကြောင်းလည်း (WFP)၏ ပြောရေးဆိုခွင့်ရှိသူ Marcus Prior က ပြောကြားသွားပါသည်။

"WFP ကအခုထဲက အာဆီယံအဖွဲ့ကြီးနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ လူသားချင်းစာနာတဲ့ အကူအညီပေး ရေး ဆောင်ရွက်နေတဲ့ ကြိုးးပမ်းမှုတွေကို တိုးချဲ့ရေးလုပ်ငန်းမှာ ကျနော်တို့ဘယ်လိုအကောင်းဆုံး ကူညီဆောင်ရွက်ပေးနိုင်သလဲဆိုတာ နားလည် နိုင်ဘို့ပါ" ဟု Prior က ဆက်လက်ပြောကြားသွားပါသည်။

ရရှိခဲ့သောသဘောတူညီချက်အရ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် (Surin Pitsuwan) က အလုပ်အဖွဲ့ကို ခေါင်းဆောင်မည်ဖြစ်ပြီး ကုလသမဂ္ဂနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။ အာဆီယံခေါင်းဆောင်သည့် ယန္တရားအကောင်အထည် ပေါ်လာစေရန် မြန်မာနိုင်ငံတွင် ဗဟိုညှိနှိုင်းရေးအဖွဲ့တရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအကူအညီပေးရေး ကွန်ဖရင့်တရပ်ကို ရန်ကုန်မြို့တွင် မေလ ၂၅ ရက် ၂ဝဝ၈ ခုနှစ်၌ အာဆီယံနှင့်ကုလသမဂ္ဂ ပူးတွဲကျင်းပရန်လည်း အာဆီယံအစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့ကြသည်။

ဤတရက်ကြာအစည်းအဝေးတွင် ဆိုင်ကလုံးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အပံ့များ ပိုမိုရရှိရေးအတွက် နိုင်ငံတ ကာအသိုင်းအဝိုင်းကို လော်ဘီလုပ်ရေး အာရုံစိုက်ဆွေးနွေးကြမည်ဟု ကုလသမဂ္ဂလူသားချင်း ကူညီစောင့်ရှောက်ရေး ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ရုံး (UNOCHA) ထိုင်းနိုင်ငံရုံးခွဲက ပြောဆိုလိုက်ပါသည်။

"မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ကွန်ဖရင့်မှာ အဓိကထား ဆွေးနွေးပါမယ်။ လူသားချင်းစာနာတဲ့ တုံ့ပြန်မှုအနေနဲ့ နိုင်ငံတကာ ထောက်ခံမှုနဲ့ အကူအညီတွေပိုရဘို့ ဆွေးနွေးသွားမှာပါ" ဟု ဘန်ကောက် (UNOCHA) ရုံး မှအရာရှိတဦးက ပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင်သွားရောက်မည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လည်း ထိုအစည်းအဝေးကို တက်ရောက်မည်ဖြစ် ကြောင်း သူက အတည်ပြုပြောကြားသွားခဲ့ပါသည်။

တနလာင်္နေ့တွင်ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးအပြီးတွင် အကူအညီပေးရေးအုပ်စုများအကြား၌ အကောင်းမြင်အယူအဆများ ပိုမိုရှိလာ ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ မြန်မာသတင်းစာဆရာတဦးကမူ မုန်တိုင်းဒဏ်ခံဒုက္ခသည်များထံ အကူအညီများရောက်ရှိရေးအတွက် ဤမျှအချိန် ကြာမြင့်ခဲ့ခြင်းအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရှက်စရာပင်ဖြစ်သည်ဟု သူ့အမြင်ကို ထုတ်ဖေါ်ပြောကြားသွားခဲ့ပါသည်။

"အစည်းအဝေးရဲ့စိတ်ကူးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုလိုအကူအညီမရလို့ မြန်မာပြည်ထဲကလူတွေ မိနစ်နဲ့အမျှသေနေရတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကွန်ဖရင့်တွေ၊ အစည်းအဝေးတွေလုပ်နေရတာကိုက ရှက်စရာကောင်းပါတယ်" ဟု မြန်မာမီဒီယာအဖွဲ့ (BMA) ၏ အတွင်းရေးမှူးနှင့် သတင်းစာဆရာတဦးဖြစ်သူ ဦးစံမိုးဝေက ပြောကြားသွားပါသည်။

နောက်ဆုံးရရှိသောသတင်းအရ မြန်မာအစိုးရ၏တရားဝင် အသေအပျောက်ကိန်းဂဏန်းသည် ၁၄ဝဝဝဝ ကျော်သွားပြီဖြစ်သည်။

Source

No comments: