Sunday, March 30, 2008

သာသနာရေးဦးစီးဌာနတွင် ငွေမရှိသောကြောင့် စာမေးပွဲ ဖြေဆိုမည့် ရဟန်းတော်များ ဆွမ်းအတွက် အဖွဲ့များဖွဲ့ပြီး ငွေကောက်

Narinjara News
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မနက်ဖြန်တွင် စတင်စာမေးပွဲ ဖြေဆိုကြမည့် ရဟန်းတော် ၅၁ ပါးအတွက် ဆွမ်းနှင့် လိုအပ်သော တခြား ဝေယျာကိစ္စ များအတွက် မောင်တော ခရိုင်တာဝန်ရှိသူများမှ အဖွဲ့များ ဖွဲ့စည်းပြီး အရပ်သားများထံက ငွေကောက်နေကြောင်း သတင်းရရှိသည်။
အမည်မဖေါ်လိုသူ အရာရှိ တဦး အပြောအရ မောင်တော အမှတ် ၁ ရပ်ကွက်တွင် မြို့နယ် ဦးစီး အရာရှိ ဦးငမဲချေ ဦးဆောင်သော အဖွဲ့ဝင် ၈ ဦးမှ၎င်း၊ အမှတ် ၃ ရပ်ကွက်တွင် ဒုအထွေထွေ ဦးစီးမှုး ဦးကျော်မျိုးထွန်း ဦးဆောင်သော အဖွဲ့ ၀င် ၉ ဦးပါ အဖွဲ့မှ၎င်း၊ အမှတ် ၄ ရပ်ကွက်တွင် စည်ပင် ဦးစီး အရာရှိ ဦးလှဖေါ်ဇံ ဦးဆောင်သော အဖွဲ့ဝင် ရှစ်ဦးပါသော အဖွဲ့မှ၎င်း တအိမ်ဝင်ထွက် လှည့်လည်ပြီး ငွေကောက်ခံနေသည်ဟု ပြောသည်။

၎င်းအပြင် တခြားရပ်ကွက်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ချမ်းသာသူများ ထံမှလည်း အသစ်ရောက်ရှိလာသော မောင်တောမြို့နယ် မယက ဥက္ကဌ ဦးရဲမင်းအောင်၏ လက်မှတ်ဖြင့် ရဟန်းတော်များ ဆွမ်းကျွေးရန် အတွက် ငွေများတောင်းခံနေကြောင်း သိရှိရသည်။

အမည်မဖေါ်လိုသူ ဒက်ရွာမှ အရပ်သားတဦးက “ပိုက်ဆံ တထောင်ကနေ တသိန်းထိ သူတို့ကောက်တယ်လို့ ကြားကြောင်း၊ သူမိသားစုမှ ၂၅၀၀ ကျပ်ပေးလိုက်ရကြောင်း၊ စေတနာ စာရေးတန် အနေဖြင့် ကောက်ခံခြင်း ဖြစ်ကြောင်း” ပြောသည်။

အဆိုပါ ငွေများအား ဧပြီလ ၂၉ ရက်နေ့က စတင်ကောက်ခံခြင်း ဖြစ်ပြီး ယနေ့ တနင်္ဂနွေနေ့တွင် နောက်ဆုံးထား မယက ဥက္ကဌ အသစ် ရဲမင်းအောင်ထံ အဆိုပါ ငွေများအား ပေးအပ်ရမည် ဖြစ်ကြောင်း ငွေကောက်ရာတွင် ပါဝင်သူ အမည်မဖေါ်လိုသူ အရာရှိတဦးက နိရဉ္စရာသို့ ဖုံးဖြင့်ပြောသည်။

ယခုနှစ်တွင် ပဌမငယ်မှ ပဌမကြီးထိ ရဟန်းတော် ၅၁ ပါး စာမေးပွဲ ဖြေဆိုရန် မောင်တောမြို့နယ်တွင် စာရင်းသွင်းထားပြီး ယမန်နှစ်က ၇၀ ခန့်ဖြေဆိုခဲ့သဖြင့် အနည်းငယ်ခန့် လျော့ကျသွားခဲ့ကြောင်း၊ မောင်တောမြို့တွင် ဗုဒ္ဓဘာသာဝင်များမှာ လူနည်းစုဖြစ်သဖြင့် အစိုးရနှင့် ပူးပေါင်းပြီး ဘာသာရေး လုပ်ငန်းများကိုသာ လုပ်ဆောင်သူ ရဟန်းတော်များသာ ရှိပြီး စစ်အစိုးရကို ဆန့်ကျင်သူ ရဟန်းတော်မှာ မောင်တောတွင် မရှိကြောင်း မောင်တောက ရဟန်းတော်တပါးက ပြောသည်။

ယခု မောင်တောခရိုင်တာဝန်ရှိသူများက ကောက်ခံနေသော ငွေများမှာ စာဖြေ ရဟန်းတော် ၅၁ ပါးအ၀င် စာမေးပွဲအား ကြီးကြပ်မည့် ဆရာတော် ၁၃ ပါးအတွက် သုံးစွဲရန် ငွေများ ဖြစ်ပြီး မြို့နယ် သာသနာရေး ဦးစီးဌာနတွင် ငွေမရှိသောကြောင့် ယခုကဲ့သို့ ရဟန်းတော်များ စာမေးပွဲအတွက် အရပ်သားများထံက စေတနာ စာရေးတန် သဘောဖြင့် ငွေကောက်ခံခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments: