Sunday, November 30, 2008

မိဘကျေးဇူးဆပ်ရင်း ဘဝနစ်သူ (အပိုင်း ၂)

ဂျော်ထော

သူမကို ကယ်ထုတ်လာချိန်တွင် ထိုင်းပုလိပ်တို့က လူမုန်း၊ ထွန်းကို၊ ခန္ဓာဝဝ လူနှင့် ပွဲစား အဖွဲ့၏ တောက်တိုမယ်ရ အခိုင်းသမား ကျန်ကျောင်းကို ဖမ်းဆီးလိုက်သည်ဟု ခင်ခင်က ဆိုသည်၊၊ သူမကို အဓမ္မကျင့်သည့် (၆) ယောက်ထဲက ကင်းမွှန်၊ စိုးပိုင်၊ ကိုဇော်တို့က လွတ် သွားသည်ဟု ပြောသည်။

ခင်ခင်နှင့် (၁၄) နှစ်အရွယ် သူမသူငယ်ချင်းတစ်ယောက်က အများတကာနည်းတူ သာမာန် အလုပ်များဖြင့် ဝမ်းကျောင်းလိုသည့်အတွက် ရနောင်းမြို့၏ လိင်ရောင်းသည့်ဆိုင် တစ်ဆိုင်မှ ထွက်ပြေးလာကြသူများဖြစ်သည်။

ခင်ခင်၏ ပြောပြချက်အရ စက်တင်ဘာ (၉) ရက်နေ့၊ ၂၀၀၈ ခုနှစ်တွင် ရနောင်းမြို့မှ ကော့ သောင်းမြို့ကိုရောက်ပြီး၊ အချိန်ပိုင်းမှာပင် သူမမိခင်ဆီကို အကြွေးရှင်က အကြွေးလာတောင်း လေသည်။ ပွဲစားကလည်း လူခေါ်သည်ဟု သတင်းကြားသဖြင့် သွားမေးရာ ကော့သောင်းမြို့ ပွဲ စားအဒေါ်ကြီးမှ "ပွဲစားက တစ်လ ၅၀၀၀ ရမယ်၊ ကွတ်တီယိုရောင်းတဲ့အလုပ်ရှိတယ်၊ ငါး ပုဇွန်ရုံမှာ လုပ်လို့လည်းရတယ်၊ သမီးတို့ဘာမှ မစိုးရိမ်နဲ့ ဟို (မဟာချိုင်) မှာ သမီးအရွယ် အ ဒေါ်သမီး လည်းရှိတယ်၊ အဆင်ပြေတယ်" ဟု ခင်ခင်က ပြောသည်။ နောက်တနေ့တွင်ပင် မဟာချိုင်းကိုလာ သည်ဟုဆိုပါသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ပွဲစား၏သဘောတူညီချက်ဖြင့် မဟာ ချိုင်ကိုရောက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းခရီးစရိတ် (၄၅၀၀) ဘတ်ကို ပွဲစားမှ အရင် စိုက်ထုတ် ထားပြီး၊ ၎င်းတို့၏ လုပ်အားခမှ နှုတ်ယူရန် သဘောတူထားကြသည်။

ခင်ခင်အဖြစ်က အနာပေါ်တုတ်ကျဆိုသည့်စကားပုံထက် ပိုဆိုးနေသည်။ အနာစိမ်းပေါ် ဆူး ထပ်စိုက်သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် လူအများစုကမကောင်းဟု ယူဆကြ သည့် ပြည့်တန်ဆာရုံမှထွက်ပြေးလာပြီး အများနည်းတူ မိဘကိုလုပ်ကျွေးးရန် ကြိုး စားသော် လည်း မုဒိမ်းကျင့်သာကျင့်ပြီး၊ ထမင်းပင်မကျွေးသည့်လူနှင့် ဆုံရလေသည်။

ခင်ခင် လိင်အလုပ်သမဘဝရောက်သွားရသည့်အဖြစ်

ခင်ခင်မှာ အသက် (၂၃) နှစ် ကလေးအမေတစ်ယောက်ဖြစ်သည်။ ကော့သောင်းမြို့သည် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့်အလျှောက် သူမ၏ခင်ပွန်းမှာ မော်တော်ဘုတ်မောင်းသမားဖြစ် သည်၊၊ ခင်ပွန်းမှာ ဥပဒေနှင့် မလွတ်ကင်းသည့်မူးယစ်ဆေးဝါး တမျိုးသုံးစွဲနေခြင်းကြောင့် သူမ တားမြစ်နေသည့်ကြားမှပင် မူးယစ်ဆေးဝါးအမှုနှင့် သက်ဆိုင်ရာက ဖမ်းဆီးလိုက်သည်။

ခင်ခင်မှာ (၃) နှစ်အရွယ်သမီးလေးကို လက်ဆွဲပြီး၊ မိခင်အိမ်သို့ရောက်လာသည်။ ခင်ခင်၏ မိဘမှာ လက်လုပ်လက်စား တံငါသည်များဖြစ်ပြီး၊ မိသားစု ဝမ်းစာအတွက် ငါးရှာရန် လှေကို ပင် သူတပါးဆီက အကြွေးဖြင့် ယူထားရသည့်သူများဖြစ်သည်။

"သမီးမောင်လေး ညီမလေးတွေက ကျောင်းမတက်နိုင်ကြဘူး၊ အမေ့အိမ်မှာနေတာ အကြွေး ရှင်တွေက အကြွေးလာတောင်းတယ်၊ တစ်နေ့အကြွေးရှင်တယောက်က အမေ့ကို ဆဲတယ်၊ ရိုက်လည်းရိုက်တယ်၊ မောင်နှမတွေမှာ သမီးကအကြီးဆုံး၊ မိဘလုပ်စာကို သမီးထိုင်မစား ရက်တော့ဘူး၊ သမီးအလုပ်အလုပ်ချင်တယ်" ဟု သူမပြောသည်။

သူမစိတ်ညစ်ပြီး အလုပ်လုပ်ချင်နေသည့်အချိန်မှာပင် ခင်ခင်၏ သူငယ်ချင်းတစ်ယောက်က ထိုင်းနယ်စပ်၊ ရနောင်းမြို့တွင်အလုပ်လုပ်နေရာမှ ကော့သောင်းကိုအလည်ပြန်လာသည်။

ခင်ခင်က သူငယ်ချင်းကို ရနောင်းတွင်လည်း သွားရောက်အလုပ်လုပ်ချင်သည့်အတွက် အ လုပ်အခြေအနေကို မေးမြန်းသည်၊ သူမ၏ သူငယ်ချင်းက ပြန်မဖြေပေ၊ သို့သော် မိသားစု ငွေမ ပြေလည်သည့် ပြဿနာကြောင့် ခင်ခင်အတော်စိတ်ဆင်းရဲနေရသလားဟုသာ မေးသည်။

"ဖေမေရဲ့ ဒုက္ခကို ကူညီရရင်ကျေနပ်ပြီး၊ ငါ့မိသားစု စိတ်ချမ်းသာရင်ကျေနပ်ပြီး၊ ငါဘာပဲ ဖြစ်ဖြစ်လို့ သမီးပြောတော့ တကယ်လားလို့ သမီးကိုမေးတယ်၊ သမီးက ဟုတ်တယ်လို့ ပြော တော့ ရနောင်းမှာ သူမကောင်းတဲ့အလုပ် လုပ်နေတယ့်လို သမီးကိုပြောတယ်" ဟု ခင်ခင်က မျက်လွှာချပြီး ပြောသည်၊၊ သူမ၏ ပါးစပ်တွင် ကွမ်းမရှိတော့ပါ။ သို့သော် ကွမ်းယာကိုလည်း ထပ်မငုံပါ၊၊ စာရေးသူနှင့် စကားမပြောခင်တွင် သူမဆံပင်ကို အနီရောင်ဆေးဆိုးနေသည့် အတွက် ဆေးပေးနေသည့် သူမကိုင်ထားသော ခေါင်းဖြီးဘီးကို သာလက်မဖြင့် ပွတ်နေသည်၊၊ သူမမှာကော့ သောင်းမြို့မှ ထားဝယ်သူ ဖြစ်သော်ငြားလည်း အသားဖြူသူဖြစ်သည်။ မျက်နှာ ဝိုင်းဝိုင်း ပြတ်ပြတ်နှင့် နှာခေါင်း အနည်းငယ်ပြားသော်လည်း မျက်နှာချိုသူဖြစ်သည်၊၊ စကားကို ခေတ္တရပ်ဆိုင်းထားပြီး မျက်လုံးကို တနေရာတွင် စိုက်ကြည့်ထားရာမှ အောက်ကိုပြန်ငုံ့ကြည့်ပြီး စကားဆက်ပြန်သည်။

"သူများဥစ္စာကို မခိုးစားရ၊ ကိုယ့်ဘဝကိုရင်းပြီးလုပ်ရပေမယ့် ငါတို့ဘဝတူချင်း ကိုယ့်ဘဝကို နားလည်တဲ့သူတွေအတွက်တော့ မိသားစုကို ကူညီနိုင်တော့ မကောင်းတဲ့ဆိုင်မှာ လုပ်ပေ မယ့် မြတ်သေးတယ်" ဟု သူတို့ချင်းချင်းပြောပြီး ခင်ခင်ရနောင်းသွားဖို့ ဆုံးဖြတ်လိုက်သည်။

ရပ်ရွာကိုခွဲခွာပြီး မသွားဖူးသည့်အတွက် မိဘက မည်သည့်အလုပ်အကိုင်မျိုးကို သွားလုပ်မည် နည်းဟု မေးမြန်းပြီးတားမြစ်သည်၊၊ ကွတ်တီယိုရောင်းသည့်အလုပ်နှင့် တခြားရနိုင်သည့် ကျ ပန်းအလုပ်တွေရနိုင်သည်ဟု သူမပြန်ပြောသည်၊၊ မိဘက မသွားရန်တားသော်လည်း "သမီး ငိုပြီးပြောတယ်၊ အဖေအမေတို့ကို လုပ်ကြွေးခွင့်ပေးပါ၊ အဖေ အမေတို့ ဒုက္ခကို သမီးကိုတဝက် လောက် ခံစားခွင့်ပေးပါ" ဟုပြောပြီး ခင်ခင်ရနောင်းကို ရောက်သွားသည်။

ခင်ခင်အလုပ်လုပ်သည့်ဆိုင်တွင် မိန်းကလေး (၁၀) ယောက်လောက်ရှိသည်။ ဘီယာဆိုင်အ ဖြစ် ဘန်းပြပြီး ဆိုင်ဖွင့်ထားသည့်အတွက် ထိုမိန်းကလေးအားလုံးတို့သည် စားပွဲထိုးအလုပ်ကို လည်း လုပ်ရသည်၊ ၎င်းအတွက် လုပ်အားခတစ်ပြားတစ်ချပ်မှ မရကြပေ၊ စားပွဲထိုးလုပ်ရင်း ဘီယာလာသောက်သည့် ယောကျာ်းများ မိမိကို မျက်စိကျလာအောင် ပြောဆိုရသည်ဟု သူမ ပြောသည်၊၊ တစ်လအတွင်း မိမိကို မျက်စိကျမည့်သူ မရှိပါက ငွေတစ်ဘတ်မျှမရဘဲ အခန်းခ မီးခပင်အကြွေးတင်တာလည်း ရှိသည်ဟု ခင်ခင်က ပြောသည်။

"သမီးလေ ရသမျှပိုက်ဆံအမေ့ဆီပို့ပေးတယ်၊ တစ်လ ၇၁၅၀ ရရင် ၁၅၀ ပဲသမီးသုံးတယ်၊ မ ကောင်းတဲ့အလုပ် လုပ်ပေမယ့်၊ ကိုယ်ပို့တဲ့ပိုက်ဆံနဲ့ အဖေအမေတို့အဆင်ပြေတော့ မီးစိတ် ချမ်းသာတယ်" ဟု ခင်ခင်က ပြောသည်၊၊ ရနောင်းက ကော့သောင်းနှင့် မဝေးသည့်အတွက် သူမလုပ်နေသည့်ဆိုင်တွင် ကော့သောင်းမြို့သူဆိုလို့ နှစ်ယောက် သာရှိပြီး၊ တခြားမိန်းကလေး တွေက ရန်ကုန်၊ ဘိတ်၊ ထားဝယ်မှ လာသူများဖြစ်သည်ဟု ဆိုသည်။

ခင်ခင် ပြည့်တန်ဆာအလုပ်လုပ်သည့်ဆိုင်တွင် (၅) လလောက်ကြာပြီးနောက် ကော့သောင်း မြို့မှ သူငယ်ချင်းတစ်ယောက်နှင့်ဆုံသည်။

ထိုသူငယ်ချင်းက ထိုအလုပ်ကို ခင်ခင်မလုပ်သင့်ကြောင်း၊ တခြားသာမာန်အလုပ်ကိုသာ လုပ် သင့်ကြောင်းနှင့် သူမ၏ မိဘသိသွားပါက စိတ်ဆင်းရဲမည်ဖြစ်ကြောင်း၊ သူများအ နှိမ်ခံရမည် ဟု ပြောသဖြင့် သူမ ထိုဆိုင်မှ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ခင်ခင်ကပြောသည်။

မိဘများကို မိမိ၏ လုပ်အားခဖြင့် ကူညီချင်ပြီး မောင်လေးညီမလေးနှင့် သူမ၏ သမီးလေးတို့ အများတကာနည်းတူ ပညာသင်နိုင်ရန်သာ သူမ၏ဘဝတွင် အဖြစ်ချင်ဆုံးဆန္ဒဟု ခင်ခင်က ပြောသည်။

"သမီးဘယ်လောက်ပဲ ဒုက္ခဖြစ်ဖြစ် သမီးဖေမေနဲ့ မောင်လေး၊ ညီမလေးတို့ကို အလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံနဲ့ထောက်ပံ့ချင်တယ်၊ မောင်လေးဆိုရည်မှန်းချက်ရှိတယ်၊ ပိုက်ဆံမရှိလို့ ကျောင်း ထုတ်ထားရတယ်၊ သမီးသူ့ကို ကျောင်းပြန်ထားချင်တယ်၊ သမီးလေးဆို နောင်နှစ်ကျောင်းနေ လို့ရပြီး" ဟု ခင်ခင်က သူမမိဘ၏ ဝန်ထုတ်တချို့ကို ကူညီချင်သည့် ဆန္ဒဖြင့်ပြောသည်၊ ခင်ခင် ၏ ပြောပြချက်အရ သူမသည် ကုန်စုံဆိုင်၊ အအေးဆိုင်တို့ကို ဖွင့်ပြီးစီးပွားလုပ်ခဲ့ရာမှ သူမ၏ ခင်ပွန်းက လာတောင်းသည့်အတွက် မိဘက သဘောကျသဖြင့် အိမ်ထောင်ကျသွားသည်ဟု ဆိုသည်။

"သမီးလေ မြန်မာငွေ တစ်သိန်းလောက်ရရင် ကော့သောင်းမှာ သမီးစီးပွားသေးသေးလေး တစ်ခု လုပ်လို့ရတယ်၊ သမီးလုပ်တတ်တယ်၊ ဗန်းတစ်ဗန်းနဲ့ ကုန်စိမ်းတွေ၊ ငါးတွေရောင်းတဲ့ သူ တွေကို နေ့စားအတိုးနဲ့ပိုက်ဆံချေး၊ သမီးလည်းဆိုင်ကလေးတစ်ခုနဲ့ ဈေးရောင်း၊ အဲဒီကနေ တ ဆင့်ပြီးတဆင့်သမီးတိုးပြီးလုပ်မယ်၊ အပျိုဘဝတုန်းကလည်း သမီးအဲဒီလိုလုပ်လို့ အိမ်ကိုကူ ညီနိုင်ခဲ့တယ်"။

မြန်မာပြည်၏ ဆင်းရဲတွင်းနက်မှုက ကျပ်ငွေတစ်သိန်းဖြင့်ပင် အရင်းနှီးလုပ်ပြီး မိဘကို ကူညီ ရန် ကြိုးစားသည့် ခင်ခင်လို မိန်းကလေးကိုပင် အခွင့်မပေးနိုင်သေးပေ၊၊

အာဏာအတွက် အာဃာတမုန်တိုင်း

ကေတီဦး

မြန်မာပြည်ရဲ့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့က ဆိုးဆိုးရွားရွား၊ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးကို တော့ တကမ္ဘာလုံးက သိခဲ့ကြပါတယ်။ လူပေါင်းတသိန်းခွဲလောက် သေကျေပျက်စီးခဲ့ပြီး လူ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်၊ ဒဏ်ရာအနာတရဖြစ်၊ စီးပွားဥစ္စာပစ္စည်းတွေ ဆုံးရှုံးမှုဖြစ်ခဲ့ကြရတာမို့ မြန်မာပြည်သူပြည်သားတွေအားလုံး အထိတ်တလန့်ဖြစ်ပြီး စိတ်နှလုံး ညှိုးနွမ်းခဲ့ကြရပါတယ်၊။ ဒါကို ကမ္ဘာကသိကြလို့လဲ ဝိုင်းဝန်းကူညီခဲ့ကြတယ်။ ဖေးမခဲ့ကြတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ကိုယ်ချင်းစာစိတ်တွေနဲ့ ပါဝင်ခဲ့ကြ တယ်။

အဲဒီ နာဂစ်မုန်တိုင်းလိုပဲ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို အထိတ်တလန့် ဖြစ်စေပြီး ကြေကွဲဝမ်းနဲစေခဲ့တဲ့ နေက်ထပ် မုန်တိုင်းတခု မြန်မာပြည်ထဲမှာ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ လထဲမှာ တိုက်ခတ်ခဲ့သေးတယ်ဆိုတာကိုတော့ ကမ္ဘာကြီးက ဘယ်လောက်သိနိုင်ခဲ့သလဲဆိုတာ မပြောနိုင်ပါဘူး။ အဲဒီမုန်တိုင်းကတော့ မြန်မာပြည်အလယ်ပိုင်း ကြပ်ပြေးနေပြည်တော်မှ စစ်ဗိုလ် ချုပ်ကြီးတွေဆီက ဒီမိုကရေစီ လိုလားသူ၊ နိုင်ငံရေး တက်ကြွနိုးကြားသူတွေအပေါ် အငြှိုးတကြီး တိုက်ခတ်ခဲ့တဲ့ အာဃာတမုန်တိုင်းကြီးပါပဲ။

နိုဝင်ဘာလ တလလုံးလိုလိုပါပဲ။ အစောပိုင်းမှာ တနှစ်ကျော်ကြာ အကြောင်းမဲ့ ဖမ်းဆီး ထားခဲ့တဲ့ ဒီမိုကရေစီလိုလားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ ခေါင်းဆောင်မှုပေးခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ခဲ့ကြတဲ့ အကျိုးဆောင်ရှေ့နေတွေကို အပြစ်မရှိ အပြစ်ရှာ ထောင်ချခဲ့ကြတယ်။ ယခင့်ယခင်တုန်းက တရားခံဖြစ်သွားသော ရှေ့နေဆိုတာ ကြားသာကြားဖူးခဲ့ပြီး မကြုံဖူးခဲဘူး။ မြန်မာစစ်အစိုးရလက်ထက်မှာတော့ ဒါဟာ အမှန်တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေပါ။ ရှေ့နေတွေကို ဖမ်းဆီးထောင်ချတာဟာ စစ်အစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ် စီမံကိန်းချ ဖိနှိပ်မှုရဲ့ အစပါ။

ရှေ့နေတွေကို အရင်ဆုံး ဖြုတ်ထုတ် ထောင်ချပြီးမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ကို တရားရုံးကို မထီမဲ့မြင်ပြုတယ်လို့ မတရားစွပ်စွဲပြီး ထောင် ၆ လ ချကာ မအူပင်ထောင်ကို ရုတ်တရက်ကြီး ပြောင်းရွှေပစ်ခဲ့တယ်။ ပြီးတော့ အများပြည်သူရဲ့ မျက်ကွယ်၊ မိသားစုတွေရဲ့ မျက်ကွယ်၊ တ၇ားရုံးမှာမဟုတ်ဘဲ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမျတ်ခဲ့တယ်။ ချမျတ်လိုက်တဲ့ ပြစ်ဒဏ်ကလဲ တရားလက်လွတ်၊ လူသားချင်းမစာမနာ၊ အကြင် နာတရား ဆိတ်သုဉ်း၊ အမုန်းတရားကို ရှေ့တန်းတင်၊ သေချင်သလိုသာ သေကြစေ ဆိုတဲ့ သဘောထားမျိုးနဲ့ တယောက်တယောက်ကို ချလိုက်တဲ့ ထောင်ဒဏ်က ၆၅ နှစ်စီတဲ့။ တကယ်ပဲ အပြစ်ရှိကြတယ် ဆိုကြပါဦးတော့၊ ဖြစ်သင့်တာက အများဆုံးပြစ်ဒဏ်ထဲမှာ အနည်းငယ်သော ပြစ်ဒဏ်တွေ အကျိုးဝင်ပြီး တပေါင်းတစီးထဲသာ ကျခံစေရမှာပါ။ အခုတော့ ပြစ်ဒဏ်တိုင်း အတွက် တသီးတခြားစီ ကျခံစေခဲ့တယ်။ အမှုတွေကလဲ ကြံဖန်လုပ်ကြံလီဆယ်ထားတဲ့ အမှု တွေ။ ဒါတင်မကပါ။ ၈၈ အုပ်စုတခုလုံးကို ရန်ကုန်၊ အင်းစိန်ထောင်မှာမထားတော့ဘဲ မိဘ ဆွေမျိုးများနဲ့ ဝေးကွာလှတဲ့ မြန်မာပြည် အစွန်အဖျားက အကျဉ်းထောင်တွေဆီ လူစုခွဲ ပို့ပစ်ခဲ့ ပြန်တယ်။

ထို့နည်းအတူပါပဲ၊ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့တဲ့ ဆရာတော် အရှင် ဂမ္ဘီရနဲ့ သူ့ရဲ့ နောက်လိုက်သံဃာတော်တွေကိုလဲ ကိုယ်စီ ကိုယ်စီ နှစ်ရှည်ထောင်ဒဏ်တွေ ချ မှတ်ခဲ့ပြန်တယ်။ အရှင်ဂမ္ဘီရကိုချမှတ်တဲ့ ထောင်ဒဏ်က ၆၈ နှစ်တဲ့။ ဒါဟာ အများပြည်သူအကျိုး အတွက် မေတ္တာပို့ခဲ့တဲ့ သံဃာတော်တပါးအပေါ် ရက်စက်စွာ ချမှတ်ခဲ့တဲ့ လုပ်ရပ်ပါပဲ။ အခြား သော ထိပ်တန်း နိုင်ငံရေးတက်ကြွနိုးကြားသူ ရာဂဏန်းလောက်ကိုလဲ နှစ်ရှည်ထောင်ဒဏ် အသီးသီးနဲ့အတူ တိုင်းပြည်ရဲ့ အစွန်အဖျားဒေသတွေဆီကိုပို့တဲ့ ပြစ်ဒဏ်ကိုပါ နောက်ဆက်တွဲ ချမှတ်တဲ့ လုပ်ရပ်တွေကို ဆက်တိုက် ကျူးလွန်ပြန်ပါတယ်။ အဲဒီလိုပို့တဲ့အခါမှာလဲ မိသားစု ဆွေမျိုးသားချင်းတွေကို လုံးဝ အကြောင်းကြားသိရှိစေခြင်း မရှိ။ သူတို့ပို့ချင်သလို ပို့မယ်၊ စီမံ ချင်သလို စီမံမယ်၊ တို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ ဥပဒေလက်လွတ်၊ တိုင်းသူပြည်သားများကို မထီမဲ့မြင်ပြု၊ ထင်ရာစိုင်းပြီး ရိုင်းချင်တိုင်းရိုင်းနေတဲ့ နအဖစစ်အစိုးရရဲ့ လုပ်ရပ်ဟာဖြင့် သမရိုး ကျ သဘောမျိုးကို မဆောင်တော့ဘဲ အငြှိုးအတေး အာဃာတကို အခြေခံနေတဲ့ သဘောမျိုး သာဖြစ်လို့ ဒီလုပ်ရပ်ကို အာဃာတမုန်တိုင်းလို့ပဲ ခေါ်ဆိုပါရစေ။

အမှန်တကယ်တော့ မြန်မာပြည်က ဒီမိုကရေစီလိုလားသူတွေဟာ ဘာအပြစ်မှ လုပ်ခဲ့ ကြတာ မဟုတ်ပါဘူး။ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ အုပ်စုက လောင်စာဆီဈေးတက်လို့ အများ ပြည်သူတွေရဲ့ သွားလာ သယ်ယူ ပို့ဆောင်စရိတ်စကတွေ တက်သွားတဲ့အခါ ဘတ်စ်ကားခ ကြီးမြင့်မှုကြောင့် လမ်းလျှောက်နေရတဲ့ ပြည်သူကို ကိုယ်စားပြုပြီး လမ်းမပေါ်ထွက် လမ်း လျှောက်ရုံမျှသာ ဖြစ်ပါတယ်။

အရှင်ဂမ္ဘီရနဲ့ သံဃာတော်တွေကလဲ စားဝတ်နေရေးပြေလည်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံရေးအကျဉ်းသမားများ လွှတ်ပေးရေးအတွက် မေတ္တာပို့ ဆုတောင်းခဲ့ကြရုံမျှ သာ ဖြစ်ပါတယ်။ ဒါကို ဘယ်လိုလုပ်ပြီး ဤမျှကြီးလေးလှတဲ့ နှစ်ပေါင်းများလှစွာသော ထောင် ဒဏ်တွေကို ပေးအပ်ခဲ့တယ်ဆိုတာ စဉ်းစား၍မရနိုင်အောင်ပင် ဖြစ်ရပါတယ်။ ပြည်သူလူထု အားလုံးက မြန်မာစစ်အစိုးရရဲ့ ဒီလုပ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ် ကြေကွဲဝမ်းနည်းခဲ့ကြရ ပါတယ်။

ဒီဖြစ်ရပ်တွေရဲ့ အကြောင်းရင်းကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ လူတွေရဲ့ အခြေခံ အခွင့်အရေးအတွက် ပါးစပ်နဲ့ တောင်းဆိုခဲ့ကြရုံမျှပါပဲ။ ဒါပေမဲ့ ပါးစပ်ပဲပါတဲ့ လူကို သေနတ်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက ငါတို့ရဲ့ အာဏာကို မထိပါးနဲ့၊ ထိပါးလာရင် ဒီလို ခံရမယ်လို့ တမင်သက်သက် အာဏာပြ ထင်တိုင်းကျဲပြီး ခြိမ်းခြောက်နေတာပါပဲ။ ဒီလို အငြှိုး အတေးတွေနဲ့ နိုင်ငံရေးတက်ကြွသူတွေအပေါ် အာဃာတမုန်တိုင်းဆင်နေတဲ့ နအဖစစ်အစိုးရက ၂၀၁၀ ခု ရွေးကောက်ပွဲကို တရားမျှတစွာ လုပ်မယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ယုံကြည်ကြရမှာ လဲ။ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ဆိုတာလဲ မြန်မာနဲ့ ကမ္ဘာကို လိမ်လည်ဖို့ ကြိုးစားမှု အစီအစဉ်ကြီးတရပ်သာ ဖြစ်တယ်ဆိုတာ ထင်ရှားသည်ထက် ထင်ရှားနေပြီ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ် အင်အားပြင်းပြင်း၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်ခဲ့တဲ့ ဖိနှိပ်မှုမုန်တိုင်းအရှိန်ကြောင့် နိုင်ငံရေးသမား မိသားစုတွေ ဘယ်လောက် ဒုက္ခရောက်နေကြရတယ်ဆိုတာ ရန်ကုန်မြို့က နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အင်းစိန်တောရ ထောင်ဘူးဝကို လာကြည့်ရင် သိမြင်နိုင်မှာဖြစ်ပါတယ်။ အာဃာတမုန်တိုင်းရဲ့ ဗဟိုချက်မဖြစ်တဲ့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ထောင်ချခံရပြီးနောက် ဘယ်အရပ် ဘယ် ဒေသသို့ အပို့ခံရမှန်းမသိလို့ သားပျောက်ရှာနေတဲ့ အသက် ၈၀ ဝန်းကျင် အမေတွေ၊ သမီး ပျောက်ရှာနေတဲ့ အဖေတွေ၊ အဖေပျောက်ရှာနေတဲ့ သားသမီးတွေ၊ အစ်ကိုပျောက်ရှာနေတဲ့ နှမလေးတွေ၊ ခင်ပွန်းပျောက်ရှာနေတဲ့ ဇနီးသည်တွေကို တွေ့မြင်နိုင်ပါတယ်။

တချို့ဇနီးသည်တွေဆိုရင် ကိုယ်ဝန်အရင့်အမာနဲ့။ တချို့လဲ ရင်ခွင်ပိုက်ကလေးငယ်ကို လက်ဆွဲလို့။ သူတို့အားလုံးဟာ မုန်တိုင်းနဲ့အတူ လွင့်ပါပြီး ဘယ်ကိုပို့လို့ ဘယ်ကိုရောက်သွားမှန်း မသိရတဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို နံနက်မိုးလင်းက မိုးချုပ်တဲ့အထိ သတင်းကြားရနိုးနိုးနဲ့ စောင့်စားရင်း အချိန်ကုန်နေကြရတယ်။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်အစ်ကို၊ ကိုယ့်မောင်၊ ကိုယ့်ခင်ပွန်းကို မြင်တွေ့ရနိုးနိုး စောင့်စားရင်းနဲ့ ထောင်ဘူးဝရှေ့မှာ ထမင်းထုပ်ကလေး ဆွဲသူ လဲ ဆွဲလို့။ သောက်ရေသန့်ဗူးလေးကိုင်ရင်း ဟိုအရိပ် ခိုရတော့မလို၊ ဒီအရိပ်မှာ နားရတော့မလို။ ပြီးတော့ ဟိုသတင်းက အမှန်လား။ ဒီသတင်းက အတည်လား။ ဘာမှ ရေရေရာရာမရှိလှတဲ့ အခြေအနေကြားမှာ သိပ်ကို ပင်ပန်းနွမ်းနယ်နေကြပါပြီ။

ဒီအခြေအနေအမှန်ကို ကမ္ဘာတဝှမ်းက ဘယ်အတိုင်းအတာအထိ သိနိုင်ကြားနိုင်သလဲ တော့ မသိနိုင်ပါ။ မြန်မာပြည် ရန်ကုန်မြို့က အင်းစိန်တောရမှာတော့ နအဖစစ်အစိုးရရဲ့ အာဃာတမုန်တိုင်းကြီးဟာ ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်လက်တိုက်ခတ်နေ ဆဲပါ။


ကြောက်မွေးပါ ဇာဂနာနဲ့နုတ်

အေးချမ်းမြေ့

စစ်အစိုးရကတော့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ပြည်သူများကို မည်သို့ ပံ့ပိုးလိုက်မည် ကူညီလိုက်မည် ဆိုသည်ထက် လူမှုရေး စိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ကူညီ သူများကို မည်သို့ဖမ်းဆီးလိုက်မည်၊ မည်သည့် အပြစ်ဒဏ် ချမှတ်လိုက်မည် ဆိုသည့် အတွေးများသာ ပွားနေပုံရသည်။

နာဂစ် ကူညီကယ်ဆယ် ရေးများ ပြုလုပ်ခဲ့သည့် လူ ၂၂ ဦးကို စစ်အစိုးရက ဖမ်းဆီးထားကာ ၎င်းတို့ အထဲမှ ၆ ဦးကို ယခုအခါ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက သက်သေ ဖြစ်၏။ ထိုအထဲမှ လူသိများသော လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့သည့် သောကြာ နေ့ကမှ ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်ပြီး ဖြစ်သည်။

အစိုးရက မလိုလားသည့် ကြားမှ၊ ပိတ်ပင် တားဆီးမှုများ အမျိုးမျိုး လုပ်ဆောင်သည့် ကြားမှပင် ကိုယ့်အသိ စိတ်ဓာတ်ဖြင့် ကိုယ့်အိတ် ကိုယ်စိုက်ကာ ကူညီ ကယ်ဆယ် ရေးများ လုပ်ဆောင် ခဲ့သည့် ပြည်တွင်း အလှူရှင်များ၊ ပြည်တွင်း ကယ်ဆယ်ရေး လုပ်သားများ များစွာ ရှိခဲ့သည်။ ထိုသူတို့၏ လုပ်ဆောင်မှုနှင့် အလှူများကို အသိအမှတ် မပြု၍ မရအောင် ရှိသော်လည်း စစ်အစိုးရကတော့ အမျိုးမျိုး ထိန်းချုပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ပြည်တွင်း အလှူရှင်များနှင့် စေတနာရှင် လုပ်အား အလှူရှင်များ အပါအဝင် အိုင်အန်ဂျီအို၊ အန်ဂျီအို တချို့ကို ဒုက္ခသည် များအား တိုက်ရိုက် ကူညီရန် ခွင့်မပြုခြင်းများ ရှိခဲ့သည်။ ဒုက္ခသည် များကို ကူညီခွင့်ရရန် ကြံ့ဖွံ့များ၊ ကျေးရွာ အာဏာပိုင်များ၊ ရယကများနှင့် ပူးပေါင်းကြမှသာ အဆင်ပြေသည်။

မြစ်ဝကျွန်းပေါ်မှ ပြည်သူများ အတွက် ပြည်တွင်း ပြည်ပမှ လှူဒါန်းသည့် ပစ္စည်းများကို ဦးဆောင်၍ ထိရောက်စွာ ပေးပို့ခဲ့သူများ ထဲတွင် ကိုဇာဂနာက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်ကို လူအများ အသိပင် ဖြစ်၏။ ထိုစဉ်က ၎င်းကို ဧရာဝတီ မဂ္ဂဇင်းက အင်တာဗျူး အကြိမ်ကြိမ် လုပ်ခဲ့ရာ ၎င်းထံသို့ ရောက်ရှိနေသော ပြည်တွင်း ပြည်ပမှ အလှူပစ္စည်းများနှင့် အလုပ်ရှုပ်ရင်း အားပါးတရ စကားပြောခဲ့သည်။

သူနှင့်အတူ သူ့ကိုချစ်ခင်သော ရုပ်ရှင် အဖွဲ့သားများ၊ အနုပညာရှင် များကလည်း ငွေအား၊ ပစ္စည်းအား၊ လူအားဖြင့် တတ်အား သရွေ့ ပါဝင် ကူညီခဲ့သည်။ အဖွဲ့ အသီးသီးခွဲ၍ သွားလာရန် ခက်ခဲသော လူသူ အရောက် အပေါက် နည်းသည့် မြစ်ဝကျွန်းပေါ် ဒေသများသို့ သွားကာ အလှူရှင်များ ပေးပို့လိုသည့် အစားအစာ၊ ဆေးဝါး နှင့် အိမ်သုံး ပစ္စည်းများကို အရောက် ပေးပို့နိုင်ခဲ့သည်။

ထိုစဉ်က အစိုးရနှင့် အိုင်အန်ဂျီအို တချို့တို့ ကယ်ဆယ် ကူညီရေး လုပ်ငန်းများ လုပ်နေကြပြီ ဖြစ်သော်လည်း မြို့ပေါ်တွင်သာ ကယ်ဆယ်ရေး စခန်းများဖွင့်၍ လုပ်ကိုင်ကြခြင်း ဖြစ်ပြီး သွားလာရန် ခက်ခဲသော ဒေသများသို့ ထိုသူတို့ မရောက်ရှိနိုင်ခဲ့ကြပေ။

“ကျနော်တို့ ရောက်သွားတဲ့ ဘိုကလေးအပိုင် ရွာ ၄၂ ရွာဆိုရင် ဘာမှကို မရကြသေးဘူး။ နိုင်ငံတော် အဆင့် အကူအညီမပြောနဲ့ ယူအန်ဆီကကော၊ ဘယ်အန်ဂျီအိုဆီကမှ အကူအညီတွေ မရသေးဘူး” ဟု နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဝင်ပြီး နောက်ပိုင်းတွင် ဧရာဝတီကတွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူး၌ ကိုဇာဂနာက ပြောကြားခဲ့သည်။

ကိုဇာဂနာကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီလှူဒါန်းသည့် အလုပ်များ လုပ်ကိုင်နေစဉ် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည်။ ၎င်း ဖမ်းဆီးမခံရခင် ဘီဘီစီရေဒီယိုနှင့် အင်တာဗျူး၌ စစ်အစိုးရနှင့် ယူအန်အပါအဝင် အန်ဂျီအို တချို့အား ဝေဖန်ပြောကြားခဲ့သေးသည်။

ဧရာဝတီ မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းစဉ်ကလည်း ၎င်းက “ကျနော်တော့ယူအန်ကို ဘဝင်မကျဘူး။ သူတို့က ဘာဖြစ်လို့ အစိုးရရဲ့ အကြိုက်ပဲလိုက်လုပ်နေရတာလဲ။ တကယ်ဆို ဒီလိုလူမှုကူညီရေးတွေလုပ်ဖို့ ဒီ့ထက် စွန့်စွန့်စားစား လုပ်သင့်တယ်” ဟု ပြောခဲ့သေးသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေရင်း အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ရသည့် အဖြစ် အပျက်များကိုလည်း ကိုဇာဂနာက ပြောပြခဲ့သည်။ အသက်အန္တရယ်အတွက် တာဝန်မယူဆိုသည့်တိုင်အောင် သူတို့အဖွဲ့များက လူသူအရောက်အပေါက်နည်းရာ ဒေသများသို့ ပင်ပင်ပန်းပန်း သွားရောက်ခဲ့သည်။

ယူအန်က မြန်မာပြည်တွင်း၌ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ရရန် စစ်အစိုးရ၏ ယုံကြည်မှုကို တည်ဆောက်ယူနေသည်ဟု မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရတော့ ဒုက္ခသည်များကို ကူညီပေးနေသူများအပေါ် ပိုမို စိတ်ဝင်တစား ထိန်းချုပ်ချင်နေသည်ဟု ပြည်တွင်းအလှူရှင်များနှင့် အန်ဂျီအိုဝန်ထမ်းများက ပြောနေကြ သည်။

လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူတို့ကို ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ချင်းမိုင် တက္ကသိုလ်အခြေစိုက် ဗဟုဖွံ့ဖြိုးရေး အစီအစဉ်မှ ကိုအောင်သူငြိမ်းက “ဒီလို လူသိများတဲ့ ကိုဇာဂနာလို လူမျိုးတွေကို လူမှုရေးလုပ်လို့ ဖမ်းတယ် ဆိုတာက နိုင်ငံရေး အငြိုးအတေးနဲ့လုပ်တာပါ” ဟု ပြောသည်။

ကိုဇာဂနာကို အီလက်ထရွန်းနစ်ပုဒ်မ ၃ မှုအပါအဝင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၃၃ (က)၊ ၃၂ (ခ)၊ ပုဒ်မ ၃၈ တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၄၅ နှင့်ချမှတ်ခဲ့ပြီး ၎င်းနှင့်အတူ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ကိုဇော်သက်ထွေးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။ သူတို့ ၂ ဦးနှင့် အမှုတွဲ တတွဲတည်းဖြစ်သော ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ် ချမှတ်လိုက်ပြီး ကိုသန့်ဇင်အောင်ကိုမူ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။

“နိုင်ငံရေးနောက်ခံရှိထားတဲ့ ဘယ်သူ့ကိုမဆို လူမှုရေးလုပ်ငန်းတွေမှာ ဝင်လုပ်တာမျိုး အစိုးရကမလိုလားဘူးဗျ” ဟု ကိုအောင်သူငြိမ်းက ဆိုသည်။

ကိုဇာဂနာက ၁၉၈၈ မတိုင်ခင်ကတည်းက မြန်မာ့ရုပ်မြင်သံကြားတွင် ကပြခဲ့သော မိုးနတ်သူဇာ အငြိမ့်၌ လူရွှင်တော်အဖြစ် အသုံးတော်ခံရင်း အခွင့်သာလျှင်သာသလို မဆလ အစိုးရနှင့် အာဏာပိုင်များကို သရော်လှောင်ပြောင်ခဲ့သည်။ သူ၏ သရော်ချက်များကို လူအများက နှစ်သက် အားပေးကြပြီး ၁၉၈၈ လူထု လှုပ်ရှားမှုကြီးတွင် တက်ကြွသော လှုပ်ရှားသည့် ကျောင်းသားတဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ၎င်းကိုထောင်ဒဏ် ၄ နှစ်ပြစ်ဒဏ်သတ်မှတ်ခဲ့သည်။

ကိုဇာဂနာမှာ ထောင်မှထွက်လာပြီးနောက်ပိုင်းတွင်လည်း အနုပညာလုပ်ငန်းများ လုပ်ဆောင်ရင်း စစ်အစိုးရကို မကြောက်မရွံ့ ဆက်လက် သရော်လှောင်ပြောင်နေဆဲဖြစ်သည်။ ၎င်းကို စစ်အစိုးရက ၂၀၀၆ ခုနှစ် ဧပြီလမှစ၍ ရုပ်ရှင်နှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ပါဝင်ခွင့် ပိတ်ပင်ခဲ့သည်။

ဧရာဝတီတိုင်းအတွင်း ပြန့်ကျဲနေသော လူသေအလောင်းများကို အစိုးရနှင့် အန်ဂျီအို အဖွဲ့များက ရှင်းလင်း မြှုပ်နှံခြင်းများ မပြုနိုင်ခဲ့သည့် ထိုအချိန်တွင် မြန်မာထရီဗြွန်းဂျာနယ် အယ်ဒီတာချုပ် ကိုအောင်ကျော်ဆန်း နှင့်အဖွဲ့က လူသေအလောင်းများကို ရှင်းလင်းမြှုပ်နှံခြင်း လုပ်ငန်းများ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့လုပ်ဆောင်သောကြောင့် ကိုအောင်ကျော်ဆန်းအပါအဝင် အလောင်းမြှုပ်သူ ၇ ဦးကို ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သလို နာဂစ်ကူညီရေးလုပ်ငန်းများ လုပ်ဆောင်သောကြောင့်ပင် အီကိုဗစ်ရှင်းဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း၊ အနုပညာရှင်များပါဝင်သည့် အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသော အဖြူရောင် သက်တံအဖွဲ့ အပါအဝင် တခြားသောလူမှုကူညီရေး အသင်းများမှာလည်း အစဉ်အမြဲ စစ်အစိုးရ၏ အာရုံထားစောင့်ကြည့်ခြင်းကို ခံနေကြရသည်။

“အစိုးရက ခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေကို ထောင်ချတယ်ဆိုတာက မြန်မာပြည်ထဲက လူမှုရေး အဖွဲ့အစည်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရလုပ်စေချင်တာပဲ လုပ်ရမယ်ဆိုတဲ့ သတင်းစကား ပါးလိုက်တာပဲ” ဟု ရန်ကုန်အခြေစိုက် လူမှုရေးလုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသူ တဦးက ပြောသည်။

ယခုကဲ့သို့ ကိုယ့်အားကိုယ်ကိုးသည့် ပြည်တွင်းအလှူရှင်နှင့် ကူညီရေးလုပ်သားများက ထောင်သွင်း အကျဉ်းချ ခံနေရစဉ်တွင် ကြံ့ဖွံ့၊ အမျိုးသမီးရေးရာ စသည့် အစိုးရမျက်နှာသာ ပေးခံရသည့် အဖွဲ့အစည်းများက လွတ်လပ် စွာဖြင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်သည့် အလှူများကို လက်ခံရင်း ဓာတ်ပုံရိုက်ခံနေကြသည်မှာ ရယ်စရာကောင်းလှသည်။

ကိုဇာဂနာကတော့ ၄၅ နှစ်ထောင်ချခံရလည်း ဦးညွှတ်မည့်သူတော့မဟုတ်။ ရယ်စရာကောင်းသည့် စစ်အစိုးရကို သရော်လှောင်ပြောင်ရင်း ထောင်တွင်းအချိန်များကို ကုန်ဆုံးနေစေလိမ့်မည်မှာ သေချာလှသည်။

မြန်မာစကားတွင်လည်း “ကြောက်မွေးပါဇာဂနာနဲ့နုတ်” ဟူ၍ ရှိထားသည် မဟုတ်ပါလား။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,30th,2008

( 14 )Myanmar junta crackdown nabs journalists

( 13 )Expose of the Burmese dictatorship win Amsterdam doc award

( 12 )Myanmar court sentences 2 journalists to 7 years in jail for undermining regime

( 11 )Journalists caught in crackdown by Myanmar junta

( 10 )China, Myanmar vow to promote bilateral ties

( 9 )In dilemma and a quagmire

( 8 )Unfair Imprisonments and Inhumane Prison Transfers Continue in Burma

( 7 )Shan New Year's Day in California

( 6 )Shan New Year's Day on Sino-Burma border

( 5 )သုဝဏ္ဏဘူမိ လေဆိပ်တွင် သောင်တင်နေသော မြန်မာခရီးသည်များ ထွက်ခွာနိုင်ပြီ

( 4 )2010 election plans are underway, says Myanmar leader

( 3 )Oslo calling … with all the news from the land ruled by junta

( 2 )Lectures of Prof. Win : In Response to Burma Digest

( 1 )လမ်းညွှန်အစီအစဉ်သာ စစ်အစိုးရ၏ တခုတည်း သော နည်းလမ်း

Saturday, November 29, 2008

အူကြောင်ကြောင် နအဖ လူကြီး ခရီးစဉ်

Kaowao

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ခယကရုံးမှ ညွှန်ကြားစာတစ်စောင်၌ မကြာမီ ရက်ပိုင်းတွင် မွန်ပြည်နယ် တောင်ပိုင်း ဒေသသို့ အရေးကြီးပုဂ္ဂိုလ်များ ခရီးစဉ်အတွက် သက်ဆိုင်ရာ မယကများ ကြီးကြပ်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ဖေါ်ပြထားပါသည်။


မည်သည့်ပုဂ္ဂိုလ်က မည်သည့်နေ့ရက်တွင် မည်သည့်ကိစ္စဖြင့် လာရောက်မည်ကို အရိပ်အမြွက်မျှ ဖေါ်ပြထားခြင်း မရှိသဖြင့် ရေးမြို့ ရယက အပါအဝင် လက်အောက်ခံ လမိုင်းမြို့နယ်ခွဲရုံး၊ ခေါဇာမြို့နယ်ခွဲ ရုံးတို့မှ ဝန်ထမ်းများ အဆင်သင့်အနေအထားတွင် ပြင်ဆင်ပြီး စောင့်ဆိုင်းနေရကြောင်း၊ မည်သည့်ပုဂ္ဂိုလ် မှလည်း ပေါ်မလာသေး ကြောင်း၊ အဓိပ္ပါယ်မဲ့သော ညွှန်ကြားချက်ကြောင့် အူကြောင်ကြောင် နိုင်လွန်းသည် ဟု ရုံးစာရေးတစ်ဦးက ဖွင့်ပြောပါသည်။

လွန်ခဲ့သော နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် မော်လမြိုင်ခရိုင် ခယကရုံးမှ သက်ဆိုင်ရာ မယကရုံးများ၊ မြို့နယ်ခွဲရုံးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အင်ဂျင်နီယာရုံး၊ စည်ပင်သာယာရုံး၊ ရပ်ကွက် ကျေးရွာ ဥက္ကဌ အဆင့်ဆင့်သို့ ပေးပို့သော ညွန်ကြားချက်၌ မကြာမီ ကာလတွင် အရေးကြီးပုဂ္ဂိုလ်များ လာရောက်ရန် ရှိသဖြင့် မိမိဒေသရှိ သက်ဆိုင်သည့် လမ်းများ၊ လမ်းပုခုံးများ၊ တံတားနှင့်အုတ်ခုံ ဝဲယာ တို့ကို ပြင်ဆင်ထားရန် နှင့် ကားလမ်းဘေးတလျှောက် ခြုံများ ရှင်းလင်းထားရန်၊ မိုင်တိုင် အမှတ်အသား၊ ဓါတ်တိုင်များ တည့်မတ်မှု ရှိစေရန်၊ ရာဘာခြံတိုင်းတွင် ခြံပိုင်ရှင်အမည်၊ ဧကအကျယ်အဝန်း၊ ပျိုးပင် အမျိုးအစားတို့ကို ထင်ရှားစွာ ရေးသားထားရန်၊ ကားလမ်းဘေးတလျှောက် အိမ်များ ခြံစည်းရိုးကာရံ၍ ထုံးသုတ်ထားရန်တို့ ပါရှိသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့နယ်နှင့် လမိုင်း၊ ခေါဇာမြို့နယ်ခွဲများမှ မယက၊ ရယကများ ကျေးရွာလူထုအပေါ် လုပ်အားပေးခိုင်းစေခြင်း၊ ငွေကြေးကောက်ခံခြင်းနှင့် မဖြစ်မနေ ထုံးသုတ်စေခြင်း ကိစ္စတို့တွင် အလွန် အလုပ်များနေကြကြောင်း ဝန်ထမ်းများက ပြောဆိုနေပါသည်။


မျိုးဆက်တဆက်စာ ရင်းလိုက်ရပြီ

ရဲနည်

သံဃာတော်များ၊ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူများ၊ ရှေ့နေများနှင့် အမျိုးသမီးများ အပါအဝင် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ကြိုးပမ်း လှုပ်ရှား နေသူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်း၊ ဝေးလံသော အရပ်များသို့ ရွှေ့ဆိုင်းထောင်ချခြင်းများ ပြုလုပ်လိုက်ခြင်းက စစ်အစိုးရအနေနှင့် မြန်မာပြည် ကောင်းရာ ကောင်းကျိုးအတွက် ဆောင်ရွက်နေသူများကို နောက်ဆုံး စော်ကားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်သူလူထုကို စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်အား ဖိအားပေး ထောက်ခံ ခိုင်းကာ ငြိမ်းချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်မည်ဟု ပြောနေရင်းက ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည့်အပေါ် နိုင်ငံတကာ အသိုင်းအဝန်း၏ တုန့်ပြန်ချက်က အားနည်းလျော့ပါးလွန်းလှသည်။

ယခင်တပတ်က ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်နိုင်ခဲ့သော်လည်း ယင်းကြေညာချက်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ နှင့် ကြားနေ ၆၃ မဲ ရရှိခဲ့ သည်ကိုကြည့်ခြင်းဖြင့် မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာမိသားစုက ခိုင်မာ ညီညွတ်သည့် ရာဇသံ ပေးနိုင်ခြင်း မရှိကြောင်း ပြညွှန်းနေသည်။

တချိန်တည်းတွင် အာဆီယံ ဒေသတွင်းနိုင်ငံများသည်လည်း မြန်မာစစ်အစိုးရ၏ လတ်တလော ဖမ်းဆီး ထောင်ချမှုများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသည့်ပြင် အိမ်နီးချင်း ၂ နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံများကလည်း မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံဖို့ နေနေသာသာ ၎င်းတို့၏ အကျိုးစီးပွား အတွက် စစ်အစိုးရနှင့် ပူးပေါင်းခွင့်ရရေးကိုသာ ကြိုးပမ်းနေကြသည်။

တရုတ်ပြည်က လာမည့် ၂၀၀၉ တွင် ရခိုင်ပြည်နယ်မှတဆင့် ယူနန်ထိ ရေနံပိုက်လိုင်း တည်ဆောက် တော့မည် ဖြစ်ကြောင်း သတင်းများထုတ်ပြန် ထားပြီးဖြစ်သည်။ တချိန်တည်းတွင် အိန္ဒိယကလည်း ယခုအခါ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရန် ကံထရိုက်စာချုပ်ချုပ်ဆို ပြီးပြီဖြစ်သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သည် ဆိုသော်လည်း အမေရိကန် အိမ်ဖြူတော်အနေနှင့် လတ်တလော မြန်မာ့အရေးကို လှည့်ကြည့်နိုင်မည့် အနေအထား မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရင်ဆိုင်နေရသည့် ကမ္ဘာ့စီးပွားပျက်ကပ် ကိစ္စ ဖြေရှင်းရန်၊ အစိုးရသစ်အပ်နှင်းရန်နှင့် အာဖဂန်နစ္စတန်နှင့် အီရတ် ပြဿနာများဖြေရှင်းရေးက ပိုမို အရေးကြီး သည့်ကိစ္စရပ်များ ဖြစ်နေပေသည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်အခြေစိုက် မြန်မာပြည် လူ့အခွင့်အရေးရရှိရေးအတွက် လှုံ့ဆော် မဲဆွယ် နေသူများကမူ အမေရိကန်သမ္မတသစ် အိုဘားမားနှင့် ၎င်း၏ အစိုးရသစ်အနေနှင့် နိုင်ငံခြားရေး မူဝါဒကို ဦးစားပေးလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ ထိုကိစ္စရပ်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။

သို့ရာတွင် နိုင်ငံရေးကျွမ်းကျင်သူများ ဆိုသည့် ပညာ့အိုးကွဲများကတော့ “ဘာမှမရှိတာထက်စာရင် တခုခု ရှိတာက ပိုကောင်းပါတယ်” ဟူ၍ စိတ်ပျက်စရာ ပြောဆိုနေဆဲဖြစ်သည်။ ထိုသူတို့၏ ပြောဆိုမှုများက မြန်မာပြည်ကြီး အမှောင်မိုက်ဆုံး ကာလကို ချဉ်းကပ်နေပြီဟု ညွှန်ပြနေသည့်အလားပင်။

သူတို့ကပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အနှစ် ၂၀ အတွင်း မဟာဗျူဟာကျသော ကျဆုံးမှုကို ဆောင်ကျဉ်းခဲ့သူများဟု ပြင်းပြင်းထန်ထန် ဝေဖန်ကြပြန်သည်။

ထိုပညာ့အိုးကွဲများက ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သမ်းကာ စစ်ဗိုလ်ချုပ်များချမှတ်ထားသည့် အခြေခံ ဥပဒေသစ်အောက်၌ အောင်မြင်သည့် အခွင့်အလမ်းတခု ပွင့်နိုင်သည်ဟု ယုံကြည်နေကြသည်။

အမှန်က နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များမှာ ပြည်သူလူထုကို အာဏာခွဲပေးဖို့ နေနေသာသာ ၎င်းတို့ အချင်းချင်းပင် ခွဲဝေယူရန် မလောက်မင ဖြစ်နေဆဲရှိသေးသည်။

တချိန်တည်းတွင် လက်တွေ့ကျသူများဟု မိမိကိုယ်မိမိ ပြောနေသူများကလည်း မြန်မာ့နိုင်ငံရေးကို အတွင်း နှင့် အပြင် ဟူ၍ ခွဲခြားကာ ပြည်ပ (အပြင်) မှ အတိုက်အခံများကို စစ်အစိုးရအပေါ်ဝေဖန်ရုံသာ တတ်နိုင်ပြီး ပြည်တွင်း (အတွင်း) ရှိ ပြည်သူလူထု နေ့စဉ်ခံစားနေရသည့် ဝေဒနာများကို အဖြစ်မှန်အတိုင်း မသိရှိသူများ ဟု စွပ်စွဲပြောဆို နေပြန်သည်။

သေချာသည်ကတော့ လတ်တလော ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ဒီမိုကရေစီအရေး ကြိုးပမ်းသူ တို့ကသာ အတွင်း နှင့် အပြင် ဟူသော ဝေါဟာရများကို အမှန်တကယ် သိရှိသူများ ဖြစ်ပေလိမ့်မည်။ တနေ့တနေ့ မှောင်မိုက်စိုစွတ် ညစ်ပတ်ပေရေလှသော ကြိုးတိုက်ခန်းထဲတွင် နိုးထကာ အချိန်များစွာကို ကျော်ဖြတ်နေရသည့် သူတို့လောက် အတွင်းနှင့်အပြင် ခြားနားချက်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိအခြေအနေအရ ရွေးစရာလမ်းလုံးဝမရှိ။ နိုင်ငံရေးအရ လမ်းပိတ်နေသည့် ယခု အနေအထားတွင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းကသာ တခုတည်းသော ဖြေရှင်းရန်နည်းလမ်းဟု မြင်ပါသည်။

မြန်မာပြည်သူလူထုက ဒီမိုကရေစီ အရုဏ်ဦးကို မနက်ဖြန်တွင် မြင်ရလိမ့်မည်မဟုတ် ဆိုသည်ကို နားလည် ထားပြီးဖြစ်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအိုဟေးကင်တနာ၏ စကားအတိုင်း ပြောရလျှင် “ဒီမိုကရေစီဆိုတာ တညတည်းနဲ့ ရနိုင်တဲ့အရာမဟုတ်ဘူး။ မျိုးဆက်နဲ့ချီပြီးကို စောင့်ရမှာ” ဟု ဆိုရမည် ဖြစ်သည်။

ယနေ့အချိန်တွင် ငယ်ရွယ် နုပျိုပြီး ဥာဏ်ပညာနှင့်ပြည့်စုံသော မျိုးဆက်သစ် ခေါင်းဆောင် များကို ကမ္ဘာက အလိုရှိနေသည်မှာ အမေရိကန်သမ္မတ အိုဘားမားက သက်သေဖြစ်သည်။ “အပြောင်းအလဲ” ဆိုသည့် စကားလုံးကိုလည်း ကမ္ဘာ့လူထုက မျှော်လင့်တကြီးဖြင့် ပြောဆိုနေကြပြီ။

သို့ရာတွင် မြန်မာပြည်၏ မျိုးဆက်သစ် ခေါင်းဆောင်ဖြစ်သင့်သူများကတော့ လမ်းမပေါ်တွင် အသတ်ခံရ၊ နှစ်ရှည် ထောင်ချခံရ၊ ထွက်ပြေး တိမ်းရှောင် ပုန်းခိုရနှင့် ရုန်းကန်နေရဆဲ ဖြစ်သည်။

ထိုသို့ ပြင်းထန်သော ထောင်ဒဏ်များ ချမှတ်ခံရသည့်တိုင်အောင် ထိုသူတို့က လုံးဝ ဒူးထောက် အရှုံးပေး လိမ့်မည်မဟုတ်ပေ။ စစ်အစိုးရ၏ တရားရုံးက ထောင်ဒဏ် များချမှတ်ပြီးချိန်တွင် ၆၅ နှစ် ထောင်ဒဏ် သတ်မှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းဇေယျက မကြောက်မရွံ့ ကြွေးကြော်ခဲ့သည်ကို အားလုံးသိပြီး ဖြစ်သည်။

“၆၅ နှစ်ထဲလားကွ” ဟု သူ ကြွေးကြော်ခဲ့ပြီ။

ကမ္ဘာကြီးက အရှေ့သို့ရွေ့လျားနေပါသည်။ လူသားအားလုံး မိမိလုပ်ဆောင်စရာ ရှိသည်တို့ကို နေ့စဉ် လုပ်ဆောင်နေရပါလိမ့်မည် …။ သို့သော် ရဲရင့်ကာ သတ္တိနှင့် ပြည့်စုံသော အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်နေသူများကိုတော့ မမေ့မလျှော့သင့်၊ ထို့ပြင် မှောင်ပိန်းသော နံရံလေးဘက်အလယ်တွင် သူတို့ကို သေဆုံးခွင့် မပြုသင့်ဟု ဆိုချင်ပါသည်။


လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလုပ်ဖြုတ်ခံရ

Narinjara News

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့မှ ရဲအရာရှိသုံးဦးကို လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ယနေ့တွင် အလုပ်မှ ထုတ်ပယ်လိုကကြောင်း သတင်း ရရှိသည်။

အလုပ်မှ ထုတ်ပယ်ခံရသူ ရဲအရာရှိများမှာ မောင်တောခရိုင်ရဲမှူး ၊ မြို့နယ်မှူး ဦးထွန်းရင်နှင့် မောင်တောမြို့ စခန်းမှူး ဦးညီလွင်စိုး တို့ဖြစ်ကြသည်။

အဆိုပါ ရဲအရာရှိသုံးဦး အလုပ် ဖြုတ်ခံရခြင်း ကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့ ရဲစခန်းနှင့် နီးစပ်သူ တဦးက “သူတို့ကို အလုပ် ဖြုတ်လိုက်တဲ့ အဓိက ကိစ္စကတော့ စခန်းမှူး ညီလွင်စိုးနဲ့ပတ်သက်နေပါတယ်။ လွန်ခဲ့တဲ့ ၁လခန့်က စခန်းမှူးညီလွင်စိုးဟာ မူဆင်လင် အမျိုးသားတဦးဆီက ဘင်္ဂလာနိုင်ငံက တဆင့် တင်သွင်း အသုံးပြုနေတဲ့ မိုဘိုင်းဖုံးကို သွားဖမ်းတဲ့အခါ သိန်းတရာ လာဒ်တောင်းခံခဲ့ပါတယ်။ အဲဒီ မူဆလင် အမျိုးသားဟာ နစက ကွပ်ကဲရေးမှူးရဲ့ လူဖြစ်နေတဲ့အတွက် နစကနဲ့ရဲအဖွဲ့ အကြား ပြဿနာ ဖြစ်ပွားပြီး ခုလို ရဲအရာရှိတွေ အလုပ်ဖြုတ်ခံရတာ ဖြစ်ပါတယ်။”ဟု ပြောသည်။

စခန်းမှူး ဦးညီလွှင်စိုး ဖမ်းဆီးခဲ့သော မူဆလင်အမျိုးသားမှာ မောင်တောမြို့နယ် ဒုချားရားတန်းကျေးရွာမှဖြစ်ပြီး နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီး၏ အတွင်းလူ ဖြစ်ကြောင်း သိရသည်။

မူဆလင်အမျိုးသားသည် စခန်းမှူးညီလွင်စိုးအား တောင်းခံသော ကျပ်ငွေသိန်းတရာကို ပေးလိုက်ပြီး ငွေတောင်းခံစဉ် ပြောဆိုပုံများကို အသံဖမ်းယူထားလိုက်ပြီး နစက ကွပ်ကဲရေးမှူးမှ တဆင့် ပြည်နယ်သို့ တိုင်းကြားခဲ့သည်။

ထိုသို့ တိုင်ကြားခဲ့သဖြင့် ရခိုင်ပြည်နယ် အထူးစုံးစမ်းစစ်ဆေးရေး ဦးစီးဌာနမှ လာရောက်စစ်ဆေးခဲ့ပြီး ငွေတိုက်ရိုက်တောင်းခံသူ ဦးညီလွှင်စိုး အပါအ၀င် အဆိုပါ ငွေများအား ခွဲဝေလက်ခံယူခဲ့သူ ခ၇ိုင်ရဲမှူး အအပါအ၀င် မြို့နယ် ရဲမှူးပါ အလုပ်မှ ဖြုတ်ထုတ်ခြင်းကို ခံခဲ့ရသည်။

စခန်းမှူးညီလွင်စိုးနှင့် ခရိုင်ရဲမှူးတို့သည် ဆရာနှင့် တပည့်ဖြစ်ကြပြီး ယခင်ကလည်း ညီလွင်စိုး ကျူးလွန်ခဲ့သော လာဘ်ပေးလာဘ်ယူမှုတို့ကို မျက်ကွယ်ပြုထားပေးသူ တဦးဖြစ်ကြောင်း သိရသည်။

အကျဉ်းစံ ဓမ္မ၀ါဒီတို့၏ အနစ်နာခံ ပါရမီ


သံသရာသက်တမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် လူ့ဘ၀သက်တမ်းဟူသည် ရေပွက်ပမာ ခဏတာမျှသာဖြစ်၏။ ထိုသို့ ခဏတာ လူ့ဘ၀ကိုပင် ရဖို့ရာ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုသည့် ဗုဒ္ဓဒေသနာတော်အရ လွန်စွာပင် ခက်ခဲလှ၏။ ထိုမျှရခဲလှသော လူ့ဘ၀၏ တိုတောင်းလှသော ကာလအတွင်းမှာပင် လူတို့သည် သောကကို ရင်ဝယ်ပိုက်ပြီး လူ့ဘ၀ကို ဖြတ်သန်းနေကြရသည်ဆိုပါက ရခဲလှသော လူ့ဘ၀ကို ရလာရခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်။

သို့သော် ယနေ့ အမိမြန်မာပြည်ရှိ လူသားများသည် လူရယ်လို့ စဖြစ်လာပြီဆိုကတည်းက လူသား၏ ရပိုင်ခွင့်၊ ရပ်တည်ရှင်သန်ပိုင်ခွင့်များကို ထိန်းချုပ်ခံနေရလေပြီ။ အာဏာမရှိသူ (၀ါ) မထိန်းချုပ်နိုင်သူသည် အာဏာရှိသူ (၀ါ) ထိန်းချုပ်နိုင်သူ၏ အလိုသို့ စေညွှန်ရာအတိုင်း လုပ်ဆောင်နေကြရ၏။ ထားရာနေ စေရာသွား ဘ၀မှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ ထိုသို့ လူအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် လောကကြီး တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေ၏။

လောကဟုဆိုရာ၌ လောက၏ သဘောသဘာဝကို ဆရာကြီးဦးရွှေအောင်က ဘ၀ အမြင်သစ် စာအုပ်မှာ ဖွင့်ဆိုရာတွင် - - - လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုကို ဓမ္မဟု ခေါ်သည်။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုကို အဓမ္မဟု ခေါ်သည်။ ထိုကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝစဉ်ဆန့်ကျင်ကြ၏။ အချင်းချင်း ဆန့်ကျင်နေသောကြောင့်ပင် လောကသည် ဖြစ်ပေါ်နေခြင်းဖြစ်၏။ သို့ဖြစ်လေရာ လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်မြေပြင်ဖြစ်၏ - - - ဟု ဖွင့်ဆိုထား၏။်

လောက၌ အဓမ္မ၀ါဒီများလွှမ်းမိုးနေသည့် ကာလသည် တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်လည်း အနိစ္စသဘော (၀ါ) အပြောင်းအလဲဆိုသည့် သဘောတရားသည်လည်း အစဉ်အမြဲ ချဉ်းကပ်နီးစပ်နေလေ၏။

ယနေ့ကာလသည် အမိမြန်မာပြည်၌ ဓမ္မနှင့် အဓမ္မ၀ါဒီများ စီးချင်းထိုးရာ စစ်မြေပြင်သဖွယ် တစတစ ထင်ဟပ်ပေါ်လွင်လာခဲ့ပြီး ဖြစ်သည်။ စစ်အုပ်ချုပ်ရေး အာဏာယန္တရားဖြင့် တိုင်းသူပြည်သားများအား ထာဝစဉ် အနိုင်ကျင့်ဗိုလ်ကျနိုင်အောင် အစွမ်းကုန် ဖိနှိပ်ပြနေ၏။ ထေရ၀ါဒ ဗုဒ္ဓသာသနာကို မိခင်ဘာသာအဖြစ် ခေတ်အဆက်ဆက်က လွတ်လပ်စွာ ထွန်ကားတည်တံ့လာခဲ့ရာ အမိမြန်မာပြည်ရှိ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းတို့၏ မျက်မှောက်ကာလ အခြေအနေသည် အနိုင်ကျင့် ဗိုလ်ကျခံ၊ စိုးမိုးချယ်လှယ်ခံ၊ သင်းကွဲနှိပ်ကွပ်ခံအဖြစ် ရပ်တည်နေကြရသည်။

ဒါယကာအရေး သာသနာ့ဘေးကို ကျရောက်လာနေသည့် အန္တရာယ်မှ ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒဖြင့် ကာကွယ်သည့် ဗုဒ္ဓကိုယ်စား တပည့်သား သမ္မုတိသံဃာများကို သတ်ဖြတ်ညှင်းဆဲ လူဝတ်လဲကာ ထောင်သွင်းအကျဉ်းချနေ၏။ သာသနာကိုချစ်၊ သာသနာကို မြတ်နိုးကာ သာသနာအဆုံးအမတွေကို တန်ဖိုးထားပြီး သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်းထမ်းဆောင်နေကြသော သာသနာပြုပုဂ္ဂိုလ် ရဟန်းသာမဏေများအား သာသနာတော်ကို ဖျက်ဆီးသူ သာသနာတော်ကြီး၏ ရန်သူအဖြစ် စွပ်စွဲရှုတ်ချသည့်ပြင် စိတ်ကြိုက်ဥပဒေ၊ စိတ်ကြိုက်ပုဒ်မတွေကို အသုံးချပြီး ထောင်သွင်း အကျဉ်းချနေကြသည်။

ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဟူသည့် ဒေသနာတော်နှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမတို့ အကျိုးစီးပွားအလို့ငှာ၊ ချမ်းသာစေကြောင်းအလို့ငှာ သရဏဂုံဆောက်တည်ကာ မေတ္တာပို့သ စီတန်းလှည့်လည်ကြသော ဗုဒ္ဓကိုယ်စား သမ္မူတိ သံဃာတော်များကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် သံဃာတည်းဟူသော ရတနာထက် အာဏာတည်းဟူသော ရတနာကို ကိုးကွယ်ဆည်းကပ်မိကြခြင်းကြောင့် ဖြစ်ဧ။်။ ထိုအာဏာ (၀ါ) လုပ်ပိုင်ခွင့်တွေကို မက်မော တွယ်တာမိသောကြောင့်ပင် အဓမ္မ၀ါဒီသမားတို့သည် လောကကြီး တခုလုံးအား ခုတုံးလုပ်ကာ အသုံးချနေကြသည်။

၎င်းတို့သည် ဘ၀ကို ကိုးကွယ်ရာအဖြစ်ဖြင့် ရှုမြင်ကာ ဖက်တွယ်ကိုးကွယ်နေကြ၏။ ထိုသို့ ဖက်တွယ်ကိုးကွယ်၍ အဓမ္မ၀ါဒများ ကျင့်သုံးပြီး ဗိုလ်ကျနှိပ်စက်သမှု ပြုနေကြသည့်အတွက် ၄င်းတို့၏ လူ့ဘ၀ကို ရလာရခြင်း ရောက်လာရခြင်း၏ ဘ၀အဓိပ္ပာယ် (၀ါ) လူ့သားတည်းဟူသော တန်းဖိုးကိုလည်း တပြိုင်တည်းမှာပင် စိုးစဉ်းမျှ မကျန်အောင် ကာယကံမြောက် ချေဖျက်ပြီးသား ဖြစ်နေစေ၏။

အမှန်အားဖြင့် လူသားတဦး၏ ဘ၀တန်ဖိုးကို ပုံဖော်ရာတွင် မိမိ၏ တခဏာတာ ရရှိရောက်ရှိလာသော လူ့ဘ၀ကို ကိုးကွယ်အရာအဖြစ်ဖြင့် ကိုးကွယ်ရမည်မဟုတ်၊ အသုံးချစရာအဖြစ်ဖြင့် အသုံးချရမည်ဖြစ်သည်။ အသုံးချစရာအဖြစ်ဖြင့် အသုံးပြုရာတွင်လည်း ငါတည်းဟူသော အတ္တအကျိုးစီပွားအတွက် ပဓာနမဟုတ်ဘဲ လောကတည်းဟူသော ပရအကျိုးစီးပွားအတွက်သာ ပဓာနဖြစ်စေရမည်ဖြစ်သည်။ သို့မှသာ လောကကြီး တည်ငြိမ်အေးချမ်းကာ သာယာဝပြောနေပေလိမ့်မည်။

များသောအားဖြင့် လောက၌ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါပင် ဖြစ်စေကာမူ မိမိတို့၏ ဘ၀ကို တည်ငြိမ်အေးချမ်း စေချင်ကြသည်ချည်း ဖြစ်၏။ သို့မှသာ ရှင်သန်ရာ လူ့ဘ၀သည်လည်း တန်းဖိုးရှိရှိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ လူဖြစ်ရကျိုးလည်း နပ်ပေလိမ့်မည်။ ဗုဒ္ဓ၏ အဆုံးအမတော်အရ လူ့ဘ၀၏ အနှစ်သာရသည် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေရခြင်းတို့ မဟုတ်။ ငြိမ်းချမ်းစွာ နေထိုင်ရခြင်းသာ ဖြစ်၏။ ရှေးပညာရှိ သူတော်ကောင်းတို့သည်လည်း လောကီဓမ္မ၊ လောကုတ္တရာဓမ္မတို့၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လူ့ဘ၀၏ အနှစ်သာရကို သက်သေပြခဲ့ကြသည်။

ငြိမ်းချမ်းသာယာမှုဖြင့် လူ့ဘ၀၏ အနှစ်သာရကို ပုံဖော်ရာ၌ လူပုဂ္ဂိုလ် သတ္တ၀ါဟူသည် ပဓာနမဟုတ်၊ ဓမ္မနှင့် အဓမ္မသည်သာ ပဓာနဖြစ်သည်။ ထိုကြောင့် မိမိနေထိုင်ရာ သက်ဆိုင်ရာ ပတ်ဝန်းကျင်လောက၌ အဓမ္မ မထွန်းကားရလေအောင် ဆောင်ရွက်ရေးမှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနစ်နာခံမှုသည် အရေးကြီး၏။ အနစ်နာခံမှုရှိမှ အောင်မြင်မည်။

ယနေ့ အမိမြန်မာပြည်၌ အကျဉ်းကျခံ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူများသည်လည်း အနစ်နာခံခြင်းဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးနေကြသည်။ အဓမ္မ၀ါဒီအပေါ် ဓမ္မ၀ါဒီများ ကြီးစိုးဖို့ရန် သန္နိဌာန်ဖြင့် အနစ်နာခံနေကြသည်။ ထိုသူတို့သည် ဗုဒ္ဓအလိုတော်ကျ မေတ္တာတည်းဟူသော လက်နက်ကို စွမ်းသထက်စွမ်းအောင် တစတစ ကျင့်ယူနေကြ၍ ဓမ္မ၀ါဒီ ပီသစွာ ရပ်တည်နေကြ၏။

မြတ်စွာဘုရားရှင်၏ ကျင့်ထုံးကို ကြည့်မည်ဆိုပါလျှင်လည်း သုစရိုက်သည် အနစ်နာခံခြင်းသဘောကို ဆောင်၍ ပုညကိရိယသည် သူတပါး အကျိုးဆောင်ခြင်း သဘောကို သက်ရောက်၏။ ထို့ကြောင့် မြတ်စွာဘုရား၏ အလိုတော်ကျ လူသားတိုင်းတွင် အနစ်နာခံဖို့ တာဝန်ရှိ၏။ သူတပါးအကျိုးကို ဆောင်ရွက်ဖို့ တာဝန်လည်း ရှိသည်။ ထိုနှစ်မျိုးကို မိမိတို့ စွမ်းနိုင်သမျှ ဆောင်ရွက်မှသာလျှင် လောက၌ ဓမ္မကြီးစိုး၍ လောကကြီး ငြိမ်းချမ်းသာယာ ၀ပြောမည် ဖြစ်သည်။ အတ္တ၌ ဓမ္မကြီးစိုးခြင်း အခြေခံသည် လောက(၀ါ) ပရတွင် ဓမ္မကြီးစိုးမှုအား ကျေးဇူးပြု၏။ အတ္တ၏ ဓမ္မကြီးစိုးခြင်းဟူသည်မှာ မိမိ၏ ကိုယ်ကျင့်သိက္ခာကို စည်းစိမ် ဥစ္စာတို့နှင့်၎င်း၊ ရာထူးဌာနန္တရတို့နှင့်၎င်း၊ ဂုဏ်ပကာသနတို့နှင့်၎င်း မလဲခြင်းပင် ဖြစ်သည်။

ဗုဒ္ဓဒေသနာတော်အရ ဘုရားအလောင်းတော် ဘ၀များကိုကြည့်လျှင် အံချီးဖွယ်များနှင့် အတုယူဖွယ်ရာများစွာ တွေ့ရ၏။ လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားအလောင်းသည် ငရဲလည်း ကျခဲ့၏၊ ဆင်လည်း ဖြစ်ခဲ့၏၊ နဂါးလည်း ဖြစ်ခဲ့၏၊ သို့ရာတွင် ထိုသို့ ကျူးလွန်ရာ၌ ဘုရားအလောင်းသည် လောက၌ ဓမ္မအပေါ် အဓမ္မက မလွှမ်းမိုးရလေအောင် မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏။ ဤသည်မှာ လောကသားတို့ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို လောကသားတို့အနေဖြင့် မရှောင်လွဲအပ်။ မရှောင်လွဲအပ်သဖြင့် ထိုတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လေသောကြောင့် ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တို့၌ အထက်တန်းက အဖြစ်များ၏။ ငှက်ဖြစ်လျှင်လည်း ငှက်မင်း၊ ငှက်ပရောဟိတ်။ အခြားသော ဘ၀တို့၌လည်း ထိုနည်းတူ အထက်တန်းက အဖြစ်များ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားလောင်းသည် မိမိ၏ ဘ၀ကို စတေးပြီး ဓမ္မဘက်က ရပ်တည်ခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဘုရားလောင်း၏ ထုံးကို နှလုံးမူ၍ လောက၌ ဓမ္မထွန်းကားပြီး အဓမ္မ ကွယ်ပျောက်ရလေအောင် မတတ်သာလျှင် မိမိတို့၏ ဘ၀ကို စတေးပြီး ဆောင်ရွက်ဖို့လိုပါသည်။

တာဝန်ဟူသည် ရှောင်၍ မရကောင်း။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရာ၌ အနစ်နာခံနိုင်ခြင်းသည်ပင် ပါရမီ မည်ပါ၏။ ပါရမီဟူသည်လည်း အဟောသိကံ ဖြစ်ရိုးမရှိ။ ကမ္မနိယာမ အရဆိုလျှင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမည်ဖြစ်၏။

(အကျဉ်းကျခံ သံဃခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များနှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသည့် ဓမ္မ၀ါဒီများအတွက် လေ့လာမိသမျှ ဓမ္မစာအုပ် စာပေတချို့မှ ကိုးကားကာ ဂုဏ်ပြုရေးဖွဲ့ပါသည်။)


ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,29th,2008

( 22 )Two journalists jailed for 7 years as wave of sentencing continues

( 21 )Laughter defying Burma's junta

( 20 )Three Police Officials Dismissed

( 19 )Border Talks Between Burma and Bangladesh Resume

( 18 )European envoy urges Myanmar opposition to contest polls

( 17 )2010 election plans on course

( 16 )မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ

( 15 )The case against lending a hand

( 14 )Myanmar leader says 2010 election plans on course

( 13 )အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း

( 12 )31 literatus win literature house manuscript awards in Myanmar

( 11 )Myanmar junta chief foresees "new nation" down the road

( 10 )Myanmar top leader calls for materializing roadmap

( 9 )Flag meeting held in Maungdaw

( 8 )ဘင်္ဂလားမြန်မာ နှစ်နိုင်ငံ အလံတင် အစည်းအဝေး မောင်တောတွင် ပြုလုပ်

( 7 )မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကို ဘင်္ဂလာနယ်စပ်တွင်ဖမ်းဆီး

( 6 )Western Command Commander inspects troops in Northern Arakan

( 5 )လူ့အခွင့်အရေးကြိုးပမ်းသူများအား တစ်သက်တစ်ကျွန်းချမှတ်

( 4 )ကျောင်းသားခေါင်းဆောင် ၁၃ ဦးနှင့် ဒီငြိမ်းလင်းတို့ကို ထောင်ဒဏ်ထပ်တိုး

( 3 )စီးပွားရေး- ကုန်ဈေးနှုန်း၊ ငွေလဲနှုန်းနှင့် နယ်စပ်ကုန်သွယ်ရေး

( 2 )Myanmar comedian gets 14 more years in jail

( 1 )HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ချမှတ်ခံရ

Friday, November 28, 2008

စစ်တပ်အားလဒ်ထိုး၍ ဘိန်းများတိုးချဲ့စိုက်ပျိုး

ကန္တာရ၀တီတိုင်း( မ် )

မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ရှမ်းနှင့်ကရင်နီနယ်စပ်ဒေသများတွင် နေထိုင်ကြသောဒေသခံများသည် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအဆင်ပြေစေရေးအတွက် မြန်မာစစ်တပ်များအား လာဘ်ထိုး၍ ဘိန်းများတိုးချဲ့၍ စိုတ်ပျိုးနေသည်ဟုဆိုသည်။

ထိုဒေသတွင် ဘိန်းများစိုက်ပျိုးနေသာ ဒေသခံတောင်သူတဦးက "ဒေသခံတပ်တွေက အများအားဖြင့် အဲလိုလုပ်ပါတယ်။ ကျနော်တို့ စိုက်ခင်းမှာရောက်တာဖြစ်စေ။ မရောက်တာဖြစ်စေ။ သူတို့က နားလည်ပြီးဖြစ်ပါတယ်။ ရောက်သော်လည်း မဖျက်ပါဘူး။ ဝေးဝေးတခါဘဲ ရောက်ပါတယ်။ ရွာရောက်ရင် ကောင်းကောင်းမွန်မွန်ကျွေးမွေးဧည့်ခံပြီးမှ ငွေလေးငါးသိန်း(ကျပ်)လောက် ပေးရင်ရပြီ"ဟုပြောပါသည်။


၎င်းဒေသတွင် ထိမ်းချုပ်နေသော တပ်ရင်း ခမရ ၃၃၆၊ ခမရ ၄၂၁၊ ၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆၊ ၄၂၇ စသည့်တပ်ရင်းတို့မှ ဗိုလ်မှူး၊ဗိုလ်ချုပ်နှင့်အရာရှိများက ယခုလိုလာဘ်ပေးလာဘ်ယူမှုများ၌ပါ ၀င်ပါသက်မှုရှိနေသည့်အတွက်ကြောင့် နေပြည်တော်မှတပ်များဖြင့် ယခုဆောင်းဦးပိုင်းတွင်စတင် စိုက်ပျိုးနေသော ဘိန်းပင်များကို လာရောက်ရှင်းလင်းခိုင်းကြောင်း ဒေသခံများကပြောပါသည်။

"အရင်ကနှစ်များမှာဆိုရင် ဒေခံတပ်များလာရောက်ဖျက်ဆီးတော့မယ်ဆိုရင် ရွာသူရွာသားများက ဒီတပ်များကို လာဘ်ထိုးထားလို့ မဖျက်ပဲ အများကြီးရှိခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ နေပြည်တောတပ်တွေကိုင်တိုင်လာပြီးမှ ရွာတရွာရောက်တော့ ရွာသားတွေက ဘိန်းခင်းမဖျက်ဖို့ ငွေသိန်း (၆၀)ကျပ်လာဘ်ထိုးထားတယ်။ ဒါပေမဲ့လက်မခံဘူး။ ဖျက်စီးသွားတယ်။ တရွာပဲဖျက်တယ်။ အနဲအကျဉ်းပေါ့။"ဟု ကရင်နီပြည်ဒီမောဆိုမြို့နယ်အတွင်း ဘိန်းစိုက်သော ဒေသခံတဦးကပြေပါတယ်။

ဘိန်းစိုက်သောဒေသများ၌ အစားထိုးစိုက်ပျိုးသီးနှံများကိုစိုက်နိုင်ရန် စစ်အစိုးရဘက်က ပျက်ကွက်မှုများရှိနေသည့်အတွက်ကြောင့် ယခုနှစ်ဆောင်းဦးပိုင်း၌ ဘိန်းစိုက်ပျိုးခင်းများတိုး လာသည်ကို သိသိသာသာတွေ့ရှိရသည်ဟု ကရင်နီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပညာပေးရေးအဖွဲ့(ကေအေဒီအေစီ)မှ တာဝန်ခံဖြစ်သူ ဒေမိနစ်ကပြောပါသည်။

၎င်းက"ဘိန်းနဲ့ပါတ်သက်ရင်တော့ တကယ်ပပျောက်ဆောင်လုပ်ဖို့မလွယ်ဘူး၊ နောက်ပြီး WFP မှစီစဉ်ထားတဲ့အခြားစားထိုးသီးနှံလုပ်ငန်းတွေမှာလည်း စစ်အစိုးရက ပျက်ကွက်တယ်။ တကယ်ဘိန်းစိုက်တောသူထံမရောက်ခဲ့ဘူး၊ လူထုတွေစားဝတ်နေရေးနဲ့ အခက်အခဲနဲ့ကြုံနေရတဲ့ စစ်ခေတ်ဖြစ်နေရတဲ့အတွက် လူထုတွေမူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဘိန်းစိုက်ပျိုးမှုမှာ စိတ်ဝင်စားလာကြတာကိုတွေ့ရတယ်။ စစ်အစိုးရက ဘိန်းစိုက်တဲ့တိုင်းရင်းသား တောင်တန်း ဒေသတွေမှာ ဒေသဖွဲ့ဖြိုးရေးလုပ်ငန်းတွေ တကယ်ပျက်ကွက်တဲ့အတွက် ကျန်းမာရေးနဲ့ ပညာရေးဟာလဲလူထုတွေတကယ်ဆုံးရှုံးနေရတယ်။"ဟုပြောပါသည်။

ယခုအခါ ဘိန်းစိုက်ဒေသခံများက နေရာသစ်များရွှေ့ပြောင်းစိုက်ပျိုးမှုများကို တိုးချဲ့လုပ်ကိုင် လာကြသည့်အတွက် မြန်မာပြည်တွင်ဘိန်းထွက်နှုန်း ထပ်မံတိုးတက်လာနိုင်ကြောင်း ခန့်မှန်းလို့ရသည် ဟုလည်းဆိုသည်။

ကရင်နီပြည်မြောက်ပိုင်းဒေသများမှ ဘိန်းများတိုးချဲ့၍ စိုက်ပျိုးနေသောဒေသများမှာ လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်နှင့် ရှားတောမြို့နယ်များဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့်မောက်မယ်မြို့များဖြစ်သည်။


နေအိမ်အမျိုးအစားအလိုက် ရယက ငွေကောက်ခံ

Kaowao

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပလိုင်ကီးကျေးရွာ ရယကအဖွဲ့က ကျေးရွာသားတို့ထံမှ နေအိမ်အဆင့် အတန်းအလိုက် ပထမတန်းစား ၅၀၀၀၀ ကျပ်၊ ဒုတိယတန်းစား ၃၀၀၀၀ ကျပ်နှင့်တတိယတန်းစား ၂၀၀၀၀ ကျပ် အိမ်တိုင်းစေ့ကို အိမ်ခွန်ဟု ဆိုကာ ရေးမြို့နယ်၊ မယက ညွှန်ကြားချက်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ကောက်ခံနေကြောင်း ရွာသားများ ပြောကြားခဲ့သည်။ အဆိုပါ ကျေးရွာသည် အိမ်ခြေ ၁၀၀ နီးပါးခန့် ရှိပြီး ရာဘာခြံနှင့် ဆားလုပ်ငန်းများ လုပ်ကိုင်ကြသည်။

လွန်ခဲ့သော အောက်တိုဘာလ ၂၁ ရက်နေ့ ရက်စွဲပါ မော်လမြိုင် ခရိုင် ခယက၏ သက်ဆိုင်ရာ မြို့နယ် မယကရုံးများသို့ ပေးပို့ခဲ့သော ညွှန်ကြားချက် စာအမှတ် - ၃၀၀ / ၁ - ၂၂ / ခယက - မလမ (မွန်) အရ ကျေးရွာ / ရပ်ကွက်၊ လမ်းများရှိ အိမ်ထောင်ဦးစီးအမည်၊ လူဦးရေ စာရင်းချုပ် သာမက နေအိမ် အမျိုးအစားများကိုပါ ဖြည့်စွက်ထည့်သွင်းရန်ပါ ရှိပါသည်။ ဖွားသေစာရင်း နှင့် ခေတ္တ ခရီးထွက်ခွာ နေသူများကို သက်ဆိုင်ရာ ရယကတို့က ပုံစံ(ဂ)တွင် ဖြည့်စွက်၍ မြို့နယ် လဝကရုံးတွင် ပုံစံ(ဃ)အဖြစ် ထားရှိရန် အထက်ပါ ညွှန်ကြားချက်တွင် ဖေါ်ပြပါရှိပါသည်။

လာမည့် စစ်အစိုးရ၏၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်၍ လူဦးရေ စာရင်း ကောက်ယူခြင်းသည် အထူး အဆန်း ဟု မဆိုနိုင်သော်ငြားလည်း နေအိမ်အဆင့်အတန်းများကိုပါ သတ်မှတ်ကာ စာရင်း ကောက်ယူခဲ့သည်က စစ်အစိုးရ အုပ်ချုပ်ရေးရာ ကိစ္စရပ်များတွင် အခွန်ငွေနှင့် ပတ်သက်၍ တစုံတရာနည်းဖြင့် ကောက်ခံနိုင်ရန် ပဏာမ ပြင်ဆင်မှုတရပ် ဖြစ်နိုင်ကြောင်း ဒေသခံများ ယူဆနေကြသည်။


အလွမ်းသံစဉ် (၀တ္ထုတို)


အနောက်ဘက် မိုးကုတ်စက်ဝိုင်းတလျှောက် ကောင်းကင်ပေါ်မှ တိမ်စိုင်တိမ်ခဲများ၊ တိမ်ခိုးများသည် တရွေ့ရွေ့ဖြင့် လှုပ်ရှားနေကြ၏။ ကောင်းကင်မှ တိမ်များသည် ကြေကွဲနေသည့် မိန်းမပျိုလေး လမ်းလျှောက်နေသလို လွင့်မျှောနေ၏။ မကြာခင်မှာပဲ ကောင်းကင်ကြီး ကြေကွဲစွာ ငိုချလိုက်သည့် မျက်ရည်များသည် မိုးစက်များအဖြစ် တောင်တန်းတွေကို ရွှဲရွှဲစိုစေသည်။

ထိုမျက်ရည်များနှင့် တောင်တန်းတွေကြားမှာ ကျမ ချစ်သူ ရှိပါသည်။ မောင့်ကိုတွေ့ဖို့ ရောက်ခဲ့သည့် ကျမသည် ပတ်ဝန်းကျင်ကို အဖော်ပြုခဲ့ရသည်။ ချစ်ခြင်းကြောင့် အားသစ်တွေ ဖြစ်ပေါ်ခဲ့သလို၊ ချစ်ခြင်းကြောင့်ပဲ မြင်သမျှ လွမ်းမောခဲ့ရသည်။

မောင်ရှိသည့် နေရာကို ကျမ သွားရသည့်ခရီးသည် မိုင်ပေါင်းရာချီပါသည်။ ထိုခရီး၏ ပတ်ဝန်းကျင်ရှုခင်းက ကျမတို့ မြို့ပြလိုမဟုတ်။ ကျယ်ပြန့်သော ကောင်းကင်အောက်မှာ သဘာဝအတိုင်း ပေါက်ရောက်နေသည့် သစ်ပင်သစ်တောများ၊ တောင်တန်းများ၊ မြစ်ချောင်းများ၊ ပန်းပင်ပန်းပွင့်များက အင်မတန်မှ လှပပါသည်။ လှပသော ရှုခင်းများကို ကြည့်ပြီး အိမ်မှာ အဖွားနှင့် ကျန်ခဲ့သည့် သားနှင့် မောင့်ကို တလှည့်စီ လွမ်းနေပါသည်။ ထိုအလွမ်းတွေကို ပုံထားလို့ရလျှင် ကျမ၏ အလွမ်းများသည် ချင်းတောင်တန်း၊ ပုံတောင်ပုံညာ တောင်တန်းများထက် ပိုမိုမြင့်မားပါလိမ့်မည်။

မောင့်ကို ပထမဦးဆုံးအကြိမ် တွေ့ဆုံရသည့်အချိန်က မှတ်မှတ်ရရ ဇူလိုင်မိုးဦးကျမှာ ဖြစ်သည်။ ထိုခရီးသည် ကျမအတွက် ပထမဦးဆုံး စွန့်စားရသည့် ခရီးဆိုလျှင် လွန်မည်မထင်ပါ။ သုံးညနှင့် လေးရက် သွားရသည့် ခရီးမှာ မြို့ပေါင်းများစွာ ဖြတ်ခဲ့ရ၏။ အထင်ကရ မြစ်နှစ်ခုကို ဖြတ်ခဲ့ရ၏။ မဟာမြိုင်တောကြီးကို တညလုံး ကားဖြင့် ဖြတ်ရသည့် အချိန်တွင်တော့ ကျမ လွန်စွာမှ အားငယ်ခဲ့ရတော့သည်။

ကျမတို့ စီးလာသည့်ကားသည် မောက္ကတော်သဲချောင်းမှာ မိုးလွတ်အောင် စောင့်ရသည်။ မိုးမရွာသေးသော်လည်း မိုးနံ့ကို ကားသမားက သိသည်။ သည်တော၊ သည်တောင်ကို ကျွမ်းဝင်နေသည်မို့ သဘာဝနှင့် ရင်းနှီးနေခြင်း ဖြစ်မည်။

ကောင်းကင်မှာ ထိုညက ကြယ်တွေ မရှိပါ။ တိမ်စိုင်တိမ်ခဲတို့ဖြင့် မဲမှောင်နေသည့် ကောင်းကင်အောက်မှာ ကျမတို့ ကားတန်းကြီးက ငြိမ်သက်နေသည်။ ကျမ၏ ပထမဆုံး ခရီးမှာ အခုလို တောနက်ထဲက သဲချောင်း ပြင်အကျယ်ကြီးထိပ်မှာ မိုးခိုရမည်ဟု မတွေးမိခဲ့။ မောက္ကတော်သဲချောင်းထဲကို ရေမလွမ်းခင်မှာပင် မိုးစက်တွေက ကားမှန်ပြတင်းကို ထိမှန်လာကြသည်။ ကားပေါ်မှာတော့ အိပ်ငိုက်သူငိုက်၊ တွေးသူကတွေးနှင့် ငြိမ်သက်နေ၏။ တောင်ကျရေကို ကြိုဆိုရန် မောက္ကတော်က အဆင်သင့်ဖြစ်နေပြီ။ မိုးနံ့နှင့်အတူ ကောက်သစ်စပါးနံ့၊ သစ်ခွပန်းရနံ့ကို ရှုရှိုက်ရင်း ညကို အထီးကျန်စွာ တဦးတည်း ဖြတ်သန်းရမယ်လို့ တွေးမထင်ခဲ့ဖူးပါ။ ထိုအချိန်မှာ ကားဆရာက သီချင်းဖွင့်ပြီး တိတ်ဆိတ်မှုကို အဖော်ပြုလိုက်သည်။

ထွန်းအိန္ဒြိာဗိုလ်၏ "မိုးလေးဖွဲတုန်း" သီချင်းသည် နေရာဒေသ၊ အချိန်နှင့် အင်မတန်မှ လိုက်ဖက်နေ၏။ သီချင်းရေးဆရာက မျိုးကျော့မြိုင် ဖြစ်သည်။ သီချင်းရေးဆရာ၏ နှလုံးသွေးထဲက ထွက်လာသည့် သီချင်းစာသားတွေက ကျွန်မကို မျှော်လင့်ခြင်းများနှင့် အလွမ်းကို ဖြစ်စေခဲ့သည်။

"မိုးလေးဖွဲတုန်း သတိရတယ်၊ မြင်နေတယ်။ ပြတင်းတံခါးဆီပဲ၊ သွားလို့မော့ကြည့် ပြောလိုက်ချိန်၊ တကိုယ်ရေထဲ မိုးစက်တွေအလည် … ၊ ဝေးပြီး တနေ့ ပြန်တွေ့ကြမယ် .. . ယုံကြည်ထားမိုးစက်တွေရယ် …"

"တချိန်က သိတဲ့ ပျော်မြူးခြင်းတွေ ပြန်ဝေနေ သီချင်းရဲ့ ရင်ထဲ … ဘယ်လောက်ပဲ ဝေးဝေး မင်းအနားမှာ ထိုင်ကာလေ အမြဲရှိချင်တယ်"

သီချင်းစာသားထဲမှာ လွင့်မျောနေသည့် ကျမသည် မောင်နှင့်အတူရှိသည့် အချိန်တွေကို တွေးမိရုံဖြင့် နှလုံးသွေးတို့ နွေးထွေးသွားသည်။


++++


မောင်နှင့် ကျမသည် ပန်းတိုင်တခုကို အတူသွားခဲ့သူများဖြစ်သည်။ ထိုပန်းတိုင်ကို ရောက်ဖို့ မောင့်ဇွဲ၊ လုံ့လ၊ ၀ိရိယက ကျမထက် ပိုသည်။ မောင်က ရေစုန်ကိုမလိုက်၊ ရေဆန်ကိုသာ လျှောက်သည့်သူဖြစ်သည်။ မောင်က သူခံစားရသည့် အကောင်းဆုံးများကို သူ့ပတ်ဝန်းကျင်ကိုပါ ခံစားစေချင်သည်။ နိမ့်ပါးသည့် ဘ၀များကို ဖေးမကူညီချင်သူဖြစ်သည်။ ထိုသို့သော မောင်နှင့် ကျမတို့ အနာဂတ်ကို ယုံကြည်မှုများစွာနှင့် လက်တွဲလျှောက်ခဲ့သည်။ ဘ၀တခုလုံးပုံ၍ မောင့်ကို ယုံကြည်ခဲ့ပါသည်။

အခက်အခဲ အမျိုးမျိုးကြားထဲမှ အိမ်ထောင်သည် ဘ၀ထဲကို လက်တွဲခုန်ချခဲ့ကြသည်။ ကျမတို့ ခုန်ချခဲ့တာ ပန်းမွေ့ယာပေါ် မဟုတ်။ ဒုက္ခဆူးတွေထဲကို ခုန်ချခဲ့ခြင်းဖြစ်သည်။ ထိုဒုက္ခဆူးတွေကို အချစ်တွေ၊ နားလည်မှုတွေ၊ ယုံကြည်မှုတွေဖြင့် နှုတ်ခဲ့ကြသည်။ ကာယကို အားကိုးပြီး လုပ်ရသည့် ပါတိတ်လုပ်ငန်းမှာ နှစ်များစွာ ကြာခဲ့သည်။ မောင့်လက်မောင်းလက်ဖျံမှာ ဖယောင်းစက်တွေ၊ ကျမ၏ လက်မှာ ပန်းပွင့်တွေကို ဆေးခြယ်သည့် ဆေးစက်တွေ ….။ ထိုလက်တွေဖြင့် ကျမတို့ဘ၀၊ ကျမတို့ပတ်ဝန်းကျင်ကို အတ္တ၊ ပရ မျှစွာ ဖန်တီးခဲ့ကြသည်။

အလုပ်နားရသည့်အခါ မြို့သစ်လယ်ကွက်လပ်များမှာ မောင်က အိမ်နီးချင်းအဖော်တွေနှင့် ငါးမျှားသည်။ ရလာသည့် ငါးသံချိတ်၊ ငါးဇင်ရိုင်းလေးများကို ကြော်ပြီး အိမ်ရှေ့ကန်ဇွန်းခင်းက ကန်ဇွန်းရွက်တွေကို ပူပူနွေးနွေးဖြစ်အောင် စားခါနီးမှ ကြော်လိုက်သည်။ မောင် ဗိုက်ဆာသည့်အချိန်နှင့်အကိုက် ကြော်ထားသည့် ကန်ဇွန်းရွက်ကြော်၊ ငါးကြော်တို့သည် ကျမတို့အတွက် အမှတ်တရ ဟင်းပွဲများဖြစ်သည်။ ထိုထက်ပို၍ ကျမတို့ မချက်နိုင်ခဲ့။ သို့သော် ကျမတို့ ဘ၀ကို ပြည့်စုံသည်လို့ ရောင့်ရဲနိုင်ခဲ့သည်။

မောင်ပေးခဲ့သည့် ဆိတ်ဖလူးပန်းတွေကိုလည်း အမှတ်ရမိသည်။ မနက်စောစော ခြံထောင့်မှာ ဆိတ်ဖလူးပန်းတွေ တဖြုတ်ဖြုတ် ကြွေတတ်သည်။ ဆိတ်ဖလူးပန်းလေးများကို ကောက်ပြီး နှီးကြိုးလေးနှင့် မောင်သီကုံးပေးတော့ ကျမ ဆံပင်ကောက်ကောက်မှာ ပန်ရသည်။ ဆိတ်ဖလူးပန်းနံ့ သင်းသင်းလေးက တမ်းတလွမ်းဆွတ်ဖွယ်ရာ။ ကျမနှင့် မောင် ပိုင်ဆိုင်ဖူးသော အရာများသည် ကျမအတွက် မြတ်နိုးဖွယ်ရာများ ဖြစ်ပါသည်။ ထိုအရာများကို သတိရတိုင်း မောင့်အရိပ်အငွေ့များ ထင်ဟပ်ကာ နွေးထွေးသွားတတ်သည်။

မောင့်ဘ၀၏ တ၀က်တပိုင်းသည် ကျမဖြစ်၍၊ ကျန်တပိုင်းသည် သားဖြစ်ပါသည်။ သားကို မမွေးခင်တည်းက မောင်သည် "သားလေးမွေးမှာကွ" ဟု ယတိပြတ်ပြောသည်။ ကျမ ကိုယ်ဝန်ဆောင်စဉ် မောင်နှင့် အလုပ်မလိုက်ရတော့ဘဲ အိမ်မှာ ကျန်ခဲ့ရသည်။ အလုပ်သွားခါနီးတိုင်း မောင်သည် ကျမ ဗိုက်ကို လက်ဖ၀ါးကြမ်းကြမ်းနှင့် ကပ်ပြီး သားကို နှုတ်ဆက်တတ်သည်။

"သားလေးရေ၊ ဖေကြီး အစာရှာထွက်လိုက်ဦးမယ်။ သားအတွက် ပိုပြီးရှာရမှာဆိုတော့၊ ဖေကြီး ပိုအလုပ်လုပ်ရမှာပေါ့။ သားကြီးလာရင် သားက ကိုယ့်ကိုယ်ကိုပဲ ချစ်မှာလား၊ ကိုယ့်ပတ်ဝန်းကျင်ကိုရော ချစ်မှာလား၊ ကိုယ့်ကိုယ်ကိုချစ်ဖို့၊ ပတ်ဝန်းကျင်ကို ချစ်တတ်ဖို့ ဖေကြီး ပြောပြမှာပေါ့"

မောင့်စကား ဆုံးသည့်အချိန်မှာပဲ သားတံတောင်ဆစ်နုနုလေးက မောင့်ကို ထိလိုက်သည်။

"ကြည့်စမ်း။ စမ်း ကြည့်စမ်း ပန်း .. ။ ဒါ သားတံတောင်ဆစ်လေး မဟုတ်လား။ သားက အထဲကနေပြီး မောင့်ကို နှုတ်ဆက်လိုက်တာ"

ကျမ မပြုံးဘဲ မနေနိုင်တော့ပါ။

"ကလေးက သိလို့ ဘယ်ဟုတ်ပါ့မလဲ မောင်ရဲ့၊ လှည့်တဲ့အချိန်နဲ့ တိုက်ဆိုင်လို့ပါ။ လရင့်ရင် ဒီအတိုင်းပဲလို့ ပြောကြတယ်"

မောင်က သားကို ချစ်စိတ်ဖြင့် သူ့ကို နှုတ်ဆက်တာ၊ ထောက်ခံတာဟု ပြောသည်။ မောင်သည် အရာရာကို ရိုးရိုးရှင်းရှင်း တွေးတတ်သည်။ သားကိုမွေးတော့ မောင်ပျော်ရွှင်နေ၏။ သားဦးမွေးတာ သားဖြစ်သည်မို့ ဖခင်တယောက် ပျော်ရွှင်နေတာ အဆန်းမဟုတ်ပေမယ့် ကျမရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။ မောင်သည် ကျမနှင့် သားအပေါ် ကျမတို့က ချစ်မြတ်နိုးသည်ထက်ပို၍ ချစ်မြတ်နိုးသူဖြစ်သည်။

"သားက မောင့်ရဲ့ အောက်ဆီဂျင်ပါ ပန်းရယ်"

မောင်အလုပ်မသွားခင် သားအနှီးတွေကို လျှော်သည်။ သွက်လက်တက်ကြွနေသည့် မောင့်ကို ကြည့်ပြီး ကျမပါ ပျော်ရသည်။

သား သုံးလေးနှစ်အရွယ်ထိ အိမ်သာတက်ရင် အိမ်သာရှေ့မှာ ထိုင်စောင့်တတ်သည့် မောင့်ကို ပိုတယ်ဟု အမြင်ကတ်မိသည်။ သားကတော့ မေးစေ့ကို လက်ဖနောင့်နှင့် ထောက်ပြီး ဆောင့်ကြောင့် ထိုင်ကာ အိမ်သာတက်ရင်း ဖအေကို စကားတွေ ပြောတတ်သည်။

"ဖေကြီး အလုပ်သွားလို့ သားက တာ့တာလို့ ပြောရင်၊ ငှက်လေးတွေကလည်း ကျိကျိလို့ လိုက်ပြောတယ်"

"ဒါပေါ့၊ သားကို သူတို့က ထောက်ခံတာ"

"ငှက်ကလေးတွေက အိမ်တွေအများကြီးနော် ဖေကြီး"

"သားတို့ကိုလည်း သဘာဝက ပေးတာပဲလား။ သဘာဝဆိုတာ ဘိုးဘိုးကြီးရဲ့ နာမည်လား။ ဘိုးဘိုးကြီး နာမည်လည်း မဟုတ်ပါဘူး။"

"သဘာဝအကြောင်းကို သားကြီးလာတော့ ဖေကြီး ရှင်းပြမှာပေါ့သားရဲ့"

"ခု ရှင်းပြ"

မောင့်အကျပ်အတည်းကို ကျမ ၀င်ရှင်းရသည်။

"ကဲ.. ကဲ.. သားကို မေကြီးမေးမယ်။ သား ဖေကြီးနဲ့ မေကြီးကို သား ဘယ်သူ့ကို ပိုချစ်သလဲ"

"အမှန်အတိုင်းပြောရင် သားကို မေကြီးရိုက်မှာပေါ့"

ထိုသို့သော သားနှင့် ကျမကို မောင် ထားရစ်ခဲ့သည်။ အေးချမ်းသာယာ၍ အပြစ်ကင်းစင်သော ကျွန်မတို့ မိသားစုဘ၀ထဲကို မမျှော်လင့်သောကာလတွင် မုန်တိုင်းထန်ခဲ့သည်။ မုန်တိုင်းအရှိန်နှင့် လွင့်ပါးသွားသော မောင်သည် တောင်တန်းနှင့် မြို့လေးကို ရောက်သွားသည်။ တောင်တန်းတွေနှင့် မြို့လေး၏ ရာသီက ဧည့်သည် မောင့်ကို ကောင်းကောင်းကြိုဆိုနိုင်မယ် မထင်ခဲ့။ "ပူစရာရှိရင် အရမ်းပူ၊ အေးစရာရှိရင် အရမ်းအေးသည့် ရာသီနှင့် မာယာကို ကာကွယ်နိုင်ဖို့ မောင် ဘယ်လောက်ကြိုးစားနေမလဲ" လို့ တွေးပြီး ကျမ စိတ်ပူရသည်။ သဘာဝတရားနှင့် ရင်ဆိုင်တိုက်နေရသည့် မောင့်နောက်ကို ကျမ လိုက်ခဲ့သည်။

မိုး ဘယ်အချိန်က တိတ်သွားသလဲ ကျမ မသိလိုက်။ ကျမ ပတ်ဝန်းကျင်ကို ဂရုပြုမိတော့ သဲချောင်းမှာ ရေခန်းနေသည့် စပယ်ယာလေးက ကားဆရာကို "ကားသွားလို့ရပြီ" ဟု အတည်ပြုသည်။ မိုးရေထိတွေ့ထားသည့် သဲချောင်းကို ဖြတ်တော့ ခရီးသည်တွေက ရင်တမမ။ သဲချောင်းကို ကျော်တော့ အားလုံး ၀မ်းသာသွားကြသည်။ ရှေ့လမ်းခရီးအတွက် စိတ်ပူစရာ မလိုတော့။ အဆိုးဆုံးလမ်းကို ကျမတို့ ကျော်နိုင်ခဲ့ပြီ။ ကားဆရာက အမောပြေ သီချင်းဖွင့်လိုက်သည်။ ထွန်းအိန္ဒြာဗိုလ်၏ "ကိုယ်တို့ ဝေးနေ မိုင်ပေါင်းကုဋေ" သီချင်းသည် ခရီးသည်များကို အမောပြေစေသည်။ ကားပေါ်ပါ ခရီးသည်အားလုံးသည် ချစ်သူတွေနှင့် ခေတ္တခွဲနေရသူများဖြစ်ပါလိမ့်မည်။

ထွန်းအိန္ဒြာဗိုလ်က သီချင်းရာဇ၀င်ကို ရှင်းပြသည်။ ထိုသီချင်းကို မဆိုခင်က ထွန်းအိန္ဒြာဗိုလ်နှင့် သူ့ချစ်သူ ကိုအောင်မင်းထွန်းတို့ တယောက်တနေရာစီ။ "ဘယ်သူ့ဆီမှာနေမယ်လို့ ဆုံးဖြတ်လို့ မရသေးတဲ့အချိန်၊ ထွန်းအိန္ဒြာဗိုလ်က စိတ်ကောက်ပြီး ဖုန်းမဆက်ဘဲ နေသတဲ့။ "ကိုယ်တို့ဝေးနေ မိုင်းပေါင်းကုဋေ" သီချင်းကိုဆိုတော့မှာ ချစ်သူက နိုင်ငံရပ်ခြားကနေ မြန်မာပြည် အပြေးလာခဲ့တယ်" လို့ ထွန်းအိန္ဒြာဗိုလ်က ပရိသတ်ကို ရှင်းပြသည်။ ချစ်သူနှစ်ဦးကို ပေါင်းစပ်စေသည့် သီချင်းရေးဆရာက မျိုးကျော့မြိုင်။ ထွန်းအိန္ဒြာဗိုလ်၏ ရင်တွင်းခံစားချက်ကို ထွင်းဖောက်မြင်နိုင်သူ။

"ဒီကမ္ဘာကြီးရဲ့ အဆုံးကို … ကိုယ်သွားမယ် …

ပင်လယ်ကြီး ကိုယ်ဖြတ်သန်း၊ အကြင်နာခွန်အားတွေ … တောင်စွယ်များ ၀န်းရံကာရံထား ..

ကိုယ်အတွေးနဲ့ ၀င်ရောက်ခဲ့မယ် … ကိုယ်မမောဘူး အချစ်ကလေးရယ် ... ကာရံနဲ့ သီချင်းလေးများစွာ သူ့အတွက်ဆိုညည်းကာ .. ကိုယ်လာခဲ့မယ် တို့မဝေးဘူး .."

သီချင်းသံစဉ်တွေနှင့်အတူ မောင်ရှိရာအရပ်သို့ ကျမ ရောက်ခဲ့သည်။ ထိုသီချင်းကို ကျမဆိုလို့ မောင်ပြန်လာနိုင်ရင် ကျမ အချိန်နှင့်အမျှ ဆိုလိုက်ချင်ပါသည်။


++++


ဝေးတော့ ပိုလို့လွမ်းရသည့် မောင်နှင့် ကျမ တွေ့ဆုံမှုကို ရာသီကလည်း ၀မ်းနည်းကြေကွဲခဲ့သည်။ မိုးကောင်းကင်၏ မျက်ရည်စက်တွေက မိုးရေတွေဖြစ်သွားပြီး ကြေကွဲလိုက်တာမှ တောင်တန်းတွေ ရွှဲရွှဲစိုသွားသည်။

တွေ့ဆုံချိန် စက္ကန့် ၁၂၀၀ မှာ မောင်က သားမွေးနေ့အတွက် သူစပ်သည့် ကဗျာကို နှုတ်တိုက်ရွတ်ပြခဲ့သည်။

ဒီဇင်ဘာ ၁၅

အေးမြမြချမ်းကမ္ဗလာမှာ

မွှေးလှလှပန်းသခင်မရယ်က

သင်းရနံ့နဲ့ အတူဆောင်ကျဉ်း

အောက်ဆီဂျင်လေညှင်းကို

ပိန်ချုံးနေတဲ့ ငါ့ဖားဖိုထဲ

ကြင်နာစွာနဲ့ သွန်းလောင်းစေခဲ့တယ်။

လတ်ဆတ်တဲ့လေနုအေးကြောင့်

ခန်းခြောက်စရေအလျင်

စမ်းချောင်းတွေကလည်း

စီးဆင်းနိုင်ခဲ့တယ်။

မဲမှောင်တိမ်လွာဖုံးနေတဲ့

တစုံသော ကြယ်အမွှာကလည်း

သဘာဝအလှတရားတွေကို ခံစားနိုင်ခဲ့ပြီ။

ငါ့ဦးခွံရိုးအောက်က

သံချေးတက်လုနီးဓားဟာလည်း

သံချေးကွာကျ

ရွှေရောင်မြခဲ့ပြီ …. ။ ။

မောင့်အသံလှိုင်းတွေက လောကမြေပြင်ကို တိုက်ခိုက်လို့ ကောင်းကင်ပြာပြာပေါ်က တိမ်တွေ၊ တောင်တန်းတွေ၊ ကျေးငှက်ကလေးတွေက ၀ိုင်းဝန်းထောက်ခံအားပေးလို့ တေးသီနေကြသည်။

တစစီပြန့်ကျဲနေသည့် ကျမတို့ဘ၀၊ ကျမတို့ သောကအလွမ်းတွေကို ချိုးငှက်ကလေးတွေက နှုတ်သီးလေးတွေနဲ့ ကောက်ပြီး၊ အချစ်နှင့် သီကုံးလိုက်သည့် အလွမ်းသံစဉ်တွေက ကမ္ဘာမြေတခွင်လုံးကို ပြန့်နှံ့စီးဝင်သွားတော့သည်။


နှင်းပန်းအိမ်

ကိုဇာဂနာ ထောင်ဒဏ်တိုးလို့ ၅၉ နှစ်ရှိသွားပြီ

သန်းထိုက်ဦး

ချင်းမိုင်။ ။ နာမည်ကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရအား အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ် ထပ်မံ ချမှတ်လိုက်သဖြင့် သူ့ထောင်ဒဏ်မှာ စုစုပေါင်း ၅၉ နှစ် ရှိသွားပြီ ဖြစ်သည်။

အနောက်ပိုင်း ခရိုင်တရားရုံး တရားသူကြီး ဦးကျော်ဆွေက နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနှင့် ဗီဒီယိုအက်ဥပဒေ အပါအ၀င် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ပြန်ရာ တပတ်အတွင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။


''ဒီနေ့ ထပ်ချတာကတော့ ၁၄ နှစ်။ ဗီဒီယို ဖြန့်ဝေမှု ပုဒ်မက ၆ လ။ အဲဒီ ၆ လကိုတော့ အရမ်း သဘောကောင်းပြီးတော့ လျှော့ပေးလိုက်တယ်ပေါ့နော်။ အဲဒီတော့ ၁၄ နှစ် ထပ်တိုးတာပေါ့'' ဟု ကိုဇာဂနာ၏ ခယ်မ မငြိမ်းက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၁ ရက်နေ့ကလည်း အင်းစိန်ထောင်တွင်း တရားရုံးကပင် ကိုဇာဂနာအား အင်တာနက်ကို အသုံးပြုပြီး အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဟုဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်ခဲ့ပြီးနောက် ၆ ရက်အကြာတွင် အခြားစွဲဆိုထားသည့် ပုဒ်မများဖြင့် ယခုလို ထပ်မံ၍ ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။

ကိုဇာဂနာ၏ အမှုအား လိုက်လံဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဇော်လင်းက အယူခံတက်မည်ဟု ဆိုသည်။

"ကျနော်တို့ အယူခံဝင်ဖို့အတွက် အခု အမိန့်ချလိုက်တဲ့ အမိန့်ကို ကူးရမယ်။ ရှေ့နေ ကိုယ်စားလှယ်လွှဲစာတွေ ဘာတွေ ကျနော်တို့ ယူရမယ်။ ယူပြီးရင်တော့ အယူခံတက်ဖို့ အစီအစဉ် ရှိပါတယ်" ဟု သူက ပြောသည်။

သူက ဆက်ပြီး ''ဇာဂနာပြောတဲ့ စကားလေးပဲ ကျနော် ပြောချင်တယ်။ ဒီနေ့က သူက ရယ်စရာပါ။ ပြောတာကတော့ 'လက်ရှိမှာတဲ့၊ ကမ္ဘာမှာတဲ့၊ နိုင်ငံတကာမှာပေါ့၊ ဂျပန်တို့၊ တရုတ်တို့ စီးပွားရေး ကျနေတာပေါ့။ စီးပွားရေး ကျနေတယ်ဆိုတော့ သူတို့ကလည်း ၀န်ခံတယ်။ အဲဒီတော့ မြန်မာပြည်မှာတော့ မကျဘူးတဲ့။ တက်နေတယ်တဲ့။ ဘာတက်တာလဲဆိုတော့ ထောင်ဒဏ်တွေ တက်နေတယ်' လို့ နောက်ပြောင် ပြောဆိုလိုက်တယ်'' ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လတွင် ဧရာဝတီတိုင်း နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကိုဇာဂနာအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့သည်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ကိုဇာဂနာသည် အာဏာပိုင်များအပေါ် ဟာသပြက်လုံးများ ထုတ်ကာ ပြောဆိုဝေဖန်တတ်သဖြင့် အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခံရ၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ဖြစ်သည်။

ယနေ့တွင်ပင် အင်းစိန်ထောင်တွင်း တရားရုံးက နာဂစ် လေဘေးဒုက္ခသည်များအား ကူညီပေးခဲ့သူနှင့် ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေးအား ၄ နှစ် ထပ်မံ၍ ထောင်ဒဏ် တိုးချခဲ့ပြီး၊ ကိုသန့်ဇင်အောင်ကိုလည်း ၃ နှစ် ထပ်တိုးလိုက်သည်။ ယခုလ ၂၁ ရက်နေ့က သူတို့နှစ်ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,28th,2008

( 37 )ဦးမြင့်အေးတို့ကို တကျွန်းထက်ပိုသည့် ထောင်ဒဏ်များ ချမှတ်

( 36 )Cyclone widows struggle to survive

( 35 )ပြည်ခိုင်ဖြိုး၊ အရန်မီးသတ်နှင့် စွမ်းအားရှင်များကို အဓိကရုဏ်း သင်တန်းများပေး

( 34 )The Bell Tolls for Burma

( 33 )မြန်မာနိုင်ငံ အဝေးရောက်အစိုးရ မွန်ဘိုင်း တိုက်ခိုက်မှုကို ရှုတ်ချ

( 32 )Fifteen loggers attacked by Mon rebels, three dead

( 31 )Residents in Rangoon have trying time with beggars

( 30 )ဇာဂနာကို အနုပညာ လွတ်လပ်ခွင့်ဆု ချီးမြှင့်

( 29 )Civilians made to pay for tea seeds

( 28 )နိုင်ငံရေးအကျဉ်းသားများအတွက် အယူခံဝင်ရေး အခက်တွေ့နေ

( 27 )Government servants and civilians deprived of electricity

( 26 )အရက် ကြောင့်အမျိုးသမီးနှင့် ကလေးများ အကြမ်းဖက်ခံနေရ

( 25 )Judicial Crackdown in Burma Continues

( 24 )Shan Celebrate New Year in Chiang Mai

( 23 )ရှမ်းအမျိုးသား နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင် ကျင်းပ

( 22 )Burmese in Thailand cautioned on security concerns

( 21 )မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်

( 20 )Total prison term for Zarganar climbs to 59 years

( 19 ) မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်

( 18 )Economic Slowdown Hits Burmese Migrant Workers in Thailand

( 17 )Asean Summit Could be Postponed

(16 )သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက်ခွင့်ပိတ်ပင်ခံရ

( 15 )Burma Star Association honoured with freedom of the borough

( 14 )Recovery fund still insufficient in post-Nargis Burma

( 13 )နယ်ထောင်ပြောင်းခံရသည့် ကျောင်းသားခေါင်းဆောင်များ၏ သတင်း စုံစမ်းမရ

( 12 )This Holiday Comedy Doesn't Deliver

( 11 )Dire need of ART drug for HIV/AIDS patients in Burma

( 10 )New arrival refugees pressured by Australian authorities to find jobs

( 9 )မြန်မာပြည်ရှိ HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါး အရေးပေါ် လိုအပ်နေ

( 8 )KIO ထိန်းချုပ်ရာ လိုင်ဇာအနီး တရုတ်-မြန်မာ နယ်ခြားတွင် အုတ်တံတိုင်းခတ်နေ

( 7 )Burma's government in exile condemns Mumbai attack

( 6 )ရှမ်းနှစ်သစ်ကူးပွဲ ဆင်နွှဲနေကြ

( 5 )The 13th Amendment and Its Vision of the State

( 4 )နိုင်ငံတော်ဧည့်ဂေဟာ၌ မီးလောင်

( 3 )Church imposes its own strict code for election

( 2 )ဇာဂနာကို ချမှတ်သည့် ထောင်ဒဏ်ပေါင်း ၅၉ နှစ်ရှိပြီ

( 1 )Plan for gas pipeline under the spotlight

Thursday, November 27, 2008

မြန်မာနိုင်ငံအတွက် လက်တွေ့ကျသည့် အဖြေတရပ် လိုအပ်နေပြီ

မိုးသူနှင့် ထက်ဝင်း

၁၉၆၂ ခုနှစ်မှစ၍ မည်သည့် စစ်တပ်ကြီးစိုးသော အစိုးရမျှ မြန်မာ့စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် မလုပ်နိုင်ခဲ့ကြပါ။ နှစ်ပေါင်းများစွာအတွင်း ကြုံရတော့မည့် ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြီးကို လာမည့်လများအတွင်း ရင်ဆိုင်ရန် မြန်မာ့စီးပွားရေးက ယခုအခါ ငံ့လင့် စောင့်စားလျက် ရှိသည်။

စစ်အစိုးရက သူတို့၏ နိုင်ငံရေးအာဏာ တည်မြဲခိုင်ခံ့အောင် လုပ်နေခဲ့သော အချိန်ကာလဖြစ်သည့် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုလုံးလုံး တိုင်းပြည်၏ စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပြီး ဖြစ်သည်။ ဤကာလတလျှောက် တိုင်းပြည်စီးပွားရေးမှာ အပျက်ဘက်၊ အကျဘက်သို့သာ ဦးတည်သွားနေခဲ့သည်။

"မြန်မာစစ်တပ်ရဲ့ အဘိဓမ္မာက ကိုယ်ကောင်းစားဖို့ သူများကို စတေးဖို့ ဝန်မလေးတာပဲ။ ဒါကြောင့် ကျနော်တို့ကလည်း လက်ရှိအခြေအနေက မပြောင်းမဖြစ် ပြောင်းရတော့မယ့် အခြေရောက်တဲ့အထိ ဒီထဲ တဝဲလည်လည်နဲ့ သွားနေရဦးမှာပဲ" ဟု ရန်ကုန်အခြေစိုက် လေ့လာသုံးသပ်သူတဦးက ပြောသည်။

တိုင်းပြည်၏ အခြေအနေသည် သေအံ့မူးမူးအခြေအနေတွင် ဂျာအေး သူ့အမေရိုက် ဆိုသလို ဖြစ်နေသည်။ ပြဿနာတခုအတွက် “အဖြေ” သည် နောက်ပြဿနာ တခုဆီသို့ မလွှဲသာမရှောင်သာ ဦးတည်နေပြန်သည်။

"၂ဝ၁ဝ ခုနှစ်မှာ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲပြီးလည်း တိုင်းပြည်ရဲ့ အခြေအနေက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာလိမ့်မယ်လို့ ကျနော် မထင်ဘူး။ နောက်ထပ် အကြပ်အတည်းတခု ထပ်ဖြစ်လာဖို့က ပိုများနေတယ်။ ဘာလို့လဲဆိုတော့ ဒီစစ်ဗိုလ်တွေက မျိုးဆက်နဲ့ချီပြီး ဘဝင်မြင့်ရောဂါ စွဲကပ်နေကြတာ" ဟု သူက ပြောသည်။

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ ၁၉၆၂ ခုနှစ်တွင် တက်လာခဲ့ပြီး နောင်အခါ ၁၉၇၄ အခြေခံဥပဒေဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအဖြစ် အသွင်ပြောင်းလဲခဲ့ပြီး ကတည်းက အခြေအနေမဟန်သော အစိုးရအဖွဲ့တွင် အရပ်သားနှင့် စစ်ဗိုလ် ပူးပေါင်းအုပ်ချုပ်သော စနစ်ကို အသုံးပြုလာခဲ့ကြသည်။

ဦးနေဝင်း၏ နိုင်ငံခြားသား ကြောက်သည့် ရောဂါ စွဲကပ်နေသော စစ်အစိုးရနှင့် စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ ပေါင်းစပ်လိုက်သောအခါ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်အတန်းသို့ ထိုးဆင်းသွားတော့သည်။ ဤအချက်ကြောင့်ပင် လူထုအုံကြွမှုကြီးတရပ် တဖြေးဖြေး ပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံးတွင် ၁၉၈၈ ခုနှစ်၌ စစ်တပ်က သွေးထွက်သံယို နှိမ်နင်းသတ်ဖြတ်ခဲ့သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ (SLORC) နှင့် လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) တို့ ပေါ်ထွန်းလာခဲ့သည်။ ဤအစိုးရများသည် မြန်မာနိုင်ငံ၏ တပ်မတော် သမိုင်းတလျှောက် ပေါ်ပေါက်ခဲ့သလိုပင် ဖွဲ့စည်းပုံဥပဒေအရ အာဏာ အပ်နှင်းထားခြင်းလည်း မရှိဘဲ၊ တပါးသူအပေါ် ယုံမှားသံသယဖြင့် စိုးရွံ့ထိတ်လန့်နေသော အစိုးရများသာ ဖြစ်သည်။

သစ်၊ ဓာတ်သတ္တုနှင့် သဘာဝဓာတ်ငွေ့တို့ ကဲ့သို့သော သဘာဝ သယံဇာတများ ကြွယ်ဝလှသည့် ဤအရှေ့တောင်အာရှ နိုင်ငံအတွက် မည်သည့်ကုစားနည်းများ ရှိပါသေးသနည်း။ ပြည်သူ့အုပ်ချုပ်ရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကိုသာ အသားပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကိုသာ ရှေ့ဆက် ဇွတ်တိုးလုပ်နေသမျှ ကာလပတ်လုံး ဝိုင်အဟောင်းကို ပုလင်းသစ်တွင် သွတ်၍ ရောင်းသလိုသာ ဖြစ်နေလိမ့်မည်။

"ကျနော်တို့ အသဲအသန်လိုနေတာက စစ်တပ်ထဲမှာရော၊ အရပ်ဘက်မှာရော ဝင်ဆန့်တဲ့ ဗိုလ်ချုပ် ဒေးဗစ်အေဘယ်လ်လို ကြားဝင်ပေးမယ့် 'ကိုယ်စားလှယ်' မျိုး လိုနေတာ" ဟု အမည်မဖော်လိုသူ အကဲခတ်တဦးက ပြောသည်။ လစ်ဘရယ်စိတ်ထားရှိသူ အရပ်သား အားလုံးနီးပါးသည်လည်း ယခုအခါ ထောင်ထဲနှင့် ပြည်ပတွင်သာ ရှိနေကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မပါဘဲနှင့် အမျိုးသားညီလာခံကို ဆက်လက် ပြုလုပ်သွားမည်ဟု စစ်အစိုးရကို ကိုးကားကာ သတင်းစာတစောင်က ၁၉၉၉ ခုနှစ်တွင် ရေးသား ဖော်ပြထားသည်။ NLD သည် ယင်းညီလာခံကို ဆန့်ကျင်သည့်အနေနှင့် ၁၉၉၆ ခုနှစ်က ညီလာခံမှ သပိတ်မှောက် ထွက်ခွာသွားခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း ထိုအရာရှိက ဆက်လက် ပြောကြားခဲ့သည်။

ထိုအချိန်မှ စကတည်းက နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း NLD ၏ ဒီမိုကရေစီစနစ်အပေါ် ပိုင်းဖြတ်ချက်ရှိမှုကို ဆက်တိုက်ပင် လက်ခံ အသိအမှတ် ပြုခဲ့သည်။ သို့သော် ထိုအသိအမှတ်ပြုမှုသည် ရလဒ်တခု ထွက်ပေါ်စေနိုင်သည့် 'လုပ်ဆောင်ချက်' တရပ်ကိုမူ ပေါ်ပေါက်စေနိုင်ခဲ့ခြင်း မရှိပါ။

အနည်းငယ် ပြုပြင်ပြောင်းလဲထားသော နိုင်ငံရေး ဆွေးနွေးပွဲများမှတဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို တိုးတက်အောင် ပထမဦးစွာလုပ်ရန် ဖြစ်နိုင်ဖွယ်ရှိသည်။ ဤအခြေအနေ အောက်တွင် အချို့သော လစ်ဘရယ်စိတ်ဓာတ် ရှိသူများ၏ အခန်းကဏ္ဍ နေရာရလာနိုင်ပြီး စီးပွားရေးတွင်လည်း တိုးတက်မှုရှိသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။ ဤ အခြေအနေမှတဆင့် နိုင်ငံရေးဝန်းကျင်တွင်လည်း ဗဟုဝါဒကို လှုံ့ဆော်ပေးနိုင်ပါလိမ့်မည်။

"၂ဝ၁ဝ ခုနှစ်အပြီး ပေါ်လာမယ့် အနာဂတ် မြန်မာအစိုးရအဖွဲ့သစ်မှာ ပိုနေမြဲ ကျားနေမြဲ အခြေအနေကနေ အေးအေးသက်သာထိုင်ပြီး ကိုယ်ကျိုးပဲ ရှာနေတဲ့ အချောင်သမား အရပ်သား နိုင်ငံရေးသမားတွေကို ကျနော်တို့ မလိုချင်ဘူး။ အေးအေးသက်သာ ထိုင်မနေဘဲ ပြောစရာရှိတာ ပြောရဲတဲ့ စီးပွားရေး၊ လူမှုရေး ပြဿနာကြီးတွေကို စစ်ခေါင်းဆောင်တွေကို ပြောဆိုရဲမယ့်သူတွေ လိုတယ်" ဟု အဆိုပါ အကဲခတ်က ဆက်လက်ပြောသည်။ သူက မြန်မာလူမျိုး အများစုဖြစ်သော ပြည်တွင်း ရေပေါ်ဆီအချို့၏ မိမိကိုယ်မိမိ သာယာအထင်ကြီးနေမှုနှင့် ဒီမိုကရေစီရေးအရ ယုံကြည်လက်ခံနိုင်မှုကိုလည်း မေးခွန်းထုတ်လိုက်သည်။ ထိုရေပေါ်ဆီများက သူတို့သည်သာ စစ်အရာရှိများနှင့် မတူကွဲပြားသည့် အစားထိုးစရာ အလုပ်ဖြစ်လောက်သည့် နောက်ထပ် ရွေးချယ်စရာအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော် တင်ပြထားကြသည်။

သို့သော် မြန်မာပြည်အတွက် မတူသည့်အချက်မှာ လက်ရှိ ခေါင်းဆောင်များသာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများကဲ့သို့ အခြေအနေများကို လက်တွေ့ကျကျ နားလည်သဘောပေါက်ပါက နိုင်ငံရေးဗဟုဝါဒကို စောင့်ဆိုင်းထားလို့ရသည်။ သို့သော် မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ခေါင်းဆောင်မှုမျိုး မရှိပါ။

ယခု လက်ရှိ အခြေအနေတွင် သူတို့၌ တရားသေသမားများသာ လွှမ်းမိုးကြီးစိုးနေသည်။ ဤသို့ဆိုလျှင် အပြည့်အဝ မဟုတ်တောင်မှ တစိတ်တပိုင်းလောက်ပဲဖြစ်ဖြစ် သူတို့ထဲတွင် လစ်ဘရယ်စိတ်ထား ရှိသူများကို ကျနော်တို့ မြင်တွေ့ကြရပါ့မလား။ အလွန် အလားအလာ နည်းသည်။ ဤသို့သော သဘာဝ စစ်တပ်တွင် မရှိပါ။

"အနာဂတ် ပါလီမန်ရှိ လွှတ်တော် ၂ ရပ်စလုံးတွင် စစ်တပ်အတွက် သီးသန့် ဖယ်ထားရသည့် အမတ်နေရာ ၂၅ ရာခိုင်နှုန်းသည် မဲပေးသည့်အခါ တစုတည်းအဖြစ်သာ ပေးကြလိမ့်မည်" ဟု အဆိုပါ အကဲခတ်က ပြောသည်။

မြန်မာပြည် တကယ် ကံကောင်းခဲ့သည် ဆိုလျှင်ပင် ပါတီစုံ ရွေးချယ် တင်မြှောက်ပွဲအပြီး လာမည့်နှစ်များ၌ အဓိက ခေတ်စားမယ့် စကားလုံးက “စီးပွားရေး ယုတ္တိရှိမှု” ဖြစ်လိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဤအချက်ကိုကြည့်၍ ဤခြစားနေပြီးဖြစ်သော စစ်တပ်သည် တိုင်းပြည်၏ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်လိမ့်မည်ဟု ကျနော်တို့ အကောင်းမြင်၍ ရနိုင်ပါသေးလား၊ မြန်မာ စစ်ခေါင်းဆောင်များသည် စာရိတ္တအရ သူတို့ကိုယ်တိုင် ခြစား ပျက်စီးနေခဲ့ပြီး ဖြစ်သည်။ အခြားသူများကိုလည်း သူတို့လိုပင် ခြစားအကျင့်ပျက်အောင် ဖျက်ဆီးပစ်လိုက်ကြလိမ့်မည်။

"မြန်မာနိုင်ငံတွင် လစ်ဘရယ် စီးပွားရေးကို ကျင့်သုံးနိုင်သည်ဆိုလျှင်ပင် ကိုယ်ကျိုးရှာသူများ တကယ့်ကို များပြားပြီး အနှံ့အပြား ရှိနေလိမ့်မယ်" ဟု သူက ပြောဆိုသွားပြီး၊ တိုင်းပြည်၏ သယံဇာတ အများအပြားသည် တဦးချင်း၏ အိတ်ထောင်ထဲသို့သာ ရောက်သွားလိမ့်မည်ဟုလည်း သူက ဆိုသည်။

အခုအချိန်အထိတော့ “စစ်အစိုးရ၏ လုံခြုံရေး” ကိုသာ ပြောပြီး၊ ၅၃ သန်းသော မြန်မာပြည်သူများ၏ လုံခြုံရေးကို လျစ်လျူရှုထားသူက များနေသည်။ ထို့ပြင် ထိုသူတို့သည် ရွေးကောက် တင်မြှောက်ခံရပါက ပေါ်ထွက်လာမည့် အနာဂတ် အရပ်သားအစိုးရဟု ခေါ်ဆိုလေ့ရှိကြသော အဖွဲ့တွင် စစ်တပ်ကို တန်ပြန်မဲ တင်းပေးနိုင်မည့် အတိုက်အခံများအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော် ပြောဆိုနေကြသည်။

အကျယ်အပြန့် မျှော်လင့်ရသည်မှာ စီးပွားရေးသမားအချို့လည်း ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်နိုင်ရန် ပြင်ဆင်နေသည်။

ထိုအထဲမှ အများစုသည် စစ်အစိုးရနှင့် တရင်းတနှီး နီးစပ်သူ မီဒီယာလောကနှင့် စီးပွားရေးလောကမှ ဖြစ်ဖွယ်ရှိသည်။ မည်သို့ပင်ဖြစ်စေ မကြာခင် လအနည်းငယ်အတွင်း ကြေညာတော့မည့် ရွေးကောက်ပွဲ ဥပဒေများအရ ထိုသို့သော အပြောင်းအလဲတရပ် ပေါ်လာနိုင်သလားဆိုသည်ကိုမူ စောင့်ကြည့်ဖို့ လိုသေးသည်။

အဆိုပါ ထင်ရှားသော ပုဂ္ဂိုလ် အများအပြားသည် ယခုအခါ တက်ကြွ လှုပ်ရှားနေကြသည်။ လူထုအခြေပြု အဖွဲ့အစည်းများအတွင်း ခေါင်းဆောင်နေရာမှ ပါဝင် လှုပ်ရှားနေကြသည်။

မည်သို့ပင်ဖြစ်စေ အလွန်ကြီးမားသော မေးခွန်းတရပ်မှာမူ ကျန်ရှိသေးသည်။ တက်လာမည့် အရပ်သားအစိုးရသည် မြန်မာလူမျိုးများကရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ယေဘုယျအားဖြင့် လက်ခံနိုင်သည့် လွတ်လပ်သော တိုင်းပြည်တပြည် ဖြစ်လာအောင် ရှေ့ရှုသွားနိုင်ရေး၌ သူတို့ တကယ် သြဇာရှိကြပါ့မလား ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

၁၉၆၂ ခုနှစ်ကတည်းကစ၍ မြန်မာ့သမိုင်းတွင် ဤသို့ “ပူးသတ်ရေး” အတွေးအခေါ်ရှိသည့် အရပ်သား နိုင်ငံရေးသမား အများအပြား၏ ကျရှုံးမှုအများအပြားကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ သူတို့သည် အုပ်စိုးနေဆဲ စစ်အစိုးရတရပ်၏ စိတ်ဓာတ်ကို ပြောင်းလဲသွားအောင် နဲနဲမှ မလုပ်နိုင်ခဲ့ကြ၊ အချို့က နဲနဲပါးပါးသာ လုပ်နိုင်ခဲ့ကြသည်။ ယေးလ်တက္ကသိုလ်ထွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း မြန်မာနိုင်ငံ၏ သမတဖြစ်ခဲ့သော ဒေါက်တာမောင်မောင်သည် အကောင်းဆုံး ဥပမာဖြစ်သည်။

ထို့ကြောင့်ပင် အဆိုပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ ပြုပြင်ပြောင်းလဲရေးများ လုပ်ရန်ဆိုသည့် ကိစ္စ၏ ဖြစ်နိုင်ခြေသည် အကန့်အသတ် အလွန်များကြောင်း ဝါရင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများက သတိပေးထားခဲ့ကြခြင်းဖြစ်သည်။ မျှော်လင့်ချက် အလွန်နည်းသည်။ အနောက်နိုင်ငံများတွင် ပညာသင်ကြားခဲ့ကြပြီး၊ ပြည်သူ့အုပ်ချုပ်ရေး နယ်ပယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာ့ရေပေါ်ဆီ လူတန်းစား ခေတ်ဟောင်းမျိုးဆက်သည် အမျိုးသား ညီလာခံတွင် စစ်တပ်က လိုချင်သမျှကို ခေါင်းငြိမ့်ထောက်ခံရုံသာ လုပ်ခဲ့ကြသည်။

ဤအတောအတွင်း မြန်မာစစ်တပ်သည်လည်း သူတို့အတွင်း မျိုးဆက်ကွာဟမှု ပြဿနာကို ရင်ဆိုင်ကြုံတွေ့နေခဲ့ကြရပြီး ဖြစ်သည်။ သူတို့တွင်လည်း လစ်ဘရယ် စိတ်ထားရှိသည့် အရာရှိအသစ်များ အနည်းအကျဉ်းသာ တပ်မတော်တွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အဓိကအကြောင်းမှာ တိုင်းပြည်၏ အောက်တန်းနောက်တန်း ကျလှသည့် ပညာရေးစနစ်ကြောင့် အတွေးအခေါ်သစ်၊ အယူအဆသစ်များကို နားလည်သိရှိနေသူ အရည်အချင်းရှိသည့် လူငယ်အရာရှိသစ်များ အလွန်နည်းပါးခြင်းကြောင့်ပဲ ဖြစ်သည်။

ဤကိစ္စကို အခြားတနည်းဖြင့် စဉ်းစားကြည့်ကြပါစို့။ လစ်ဘရယ်ကျကျ လေ့ကျင့်မွေးမြူထားသော မြန်မာစစ်သားများက ရေပေါ်ဆီများနှင့် ယှဉ်ပြိုင်လာနိုင်ပြီဆိုလျှင် မိမိတို့သည်သာ တိုင်းပြည်ကို အချစ်ဆုံးဖြစ်၍ တိုင်းပြည် အနာဂတ်အတွက် လုပ်ဆောင်မည့်သူများ ဖြစ်သည်ဟု ဆိုကာ ပြောဆိုလာနိုင်လျှင် အခြေခံကျသော အဖြေတရပ်ဆီသို့ ဦးတည် ရွေ့လျားသွားနိုင်သည်။

အမှန်တကယ် အရည်အချင်း ပြည့်ဝသည့် ယုံကြည်အားထားရသော မျိုးဆက်သစ်တရပ်ကို မွေးမြူခြင်း မပြုနိုင်လျှင် မြန်မာ့တပ်မတော် အပါအဝင် မည်သည့် လူ့အဖွဲ့အစည်း အစိတ်အပိုင်းမှ ရှင်သန်မနေနိုင်ပါ။ မြန်မာစစ်တပ်သည် ဤကဲ့သို့သော ပြဿနာတရပ်ကို ရင်ဆိုင် ကြုံတွေ့နေခဲ့ရပြီး ဖြစ်သည်။

မကြာသေးခင်ကပင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက နောက်လာမည့် တနှစ်ခွဲကာလသည် NLD ၏ ရှင်သန်ရေးအတွက် အရေးပါလိမ့်မည်ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် NLD အနေဖြင့် အနာဂတ် နိုင်ငံရေး ဖြစ်ထွန်းမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် တီထွင်ဖန်တီးမှုရှိရှိ နည်းလမ်းများ ကြံဆရှာဖွေထားဖို့ လိုသည်။ ဤအချက်သည်ပင် နိုင်ငံရေး အင်အားစုအချို့က အနာဂတ် နိုင်ငံရေးဖြစ်စဉ်တွင် အတူတကွ ပူးပေါင်းပါဝင်နိုင်ရေးအတွက် နည်းလမ်းသစ်များ ရှာဖွေပါရန် ထုတ်ဖော် တိုက်တွန်းနေကြခြင်း ဖြစ်သည်။

NLD က အပြတ်အသတ် အနိုင်ရရှိခဲ့သော ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ရှေ့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ခြေကုပ်အဖြစ် အသုံးချနိုင်သေးသည်။ ဆိုလိုသည်မှာ NLD သည် အနာဂတ် နိုင်ငံရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ဆက်လက် ပတ်သက် ဆက်စပ်နေစေရေးအတွက် နိုင်ငံရေးပါတီသစ် တရပ်ကို ခပ်လျှိုလျှို ဖွဲ့စည်းထားရေးကို ထောက်ခံ အားပေးသင့်သည်။

အတိုက်အခံများမှာ ယခုကတည်းကပင် အင်အားချည့်နဲ့နေပြီဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ထိရောက်စွာ ဆန့်ကျင်နိုင်စွမ်း မရှိတော့ပါ။ သို့သော် သူတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် အကောင်အထည် ဖော်ရေးကို ထိထိရောက်ရောက် ဖြစ်အောင် လုပ်ရာ၌မူ အင်အားချည့်နဲ့သွားအောင် လုပ်နိုင်သေးသည်။

နိုင်ငံရေးဆိုသည်မှာ ရိုးရိုးသာမန် ကိစ္စလေးများဖြစ်သည့် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် အခွင့်အရေးပေါင်းစုံတို့ကို မျှော်မှန်းလုပ်ကိုင်ကြရခြင်း ဖြစ်သည်။ လောလောဆယ်တွင်မူ အဆိုပါ အချင်းအရာအားလုံး ဖွဲ့စည်းပုံသစ်တွင် မပါရှိပါ။ ဆင်ခြင်တုံတရားရှိသော မည်သည့်ပုဂ္ဂိုလ်မျှ ကျေနပ်လက်ခံနိုင်မည် မဟုတ်ပါ။

တိုင်းရင်းသား လူနည်းစုများနှင့် နိုင်ငံရေး အခွင့်အရေးများကို ချိုးဖောက်နေသည်ဟု စွပ်စွဲချက်များ ရှိနေသမျှ ကာလပတ်လုံး ပြင်ပအင်အားစုများဖြစ်သည့် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ၏ မြန်မာ့ဒီမိုကရေစီရေးကို အားပေး ထောက်ခံနေမှုများသည်လည်း စစ်အစိုးရဖြစ်ဖြစ၊် အရပ်သားအစိုးရဖြစ်ဖြစ် မြန်မာ စစ်အစိုးရနှင့် အတိအလင်း ဆက်ဆံရန် ဝန်လေး တွန့်ဆုတ်နေပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ မြန်မာ့အရေးဆိုသည်မှာ အနောက်နိုင်ငံ အများစု၏ အမြင်တွင် ထိပ်တန်းဦးစားပေး ကိစ္စတရပ် မဟုတ်ဆိုသည့် အမှန်တရားမှာမူ နဂိုအတိုင်းပင် ရှိမြဲရှိနေသေးသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံကို ခုခံရင်ဆိုင်ရန် ဒေသတွင်းတွင် မဟာမိတ် အများအပြား လိုတာထက်ပို၍ အမေရိကန်တွင် ရှိသည်။ ထိုအထဲတွင် မြန်မာတနိုင်ငံ တိုးလာ၍လည်း သိပ်အဓိပ္ပာယ် ရှိလှသည် မဟုတ်ပါ။

စစ်အစိုးရက ဤအချက်ကို နားလည်သည်။ ထို့ကြောင့်ပင် သူ့ကိုယ်ပိုင် နိုင်ငံရေးဖြစ်စဉ်အတိုင်း ရှေ့ဆက် လျှောက်လှမ်းနေခြင်းဖြစ်သည်။ နိုင်ငံရေးအကျိုးစီးပွား အများစုကို သူတို့ရရှိစေရန် ရည်ရွယ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေး ဆေးရောင်စုံ မြင်ကွင်းကျယ်တွင် ပေါ်ပေါက်နေသော ကွဲပြားခြားနားမှုများကို ဖြေရှင်းနိုင်ရေးအတွက် အတိုက်အခံ ပါတီများနှင့် လူထုတို့က တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပါရန် ထပ်တလဲလဲ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသော်လည်း စစ်အစိုးရက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို မဖြစ်မနေ ဇွတ်လုပ်တော့မည်ဟု ဆုံးဖြတ် ပြင်ဆင်နေခြင်းမှာ ဤအချက်ကြောင့် ဖြစ်သည်။

ဤသို့ဆိုလျှင် ရေတိုနှင့် အလယ်အလတ် ကာလအတွက် ဘာများ မျှော်မှန်းနိုင်ပါသေးသလဲ။ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ကမ္ဘာ့ အသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံ၏ တကယ့်အတိုက်အခံ အစစ်ကို ထောက်ခံအားပေးဖို့ အရေးကြီးသည်။ ထိုအတိုက်အခံ အစစ်ဆိုသည်မှာ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးနယ်ထဲသို့ ဝင်ရောက်လာသည့် သမ္ဘာရင့် နိုင်ငံရေးသမားများဟု ဆိုသော အတိုက်အခံအတု မဖြစ်စေရပါ၊ ဒီမိုကရေစီနည်းကျ ယုံကြည်အားထား စိတ်ချရနိုင်သော အတိုက်အခံများဖြစ်ဖို့ လိုသည်။

အချို့သော ထိပ်တန်းပဏ္ဍိတ်များနှင့် အတိုက်အခံ ခေါင်းဆောင်များ စိုးရိမ်နေသည့်အချက်မှာ အကယ်၍သာ သူတို့လိုချင်သည့် လမ်းအတိုင်း ဖြစ်မလာဘူးဆိုလျှင် အုပ်စိုးသူလူတန်းစားသည် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး၌ အထီးကျန် အခြေအနေသို့ ပြန်လည်ဆုတ်ခွါသွားမည့် အရေးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤအဆိုးဆုံး အခြေအနေဖြစ်ရန် အတော်ပင် ခဲယဉ်းပါသည်။ အကြောင်းမူ တိုး၍ဖြစ်ပေါ်နေသော ကမ္ဘာ့အသွင်ဆောင်မှု ကမ္ဘာကြီးထဲ၌ အထီးကျန်နေခြင်း၏ တန်ဖိုး မည်မျှကြီးမားသည် ဆိုသည်ကို အာဏာရှင် စစ်အစိုးရတို့ သိနားလည်သည်။ သူတို့သည် အနိမ့်ဆုံးအားဖြင့် သူတို့ကိုယ်ပိုင် ရေပေါ်ဆီလူတန်းစား အတွက်မူ လုပ်ကွက်ခွင်လေးများ ဖန်တီးပေးလိမ့်မည်။ မြန်မာနိုင်ငံ ကိစ္စတွင် အဖြစ်နိုင်ဆုံးကိစ္စမှာ အစိုးရသစ် ပေါ်ပေါက်လာပြီဆိုပါက ပိတ်ဆို့အရေးယူမှုဆိုသည်မှာ ပတ်သက်ဆက်စပ်မှု ကင်းမဲ့သွားတော့မည့် အရေးပင်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာမှ မူဝါဒချမှတ်သူများအနေဖြင့် ၂ဝ၁ဝ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တိုက်တွန်းအားပေးနေသည့် တချိန်တည်းမှာပင် ဆက်လက်ပြုလုပ်နေမည့် နိုင်ငံရေးအရ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တန်ပြန်အရေးယူနိုင်ရေးအတွက်လည်း စတင်စဉ်းစားရန် ပြင်ဆင်ထားသင့်ပါပြီ။ မြန်မာနိုင်ငံ၏ အကျဉ်းစခန်းများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂၁ဝဝ ကျော်ရှိပြီး မြန်မာ့ အနာဂတ် ပါလီမန်လွှတ်တော်ဆိုသည်မှာ သူတို့၏ စွန့်လွှတ်ပေးဆပ်မှုများကြောင့် ပေါ်ထွက်လာသော အရာဖြစ်သည် ဆိုသည်ကိုလည်း သူတို့ မမေ့ရန် လိုသည်။ တော်လှန်ရေးဆိုသည်မှာ သမိုင်းတွင် ရှားပါးသည်။ သို့သော် လူမှုလုပ်ရှားမှုများ၏ အခန်းကဏ္ဍကိုလည်း မှေးမှိန်အောင် မလုပ်သင့်ပါ။

အတိုချုပ်ပြောရလျှင် မြန်မာနိုင်ငံသည် အပြောင်းအလဲတခုဆီသို့ ဦးတည်ရွေ့လျားနေသည်။ ဒီမိုကရေစီအတွက် အတားအဆီးမှန်သမျှကို သတိကြီးစွာဖြင့် လျှော့ချ ဖယ်ရှားနေကြသည်။ သို့သော် ဤသို့ ဖြစ်လာနိုင်ခြေများ ရှိနေသော်လည်း နောက်ထပ် စိန်ခေါ်မှုအသစ် အများအပြားမူ ကျန်နေသေးသည်။


သဘာဝကျေးရွာများ ဖြစ်လာစေဖို့တဲ့..................

ကန္တာရ၀တီတိုင်း( မ် )

"ရှင်းရှင်းပြောမယ်ဆိုရင် ငါးဘတ်တောင်မတန်ဘူး။ သဘောရှိတယ်။ ဒါပေမဲ့သူ (နိုင်ငံခြားသား) များက ငါးဆယ်နဲ့ လာဝယ်လိုက်တယ်။"

ဂီတာသံစဉ်များကဲ့သို့ အသံများ ထွက်ပေါ်လာနိုင်စွမ်းရှိပြီး စက်ကရိယာတို့ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ လက်ဖြင့် သဘာဝကျကျ ပြုလုပ်ထားတဲ့ ၀ါးဂီတာကို နိုင်ငံခြားသား ဧည့်သည်တဦးက သဘောကျလို့ (၅၀)ဘတ်ဖြင့် ပေးပြီး ၀ယ်ယူသွားတဲ့ အကြောင်းကို အသက်(၄၀)ရွယ်ရှိတဲ့ ခွန်းလဒူဆိုသူ ကရှင်းပြသွားတာ ဖြစ်ပါတယ်။

သူဆိုလိုချင်တဲ့အဓိပ္ပါယ်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ရှိတဲ့ ကြေးကွင်းပတ် ကယန်းတို့နေထိုင်တဲ့ ကယန်းသာယာရွာကို နေ့စဉ်ရက်ဆက် အလည်လာတဲ့ နိုင်ငံခြားဧည့်သည်များက စက်ဖြင့် တီထွင်ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေထက် ကယန်းတို့ရဲ့ ရိုးရာဓလေ့အတိုင်း လက်ဖြင့်ပြုလုပ်ပြီး သဘာဝကျကျလှပနေတဲ့ အသုံးအဆောင်တွေကို ပိုပြီးဝယ်ယူအားပေးခြင်းကို ဆိုလိုတာဘဲဖြစ်ပါတယ်။

မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာရှိတဲ့ ကယန်းသာယာရွာ၊ ဟွေ့ပူးကဲရွာနဲ့ ဟွေ့စူထောက်ကျေးရွာတွေဆီ ကမ္ဘာလည့်ခရီးသည်များက စဉ်ဆက်မပြတ် အလည်အပတ် လာရောက်ရှုစားကြတဲ့အတွက် စီးပွားရေးဆန်ဆန် စက်မှုလက်မှုတို့ဖြင့် ပြုလုပ်ထားတဲ့ အပြင်က အသုံးအဆောင်တွေကို ထိုကျေးရွားသုံးရွာမှာ ကျယ်ကျယ်ပြန့်ပြန့် ချရောင်းတဲ့အတွက် ကယန်းကျေးရွာက သဘာဝကျေးရွားလေးလို မထင်ရှားတော့ဘဲ စီးပွားရေးဆန်ဆန် ထင်ဟနေတဲ့အတွက် နောက်ပိုင်း သဘာဝတရားကို ကြိုက်နှစ်သက်ကြတဲ့ နိုင်ငံခြားသားများ အလည်အပတ်ကျဆင်းမည့် အနေထားမှာ ရှိနိုင်တယ်လို့ ကယန်းတို့က ဆိုပါတယ်။

ထို့ကြောင့် ကယန်းကျေးရွာများ၌ ပြင်ပမှ တင်သွင်းထားသော အသုံးအဆောင်များကို တဖြေးဖြေး လျော့ချသွားမှာဖြစ်ပြီး သဘာဝကျကျ ကယန်းတို့ ကိုယ်တိုင်လက်ဖြင့် ပြုလုပ်ထားတဲ့ အသုံးဆောင်များကို ဦးစားပေး ရောင်းချသွားမှာ ဖြစ်တယ်လို့ ခွန်းလဒူက ဆိုပါတယ်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ကယန်းကျေးရွာများအား နိုင်ငံခြားသားများအနေဖြင့် စီးပွားရေးလုပ်နေကြတဲ့ ကျေးရွာအဖြစ် မမြင်တော့ သဘာဝကျေးရွာများအဖြစ် ရှုကောင်းမြင်ကောင်း ဖြစ်လာနိုင်မယ်လို့လဲ ပြောပါတယ်။

ရိုးရာအရ မိမိ ယဉ်ကျေးမှုဝတ်စုံနှင့် မိမိ၊ အိမ်တိုင်းတွင်လည်း ကိုယ်တိုင် ယက်လုပ်၊ ထုလုပ်သည့် ပစ္စည်းများ၊ နေထိုင်ပုံများကိုလဲ သဘာဝအဖြစ်သို့ ပြုပြင်ပြောင်းလဲရန် မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ရှိတဲ့ ကယန်းကျေးကွင်းပတ် ကျေးရွာသုံးရွာအနက် ကယန်းသာယာရွာမှ စတင်ဆောင်ရွက်သွားမှာ ဖြစ်တယ်။

သဘာဝကျေးရွာ ဖြစ်လာနိုင်ရေးအတွက် ကယန်းသာယာရွာမှ စတင်အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် ယယန်းရွာများသို့ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်ရေးအတွက် ကူညီပေးသော မယ်ဟောင်ဆောင်ဒေသ တာဝန်ရှိသူများနှင့် ဒေသခံအာဏာပိုင်များလည်း သဘောတူကြောင်း သိရပါတယ်။

ထိုအာဏာပိုင်များမှ ယခုနိုဝင်ဘာလ အစောပိုင်းပိုင်းက ကယန်းသာယာရွာသို့ အလည်အပတ်လာရောက်၍ သွပ်နှင့်အုတ်တို့ဖြင့် ပြုလုပ်ထားတဲ့ အိမ်များအား သဘာဝအတိုင်း ကြည့်လို့ကောင်းအောင် ဖက်တို့ဖြင့် ပြန်လည်ပြုပြင်နိုင်လျှင် ပိုမိုသာယာလှပလာမှာဖြစ်ပြီး နိုင်ငံခြားသားများ အနေဖြင့်လည်း ပိုမိုစိတ်ဝင်တစား ဖြစ်လာနိုင်မှာဖြစ်တယ်လို့ ရွာသူရွာသားများကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

"နိုင်ငံခြားဧည့်သည်တွေလဲ ပိုကြိုက်တယ်။ သူများပိုသနားတယ်၊ သွပ်မိုးနဲ့ လုပ်အုတ်နဲ့ လုပ်တော့ သူများနိုင်ငံမှာ ကိုယ့်ထက်ကောင်း အများကြီးရှိတာပေါ့။ အဲဒီဟာကတော့ ခင်ဗျားတို့က အဲဒီလိုမျိုးလုပ်မယ်ဆိုတော့ ကျနော်တို့လဲ ဗီဒီယိုလာရိုက်ပြီးတော့မှ သူများနဲ့ တစ်ခါပြန်ကြော်ငြာမယ်" လို့ ဒေသခံအာဏာပိုင်များရဲ့ ပြောကြားချက်တွေကို ကယန်းသာယာရွာခံတဦးက ပြန်လည်၍ ပြောပြပါတယ်။

ကယန်းသာယာရွာ သဘာဝကျေးရွာအဖြစ် ပြောင်းလဲရေးကို အာဏာပိုင်များက သဘောတူသည့်အပြင် ကယန်းတို့အနေဖြင့် ရေရှည်စားဝတ်နေရေးကို နိုင်ငံခြားအလည်အပတ် ခရီးသည်များထံမှ ရရှိသော ၀င်ငွေများဖြင့် အားကိုးအားထားမပြုဘဲ ကိုယ်ထူကိုယ်ထ စွမ်းအားဖြင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် အာဏာပိုင်တို့ဘက်မှ နည်းလမ်းများ ရှာဖွေကူညီပေးမည်ဟုလည်း ဆိုပါတယ်။

ယခုရှိရင်ဆဲကျေးရွာကို သဘာဝကျေးရွာအဖြစ် ပြန်လည်တည်ဆောက်မယ်ဆိုရင် သွပ်ဖြင့်မိုးထားတဲ့ အိမ်တွေကို ပြန်ဖြုတ်ရမှာဖြစ်တဲ့အတွက် ဖက်ဖြင့်ပြန်လည်မိုးမည်ဆိုပါက ရေရှည်အတွက် ကုန်ကျစရိတ်ပိုများလိမ့်မယ်လို့ ရွာသားအချို့က ဆိုပါတယ်။

ထိုအကြောင်းနဲ့ပတ်သက်ပြီး ကယန်းသာယာရွာသားတဦးဖြစ်တဲ့ မောင်ထွေက "တစ်ဖက်ကိုပြန်ကြည့်ရင် သံဖြူမိုးတာနဲ့ ဖက်မိုးတာကလဲ ကွာခြားမှုရှိတယ်။ ဖက်မိုးတာ ပိုက်ဆံတအားကုန်တယ်၊ ၂ နှစ်တစ်ခါ ၂ နှစ်တစ်ခါ၊ နောက်တစ်ခါထဲ သံဖြူဝယ်ပြီးတော့ မိုးလို့ရှိရင် ပိုက်ဆံတစ်ခါပဲကုန်တယ်။ ဖက် ၂ နှစ်စာ နှစ်ခါဝယ်လို့ရှိရင် အဲဒါသံဖြူတစ်ခါစာလောက်ပဲရှိတယ်။ နောက်သံဖြူက အနည်းဆုံး ၁၀ နှစ်လောက်ခံတယ်" လို့ ဆိုပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဒုက္ခသည်များအဖြစ် တတိယနိုင်ငံတွေမှာ မလျှောက်ထားဘဲ ထိုင်းနိုင်ငံတွင်ပင် ဆက်လက်နေထိုင်သွားမယ်ဆိုတဲ့ သူတွေအတွက်တော့ ရေရှည်ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်မည့် နည်းလမ်းတွေကို စတင်ရှာထားရမှဖြစ်ပါတယ်။

ယခုလို တတိယနိုင်ငံကိုလဲ မသွားဘဲ ထိုင်းနိုင်ငံမှာဘဲ ဆက်လက်နေထိုင်မယ်ဆိုတဲ့ ကယန်းတွေက ရေရှည်ဘ၀ ရပ်တည်နိုင်ရန်အတွက် ယခုလို သဘာဝကျေးရွာကို ပြန်လည်ထူထောင်မယ်ဆိုတဲ့ အတွေးအခေါ်ကတော့ သဘာဝကျတဲ့ အတွေးအခေါ်တခုလို့ ဆိုရမှာပါ။

သဘာဝကျေးရွာ ဖြစ်ပေါ်လာနိုင်ရန်အတွက် အိမ်ရှင်နိုင်ငံမှ တာဝန်ရှိသူတွေကလဲ ပထမခြေလမ်းအနေဖြင့် ကယန်းကျေးရွာနံဘေးမှာရှိတဲ့ မြေကွက်လပ်များကို စိုက်ခင်းများ စိုက်ပျိုးနိုင်ရန်အတွက် မကြာခင်မှာ စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထိုသို့လုပ်ပေးခြင်းဟာ ကယန်းတို့အနေဖြင့် ပြည်တွင်း၌ ကိုယ့်ရပ်ကိုယ့်ရွာနေထိုင်စဉ် သီးနှံများ စိုက်ပျိုးခဲ့သလို စိုက်ပျိုးခြင်းအားဖြင့် ရှည်ရှည်တွင် ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နေနိုင်မှာဖြစ်တယ်လို့လဲ ဆိုပါတယ်။

ထိုအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ခွန်လာဒူက "အေဟုတ်တယ် ပြောတာလည်းမှန်တယ် အားလုံးအဲလိုမျိုး ပြောကြတာပဲလေ။ သူတို့ပြောတဲ့အတိုင်းဆိုလည် ငါ့တို့အတွက်ပဲဖြစ်တယ်၊ သူတို့အတွက်လဲ ဖြစ်တယ် ဘာဖြစ်လဲဆို သူတို့အတွက်မှာလဲ ဟို့မှာ ဧည့်သည်ဖက်မှာလဲ သူကပြောအားရှိအောင်၊ ငါတို့မှာလဲ ကြာလာလို့ရှိရင် အဆင်ပြေအောင် အဲပုံစံပေါ့" ဟု ပြောသွားပါတယ်။


အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၁)

နော်မန် ရိုဘက်စ် စပီရီ

ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းမဖက် ဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရ ဖြိုခွင်းချေမှုန်းခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။

ဤဆန္ဒပြပွဲများက လူအများ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာကြပြီး၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။


သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် မြန်မာလူထုများ ခံစားနေရသည့် အရေးကို ကမ္ဘာက အချိန်တိုအတွင်းမှာပင် အာရုံပြုလာမိစေခဲ့သည်။ အလားတူပင် ဤဆန္ဒပြပွဲများအပြီး ပေါ်ထွက်လာသည့် ရလဒ်ကြောင့် အတိုက်အခံများ ရေရှည်ကြာ အသုံးပြုခဲ့ကြသည့် အကြမ်းမဖက်သော မဟာဗျူဟာက စစ်အစိုးရကို ပြောင်းလဲလာစေရေးအတွက် အလုပ်မဖြစ်နိုင်ကြောင်း သက်သေထင်ရှား ပြသခဲ့သလို၊ မြန်မာ စစ်အစိုးရအဖို့လည်း အကြမ်းဖက်မှုကို အသုံးချလိုက်ခြင်းသည် ၎င်း၏ အားနည်းပျော့ညံ့မှုကို ပြသလိုက်ရာ ရောက်စေခဲ့သည်။

ဤဆန္ဒပြပွဲများသည် စီးပွားရေးအကျပ်အတည်းကြောင့် အလိုအလျောက်ပေါ်ပေါက်လာသည်ဟု အပြင်ပန်းက မြင်ရန်ရှိ သော်လည်း၊ အမှန်တွင် ပြည်တွင်းနှင့် ပြည်ပရှိ အတိုက်အခံ အင်အားစုများက စစ်အစိုးရကို အံတုနိုင်ရန် နှစ်ရှည်လများ ပြင်ဆင်ခဲ့သည့် အစီအစဉ်များ၏ ရလဒ်အဖြစ် ပေါ်ထွက်လာချက်ပင် ဖြစ်သည်။ စစ်အစိုးရကိုဆန့်ကျင်နေကြသည့် အတိုက်အခံများကို မြန်မာ့လွတ်လပ်ရေးဗိသုကာ တဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ဦးဆောင်နေပြီး သူမက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် အကြမ်းမဖက်နည်းနှင့် ဆောင်ရွက်မည်ဟု သံန္နိဌာန်ချမှတ်ထားသူ တဦးလည်း ဖြစ်သည်။ ဤယုံကြည်ချက်ကြောင့်ပင် သူမအပေါ် ကမ္ဘာက လေးစားကြည်ကြရပြီး ငြိမ်းချမ်းရေးနိုဘဲဆု အပ်နှင်းချီးမြှင့်ခံရသူလည်း ဖြစ်သည်။ ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ် တွင် စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာ ပြန်ကြည့် လိုက်သောအခါ သူမ ဦးဆောင်သည့် အကြမ်းမဖက် တော်လှန်ရေးတွင်လည်း သိသာထင်ရှားသည့် ရလဒ် ပြစရာမရှိ ဖြစ်နေရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး၊ ဤအချက်က အတိုက်အခံများအတွက် နိုင်ငံရေးအရ စိတ်ကြီးဝင်ဂုဏ်ယူဖွယ်အချက် ဖြစ် စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်အတိုင်း အသိအမှတ်ပြုရန် စစ်အစိုးရကငြင်းဆန်ခဲ့သော်လည်း NLD ပါတီနှင့် အနည်းစု သော အတိုက်အခံ တက်ကြွလှုပ်ရှားသူများအဖို့ ဤရွေးကောက်ပွဲရလဒ်ကြောင့် တရားဝင်မှု ရစေခဲ့သည်။ အတိုက်အခံ အများစုက ယနေ့တိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရန် တောင်းဆိုချက်ကို သဲကြီးမဲကြီး ဆက်လက်ဆုပ်ကိုင် ထားဆဲရှိသည်။ သို့သော်လည်း တနှစ်ပြီးတနှစ် ဖြတ်သန်းလာသည်နှင့်အမျှ တရားဝင်မှုကလည်း ပါးလျလာနေခဲ့သည်။ ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များ၏ ၂၀% က ဤနှစ်များအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး၊ ကျန် ၄၀% မှာ နှုတ်ထွက်ခြင်းရှိသလို၊ ထုတ်ပယ်ခံရခြင်းလည်း ရှိခဲ့သည်။

အတိုက်အခံများဟု ဆိုရာ၌ အမျိုးမျိုးသော နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ ၎င်းအဖွဲ့များအနက် ထင်ရှားသည့် ဒေါ် အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မြန်မာနိုင်ငံ ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) စသည့် အဖွဲ့များ ပါဝင်ကြပါသည်။

ထို့အပြင် တပ်ပေါင်းစုအဖွဲ့များလည်း ရှိနေကြသေးသည်။ ဥပမာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစုများတွင် နိုင်ငံရေးအဖွဲ့မျိုးစုံနှင့် တိုင်းရင်းသား သူပုန် လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားကြပါသည်။ ဤအဖွဲ့များက အနောက်နိုင်ငံရှိအဖွဲ့များဖြစ်ကြသည့် လွတ်လပ် သည့် လူ့ဘောင်အဖွဲ့ (OSI) နှင့် အမျိုးသားဒီမိုကရေစီ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (National Endowment for Democracy) စသည်တို့ထံမှ သိသိသာသာ ပံ့ပိုးကူညီမှုများ ရနေကြပါသည်။

ဤအဖွဲ့အများစုက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို နာယူကြပြီး နိုင်ငံရေးအပြောင်းအလဲများသည် အကြမ်းမဖက် သည့် နည်းလမ်းဖြင့်သာ ရနိုင်သည်၊ ဤသို့လည်း ရယူရမည်ဟု ယုံကြည်ထားကြသူများ ဖြစ်သည်။ ဤအယူအဆကို နယူး ယောက်မြို့နှင့် ဂျီနီဗာ အခြေစိုက် အယ်လ်ဗတ် အိန်းစတိန်း အင်စတီကျု (Albert Einstein Institute) ကလည်း ပို၍ခိုင်မာ လာစေရန် တွန်းပို့ပေးခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ၎င်းအဖွဲ့က ပံ့ပိုးကျင်းပသည့် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေး အန်တုမှု သင်တန်းနှင့် ဆွေးနွေးပွဲများကို မြန်မာဒီမိုကရေစီ အတိုက်အခံအဖွဲ့များအတွင်း လာရောက် ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းတက်ရောက်သူများတွင် ABSDF, NLD-LA, DAB, NCGUB စသဖြင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။ ဤသို့အရေးပါသည့် သင်တန်းများကို လာရောက်ပို့ချခဲ့သူမှာလည်း အဖွဲ့တည်ထောင်သူ ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ကိုယ်တိုင် ဖြစ်သည်။

ဒေါက်တာဂျင်းရှပ်ကိုယ်တိုင်ကိုယ်ကျ မြန်မာအတိုက်အခံများနှင့် ဆက်စပ် ပတ်သက်နေမှုကို စစ်အစိုးရ၏ အတွင်းရေးမှူး -၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က ၁၉၉၇ ခုနှစ်၊ ဇွန်လ သတင်းစာရှင်းလင်းပွဲတွင် နာမည်ဖော်ပြ၍ တိတိကျကျစွပ်စွဲလာခဲ့သည်။ အကြမ်းဖက်သမားများကို နိုင်ငံရပ်ခြားက ကူညီထောက်ပံ့နေသည်ဟု ပြောဆိုစွပ်စွဲခဲ့သည်။ တကယ်တော့ ပြစ်တင်ရှုံ့ချရမည့်အစား ဗိုလ်ချုပ်ခင်ညွန့်က ဂျင်းရှပ်ကို ဂုဏ်ပြုရန်ပင် သင့်သေးသည်။ အကြောင်း မှာ အကြမ်းမဖက်ရေး အယူအဆကို လာရောက်ဟောပြော မြှင့်တင်ပေးနေသူ ဖြစ်သောကြောင့်ပင်။

အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းကို ဆုပ်ကိုင်နေကြစဉ်တွင် စစ်အစိုးရအဖို့ အကြောက်တရားကို တဦး တည်း ချုပ်ကိုင်ချယ်လှယ်ခွင့် ရသွားစေခဲ့သည်။ ဤသို့ အကြောက်တရားဖြင့် စိုးမိုး၍ ၎င်း၏ အနေအထားကို ပိုမိုခိုင်မာစေ ခဲ့သည်။ မြန်မာလူမျိုးများ၏ ဘ၀ကို နောက်မျိုးဆက်များစွာတိုင် ဖျက်စီးခွင့် ရစေခဲ့ပြီး အချို့သောဖြစ်ရပ်များတွင် စစ်အစိုးရ လက်ချက်ကြောင့် အသက်ဆုံးရှုံးရမှုများလည်း အများအပြား ရှိခဲ့သည်။ ထိုထက်ဆိုရလျှင် အကြမ်းဖက်မှုကြောင့် ဖြစ်လာ မည့် အကျိုးဆက်များကို ပစ်ပယ်ခဲ့သောကြောင့်လည်း စစ်အစိုးရကို ဆွေးနွေးပွဲစားပွဲခုံပေါ်သို့ ရောက်လာစေရန် တွန်းပို့နိုင် မည့် အင်အားတခုကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

ထိုထက်ပိုသည်မှာ အကြမ်းမဖက်မှုကို အလေးပေးမြှင့်တင်ခဲ့ခြင်းကြောင့်လည်း စစ်အစိုးရကို အန်တုမည့် အတိုက်အခံ အင်အားစုများအကြား ညီညွတ်ရေးကို အားလျော့စေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပရိယာယ်ကြွယ်ဝမှုအောက်တွင် တိုင်း ရင်းသား လက်နက်ကိုင်အင်အားစုအများ လက်နက်ချခဲ့ကြသည်။ သူတို့အဆိုအရ "အလင်းဝင်" ခဲ့ကြသည်။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေး အဆင့်အတန်းကို လက်ခံအောင် စစ်အစိုးရက စွမ်းဆောင်နိုင်ခဲ့သည်။ ဤအဖွဲ့များအတွက် ဗိုလ်ချုပ် ခင်ညွန့်က မက်လုံးအမျိုးမျိုးပေး၍ အသုံးပြုခဲ့သလို၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် လည်း စစ်အစိုးရက လုပ်ဆောင်နိုင်ခဲ့သည်။ အကြမ်းမဖက်ရေးနည်းနာကို မြှင့်တင်ခဲ့ခြင်းကြောင့်လည်း ၎င်းအဖွဲ့ ခေါင်း ဆောင်များ အနေနှင့် လာဘ်လာဘများ မျှော်ကိုးလက်ခံရန် ပို၍ အဆင်ပြေစေခဲ့သည်။

စစ်အစိုးရက တိုင်းရင်းသားသူပုန်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်မှုကြောင့် တဖက်တွင် အတိုက်အခံအင်အားစုများအတွင်း အကွဲအပြဲကို အမြဲခြောက်လှန့်ခံနေခဲ့ကြရသလို၊ အကျိုးစီးပွားအရ မတူ ကွဲပြား ပဋိပက္ခ ဖြစ်စရာများလည်း ပေါ်ပေါက်လာစေခဲ့သည်။ အမှန်တကယ် အပြောင်းအလဲကို ပေါ်ပေါက်ကောင်း ပေါ် ပေါက်လာစေနိုင် သည့် "ရွှေဝါရောင်တော်လှန်ရေး" ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မပူပေါင်းခဲ့ကြသလို၊ နောက်ပြန်ဆွဲသလို ရှိ စေခဲ့သည်။ သူတို့အများက ရွှေဝါရောင်တော်လှန်ရေးကို ထိုင်၍ စောင့်ကြည့်နေကြသည်။ ဖြစ်နိုင်သည်မှာ အကယ်၍ လက်နက်ကိုင် ပုန်ကန်ထကြွမှုများသာ ပြန်ဖြစ်လာပါက သူတို့၏ သတ္တုတွင်းနှင့် အခြား စီးပွား ရေး အကျိုးစီးပွားများ ပျက်စီး ဆုတ်ယုတ်ရချည့်ဟု တွေးထင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်ဆုံးရလဒ်မှာ စစ်အစိုးရ က လက်နက်မဲ့ ဆန္ဒပြသူများနှင့် သံဃာများအပေါ် စစ်တပ်အင်အားကို ထင်သလိုသုံး၍ ချေမှုန်းနိုင်ရန် ဖြစ်စေခဲ့တော့ သည်။

ကိုယ်ကျိုးစီးပွားများနှင့် လောဘဖြစ်လာစေသည့် မက်လုံးများကြောင့် ထိခိုက်ရသည်မှာ အပစ်အခတ်ရပ်စဲရေး အုပ်စုများ နှင့် ငြိမ်းအဖွဲ့များမှသာမဟုတ်။ မြန်မာစစ်တပ်နှင့် ရှေ့တန်း ကွင်းထဲတွင် လက်တွေ့တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အချို့အပေါ်တွင်ပါ သက်ရောက်မှု ရှိလာစေခဲ့သည်။ ထိုင်းစစ်တပ်၏ အဆင့်မြင့်အရာရှိတဦး၏ အဆိုအရ စစ်အစိုးရက ရတနာ-ရဲတံခွန်ဓါတ်ငွေ့ပိုက်လိုင်းများမှ ဆက်လက်၍ အကျိုးအမြတ်ထုတ်ယူနိုင်ခြင်းမှာ ၎င်းဒေသရှိ သူပုန်တပ်ဖွဲ့များကလည်း စစ်အစိုးရထံမှရော၊ ထိုင်းအာဏာပိုင်များထံမှပါ ငွေကိုယူ၍ တိတ်တဆိတ်ခွင့်ပြုထား သောကြောင့်ဟု ဆိုသည်။ ဤသို့ငွေယူ၍ အများအတွက် ထိခိုက်နစ်နာ အကျိုးပျက်ဖွယ်ဖြစ်သည့် ဓါတ်ငွေ့ပိုက်လိုင်းကို ခွင့်ပြုထားကြပါသည်။ စစ်အစိုးရအတွက် နိုင်ငံခြားဝင်ငွေ နောက်ထပ်ရရှိစေမည့် တတိယပိုက်လိုင်းကို ထိုဒေသတွင်ပင် ယခုနှစ် ခြောက်သွေ့ရာသီ၌ ထပ်မံတည်ဆောက်ကြဦးမည်ဟု သတင်းများ ရရှိထားပါသေးသည်။


မင်္ဂလာ


ဘာလိုလိုနဲ့ ရှေ့လာမယ့်နှစ်ဆို ဆရာကြီးမင်းသုဝဏ် ဆုံးတာ ၅ နှစ် ရှိပြီ။ ဆရာကြီးသာ သက်ရှိထင်ရှား ရှိမယ်ဆိုရင် အနှစ် ၁၀၀ ပြည့်ပဲပေါ့။ ခေတ်စမ်းကို ဦးဆောင်ခဲ့ကြတဲ့ ဆရာကြီးတွေ တယောက်မှ မရှိကြတော့ဘူး။ သိပ္ပံမောင်ဝ ဆုံးပြီ။ တက္ကသိုလ်မောင်သန့်စင် ဆုံးပြီ။ ဆရာဇော်ဂျီ ဆုံးပြီ။ နောက်ဆုံး ကွယ်လွန်တာ ဆရာကြီးမင်းသုဝဏ်ပဲ။ ခေတ်စမ်းဆရာတွေ ကွယ်လွန်ခဲ့ကြပေမယ့် ခေတ်စမ်းရဲ့ အသီးအပွင့်တွေကတော့ ဒီကနေ့ မြန်မာစာပေလောကမှာ မွှေးမွှေးကြိုင်ကြိုင်နဲ့ ချိုမြနေမြဲပေါ့။

ကျနော်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကလေးတွေကို မက်မက်မောမောရှိတယ်။ ကဗျာ အပုဒ်တိုင်းလောက်ကိုလည်း နှစ်သက်သဘောကျတယ်။ ကလေး ကဗျာကလေးတွေ ဆိုရင်လည်း ကလေးကဗျာမို့၊ အချစ်ကဗျာ ကလေးတွေဆိုရင်လည်း အချစ်ကဗျာ ကလေးတွေမို့၊ ဒဿန ကဗျာကလေးတွေ ဆိုရင်လည်း ဒဿနကဗျာ ကလေးတွေမို့၊ တိုင်းချစ်ပြည်ချစ် ကလေးတွေဆိုလည်း တိုင်းချစ်ပြည်ချစ် ကဗျာကလေးတွေမို့ ချစ်လိုက်ရတာ မောနေတာပဲ။


"မိုးရေတက်ရေတဖွေးဖွေး

ကွင်းကျယ်အဝေးဝေး

လယ်စောင့်တဲလေး ခြေတံရှည်

မိုးကုပ်အောက်မှာတည်

ကြာနီတပွင့် ဖြူတပွင့်

တဲနှင့်ပနံတင့်" ။


ဆိုတဲ့ "လယ်စောင့်တဲ" ကဗျာကလေးကို စပြီး ကြားရ၊ ရွတ်ဆိုရတဲ့အချိန်က ကျနော် မူလတန်း ကျောင်းသားဘ၀ပေါ့။ ဆရာရှင်းပြတဲ့ ကဗျာရဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်၀၀ နားမလည်ပေမယ့် ရွတ်ရဆိုရတာ ကောင်းလွန်းလို့ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိုးရေထဲမှာ အော်ဆိုခုန်ပေါက်ကြရတာလေ။

အသက်ကလေးရလာ ... ဒါမှမဟုတ် ... မိုးတွင်းလိုအခါမျိုးမှာ ခရီးသွားရလို့ လယ်ကွင်းတွေကိုများ ဖြတ်သွားရရင် အဲဒီ "လယ်စောင့်တဲ" ကဗျာက ရင်ထဲကို တန်းပြီး ရောက်လာတော့တာပဲ။ ကြည့်စမ်းပါဦး မိုးတွေက ဖြိုင်ဖြိုင်ရွာနေလိုက်တာ။ မိုးကုပ်စက်ဝိုင်းတလျှောက် ကြည့်လို့မဆုံးနိုင်လောက်အောင်ကို ရေတွေ ဖွေးနေတာ။ အဲဒီရေဖွေးဖွေးတွေကြား ... အဲဒီလယ်ကွက်စိမ်းစိမ်းတွေကြားမှာ လယ်စောင့်တဲကလေးက သူ့ရဲ့ ခြေတံရှည်ရှည်ကလေးတွေကို ထောက်ပြီး မညောင်းမညာ ... မညည်းမညူ ရပ်နေတာ ... ဘယ်လောက်တောင် လွမ်းဖို့ကောင်းလိုက်သလဲ။

သဘာဝ ပတ်ဝန်းကျင်ရဲ့အလှအပကို တောတောင်ရေမြေရဲ့ အစိမ်းအလန်းကို မြတ်နိုးတတ်အောင် ... မြင်တတ်အောင် ... ချစ်ခင်နှစ်သက်တတ်အောင် ဆရာရေးဖွဲ့ခဲ့တဲ့ ကဗျာတွေနည်းမှမနည်းဘဲ။ အဲဒီလို သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်ခင်တတ်မြတ်နိုးတတ်ရင်း ... ကျနော်တို့ ကြီးပြင်းလာခဲ့ကြတော့ ... နှလုံးသားက စကားပြောလာပြန်တာပေါ့။ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာခဲ့ကြပြန်တာပဲပေါ့လေ။ အဲဒီအခါကျပြန်တော့ ဆရာ့ရဲ့ "နှင်းဆီ" ကဗျာကလေးကို တရှိုက်မက်မက် ဆိုမိရသေးတော့တယ်။


"လယ်တောကပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး။

မနက်တုန်းဆီက

ကျော့ဆုံးကို မြင်ပြန်တော့

သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်

ဂုဏ်တင့်တယ်လေး။


မျက်နှာများသူတယောက်အပေါ် ... ဒါမှမဟုတ် ကိုယ့်အပေါ် စိမ်းကားရက်စက်သွားတဲ့ မိန်းကလေးအပေါ် ဒေါသအမျက်မပိုဘဲ မုဒိတာပွားနိုင်တဲ့ စိတ်ဟာ ဘယ်အတိုင်းအတာအထိ တန်ဖိုးရှိစေသလဲ ကျွန်တော် မခန့်မှန်းတတ်ပေမယ့် ဆရာ့ရဲ့ စေတနာကိုတော့ မီးမောင်းနဲ့ထိုးပြလိုက်သလို ရှင်းရှင်းလင်းလင်း တွေ့မြင်သိနားလည်ခွင့် ရရှိတဲ့အတွက် ကြည်နူးရွှင်ပြမိတာ အမှန်ပါ။

ဒီ "နှင်းဆီ" ကဗျာကလေးကို အခုလို ပြန်တွေးမိ၊ ပြန်ရေးမိတော့ ဆရာကြီးမင်းသုဝဏ်ကို ချစ်စနိုးနဲ့ ကျီစယ်နောက်ပြောင်ခဲ့တဲ့ ဆရာသော်တာဆွေကိုလည်း ဖျတ်ခနဲဆိုသလို ကျနော် သတိရလိုက်မိပြန်တယ်။ အဲဒီတုန်းက ဆရာသော်တာဆွေက သိပ်ကိုသောက်ဖြစ်နေတဲ့ အချိန်ဆိုပါတော့။ ဆရာသော်တာဆွေက ဆရာကြီးမင်းသုဝဏ်ရဲ့ "နှင်းဆီ" ကဗျာကလေးကိုဖျက်ပြီး ... သူ့ရဲ့သောက်တတ်စားတတ်တဲ့ စရိုက်ကလေးပေါ်အောင် ...


"ထန်းတောကပြန်

အန်ချင်တယ် ထန်းရေဘူးလွယ်လို့

မောင်မူးတယ်လေး။

မနက်ခင်းဆီက

ချက်ပုလင်းမြင်ပြန်တော့

ဘဲနံကင် ၀က်ကင်ကြီးရယ်နှင့်

မြည်းလိုက်ချင်သေး"


ကဗျာကလေးတပုဒ် လုပ်လိုက်ပါရော။ ဒီကဗျာကလေးကို ဆရာကြီးမင်းသုဝဏ် ဖတ်ရတော့ သဘောကျလွန်းလို့ မျက်ရည်ထွက်အောင် ရယ်တယ်ဆိုပဲ။ ဆရာကြီးကသာ သဘောကျတာ၊ ဆရာကြီးကို အလွန်အမင်း ချစ်ခင်လေးစားကြတဲ့သူတွေနဲ့ ဆရာကြီးရဲ့ အဲဒီ "နှင်းဆီ" ကဗျာကလေးကို စွဲစွဲလန်းလန်း နှစ်သက်မြတ်နိုးကြတဲ့သူတွေက အဲဒီလို လှပတဲ့ ကဗျာကလေးကို အရက်သမားကဗျာ လုပ်ပစ်ရသလားဆိုပြီး ပြောကြဆိုကြရေးသားကြတာကို အခု ကျနော် သတိရနေမိတယ်။

စာပေဟောပြောပွဲ ရာသီတခုမှာ ဆရာချစ်ဦးညို၊ ဆရာမနုနုရည် (အင်းဝ) ၊ ဆရာကောက်နွယ် (ကနောင်) တို့နဲ့အတူ ကျနော် ကွမ်းခြံကုန်းမြို့ကလေးကိုသွားပြီး ဟောပြောရတယ်။ ကွမ်းခြံကုန်းဆိုတာက ဆရာကြီးမင်းသုဝဏ်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမဟုတ်လား။ ပြီးတော့ တခုထူးခြားတာက အဲဒီ စာပေဟောပြောပွဲဟာ ကျနော့် စာရေးဆရာဘ၀ရဲ့ ပထမဦးဆုံးသော ဟောပြောပွဲ။ ဒီပထမဦးဆုံးသော ဟောပြောပွဲကို ကျနော် အင်မတန်ချစ်ခင်လေးစားရတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ မွေးရပ်မြေနဲ့ စပြီး ဖွင့်လှစ်ရတာဆိုတော့ ကျနော် သိပ်ကို ၀မ်းသာဂုဏ်ယူမိတာပဲပေါ့။

ကွမ်းခြံကုန်းက စာပေဟောပြောပွဲကို တာဝန်ယူစီစဉ်တဲ့ ကဗျာဆရာတင်မောင်ထက် (ကွမ်းခြံကုန်း) ရဲ့ အိမ်ကိုရောက်ရောက်ချင်း ကျနော်တို့ လေးယောက်စလုံး အာသာပြင်းပြင်း ဆိုကြတာကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ နေအိမ်အဟောင်းကလေးရှိရာကို လိုက်ပို့ပေးဖို့ပါပဲ။

ကွမ်းခြံကုန်းမြို့ကလေးရဲ့ လမ်းမပေါ်ရောက်တော့ ကျနော်တို့ကို ကြိုဆိုလိုက်တာက မြောက်ပြန်လေပဲ။ သူက နှင်းပွင့်ကလေးတွေရဲ့ ရနံ့ကိုတောင် သယ်ဆောင်လာခဲ့သေးတယ်လေ။ အေးလွန်းလို့ တုန်ခိုက်နေပေမယ့် ကျနော်တို့ လေးယောက်စလုံးရဲ့ ခြေလှမ်းတွေက တုံ့ဆိုင်းလေးပင် မသွားကြဘူး။ သက်ရှိထင်ရှား ရှိနေသေးတဲ့ "ခေတ်စမ်းလက်ကျန်" ကြီးရဲ့ လူ့ဘ၀အစပြုရာ အသိုက်အမြုံ နေရောဟောင်းကလေးကို တွေ့ရတော့မယ်ဆိုတဲ့ ကြည်နူးစိတ်နဲ့ ရွှင်လန်းသွက်လက် တက်ကြွနေကြတယ်။

ဒါပေမဲ့ ဆရာကြီးရဲ့ နေအိမ်အဟောင်းကို ကျနော်တို့ မတွေ့ရပါဘူး။ ခေတ်ရေစီးက တိုက်စားသွားလို့ ဆရာ့ရဲ့ အသိုက်အမြုံဟောင်းနေရာမှာ အခြားအိမ်သစ်တလုံး ရောက်နေပြီ။ ကျနော့်ရဲ့ မျက်စိထဲမှာတော့ အိမ်သစ်ကို မမြင်ရဘူး။

"ပျဉ်းမငုတ်တို" ကို မြင်နေရတယ်

"ဆွမ်းအုပ်နီနီ" ကို မြင်နေရတယ်

"မျက်ရည်" ကို မြင်နေရတယ်

"ဖိုးမောင်" ကို မြင်နေရတယ်

"ဘကြီးအောင်ညာတယ်" ကို မြင်နေရတယ်

"ခေတ်စမ်း" ကို မြင်နေရတယ်

"ကြည့်စမ်းပါဦးဗျာ ဒီအိမ်နေရာကလေးက ထွက်ပေါ်လာတဲ့ `မင်းသုဝဏ်´ ဆိုတဲ့ လတစင်းဟာ မြန်မာစာပေလောက ကောင်းကင်မှာ မကွယ်တမ်း လင်းထိန် တောက်ပနေလိုက်တာများ"

ဆရာချစ်ဦးညိုရဲ့ နှုတ်ခမ်းဖျားက ထွက်ပေါ်လာတဲ့ မုဒိတာငှက်တောင်ပံခတ်သံ။ အဲဒီညက ဟောပြောခဲ့ကြတဲ့ ကျနော်တို့ လေးယောက်စလုံးရဲ့ ဟောပြောချက်တွေထဲမှာ ဘယ်လို အကြောင်းအရာမျိုးတွေ ပါနေမလဲဆိုတာ ပြောဖို့တောင် မလိုတော့ဘူးလေ...။

ဆရာကြီးကို လူကိုယ်တိုင် မြင်လိုက်ရချိန်မှာတော့ တကယ့်အဘိုးကြီးအို ဖြစ်နေပါပြီ။ ဆရာကြီးဆီက ကဗျာစာမူတောင်းဖို့ ကျနော် ရောက်သွားတာ။ ဒီတုန်းက ဆရာကြီးရဲ့ အသက် ၈၀ ကျော်နေပြီလေ။ ဒရင်းဘက်အပေါ်မှာ မှိန်းနေတယ်။ မဂ္ဂဇင်းအတွက် စာမူလာတောင်းတာဆိုတော့ ဆရာကြီးက ဒရင်းဘက်ပေါ်က ထလာပြီး ကျနော့်ကို ကြိုဆိုပါတယ်။ ကျနော်ပြောတဲ့ မဂ္ဂဇင်းအမည်ကို မှတ်စုစာအုပ်ကလေးထဲ ခဲတံတို ကလေးနဲ့ ရေးမှတ်ရှာတယ်။ အသက်က ကြီးပြီဆိုတော့ မေ့ပြီထင်ပါရဲ့။ ပြီးတော့ ကျနော့်ကို ...။

"အေး... အေး ...ရေးထားလိုက်မယ်။ ဒါပေမဲ့ ဆရာက မေ့ပြီဆိုတော့ မကြာခဏ ဖုန်းဆက်ပြီး မေးပေါ့၊ ဆရာ့ဖုန်းနံပါတ်ပေးလိုက်မယ် သိလား" လို့ ပြောပါတယ်။ ကျနော်လည်း ဆရာ့ကို ဦးသုံးကြိမ်ချပြီး ပြန်လာခဲ့တယ်လေ။

ဆရာက မကြခဏ ဖုန်းဆက်ပြီး မေးပေါ့လို့ ဆိုပေမယ့် ကျနော် မမေးခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော့်လို ပမွှားကဗျာဆရာလေးတယောက်က ဆရာကြီးလို ပညာရှင်ကြီးတဦးဆီကို ဖုန်းဆက်ပြီး မေးတယ်ဆိုတာမျိုး မလုပ်သင့် မလုပ်အပ်ဘူးလို့ တွေးမိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီး ကဗျာရေးပြီးလောက်ပြီလို့ ယုံကြည်ရတဲ့ အချိန်ကျမှသာ ဆရာကြီးရဲ့ သပြေညိုအိမ်ကလေးဆီကို ကျနော် ရောက်သွားခဲ့ပါတယ်။

"သြော်... အေး ... အေး ... ပြီးပြီကွ... ပြီးပြီ" လို့ ပြောရင်း ကဗျာကလေးနှစ်ပုဒ်ကို လှမ်းပေးပါတယ်။ ကျနော်လည်း ဆရာကြီးလှမ်းပေးတဲ့ ကဗျာကလေးနှစ်ပုဒ်ကို တရိုတသေယူပြီး အဆင်သင့်ယူသွားတဲ့ စာမူခ စာအိတ်ကလေးကို ဆရာကြီး လက်ထဲထည့်ပြီး ထိုင်ကန်တော့လိုက်ပါတယ်။

ဆရာကြီးက "ဟေ့ ... ငါ့ကို တခြားကဗျာဆရာတွေထက် စာမူခပိုပေးတာမျိုး မလုပ်နဲ့နော် တန်းတူပဲပေး" လို့ ပြောပါတယ်။ ဒီစကားကိုကြားတော့ ကျနော့်မှာလေ ကြက်သီးမွေးညင်းထအောင် ကြည်နူးပီတီ ဖြစ်ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆရာကြီးလို အဆင့်အတန်းမျိုးမှာတောင် မရှိသေးဘဲ ကဗျာစာမူခကို တခြားကဗျာဆရာတွေနဲ့ တန်းတူ မပေးရကောင်းလား၊ ရွေးကဗျာစာရင်းမှာ နာမည်ထည့်ရကောင်းလား စသဖြင့် ဆူဆူပူပူလုပ်ကြတဲ့ ကဗျာဆရာတွေကို ကျနော် ရင်ဆိုင်နေရလို့ပါပဲ။ ပြီးတော့ ကဗျာဆရာအချင်းချင်း မခွဲခြားတတ်တဲ့၊ နားလည်ချစ်ခင်တတ်တဲ့ ဆရာကြီးရဲ့ ဖြူစင်တဲ့နှလုံးသားကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရလိုက်လို့ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဆရာရဲ့ သပြေညိုကို ကျနော် အရောက်အပေါက် နည်းသွားခဲ့တယ်ဆိုပေမယ့် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ဆရာရဲ့ မွေးနေ့ ထမနဲပွဲတွေကိုတော့ မပျက်မကွက်ဆိုသလို ကျနော် တက်ရောက်ဖြစ်ခဲ့ပါတယ်။ ထမနဲ မွှေးမွှေးအိအိကလေးကိုစားရင်း ဆရာကြီးနဲ့ ဆရာဒဂုန်တာရာ၊ ဆရာကြီး မောင်ထင်၊ ဆရာကြီးပါရဂူ စတဲ့ ဆရာကြီးတွေရဲ့ စကားတွေ နားထောင်ရတာဟာ ရတနာတွင်းထဲ ခြေချော်ကျသလို အရသာရှိပါတယ်။ ခေတ်စမ်းအကြောင်း၊ စာပေသစ်အကြောင်း၊ လက်ရှိမြန်မာစာပေအကြောင်းတွေကို ဆရာကြီးတွေရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေနဲ့အတူ ကြားနာခွင့်ရတယ်ဆိုတာ နည်းတဲ့ ဒုလ္လဘ မဟုတ်ဘူးလေ။ ဖတ်ဖူးခဲ့တဲ့ အနောက်တိုင်း ကဗျာကလေးတပုဒ်ကိုတောင် သတိရမိတယ်။

"ငယ်ရွယ်လွတ်လပ်

အကန့်အသတ်မဲ့ စိတ်ကူးနဲ့

ငါ့ရဲ့ အိပ်မက်ထဲမှာ

ကမ္ဘာကြီးကို ပြောင်းပစ်မယ်" ။

အသက်ကလေးရလာ

"ပညာ" ဆိုတာ နည်းနည်းသိ

ပြန်ကြည့်လိုက်တော့မှ

"ကမ္ဘာကြီးဟာ ... ကမ္ဘာကြီးပါပဲ"။

အိပ်မက်ကို ဈေးဆစ်

ငါချစ်တဲ့ ငါ့တိုင်းပြည်

တခုခု ဖြစ်ရမည်ပေါ့

သည်တခါလည်း

"တိုင်းပြည်ဟာ တိုင်းပြည်" ပါပဲ။

ဘ၀ရဲ့ ဆည်းဆာချိန်

အိပ်မက်တွေအရှိန်ကုန်စ

ဇနီးမယား သမီးသားတွက်

ပေးဆက်ဖို့ ကြိုးစားဆဲ

သူတို့လည်း သူတို့ဘာသာ

"မိသားစုဟာ ဒီအတိုင်းပါပဲ"။

သေရာညောင်စောင်း

လဲလျောင်းချိန်ရောက်တော့မှ

ငါသိရပြီ (ပထမဆုံးအကြိမ်ပါ)

"ငါဟာငါပဲ ဘာမှမပြောင်းလဲ" တဲ့။

ငယ်ရွယ်နုပျိုတဲ့ လူတယောက်ရဲ့ စိတ်ဓာတ်နဲ့အားမာန်၊ ရဲရင့်မှုနဲ့တက်ကြွမှု၊ ပြီးတော့ တောက်ပတဲ့ အိပ်မက်နဲ့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်လိုမှု။ အရွယ်ရောက်လာပြီး အသိနဲ့ပညာကလေးရလာတော့ အားလုံးဟာ သူ့ရဲ့ ပုံမှန်အတိုင်းသာ ဖြစ်ပျက်သွားခဲ့ကြတာကို သိလာခဲ့ရပြီလေ။ အဲဒီလို သိမြင်ခွင့်ရလိုက်တဲ့ အချိန်မှာတော့ ကိုယ်ဟာ နောက်ဆုံးထွက်သက်ကို စောင့်နေရတဲ့ အချိန်မဟုတ်လား။ အိပ်မက်တွေကိုလည်း အကောင်အထည် မဖော်နိုင်ရှာတော့ဘူး။ ဒါဟာ လူ့သဘာဝပဲလေ။

ဒါပေမဲ့ ဆရာကြီးမင်းသုဝဏ်ကတော့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ကျနော် တထစ်ချ ယုံကြည်ပါတယ်။ ဆရာဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်မဟဲ့လို့ စိတ်မကူးခဲ့ပေမယ့် မြန်မာစာပေလောကကိုတော့ ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ခေတ်စမ်းကနေတဆင့် ပြောင်းလဲလာခဲ့တဲ့ ကျနော်တို့ မြန်မာစာပေရဲ့ လက်ရှိအခြေအနေကို ကြည့်ရင် ဆရာကြီးမင်းသုဝဏ်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှုကို တွေ့ရမှာ အမှန်ပဲ။

ဘာပဲပြောပြော ဆရာကြီးရဲ့ မွေးနေ့လက်ကမ်းစာစောင်တခုမှာ ကဗျာဆရာ ထွန်းဝေမြင့်က ...

"တိုင်းပြည်တပြည်မှာ သက်တော်ရှည် ကဗျာဆရာကြီးတဦး ရှိနေတာ မင်္ဂလာ" လို့ ရေးခဲ့တယ်။ ဟုတ်တယ်။ တိုင်းပြည်တပြည်မှာ သက်တော်ရှည် ကဗျာဆရာကြီးရှိနေတာ တကယ့်မင်္ဂလာပဲ။ သက်တော်ရှည် ကဗျာဆရာကြီးမှ မဟုတ်ဘူး။ ပညာရှိတွေ၊ ပညာရှင်တွေ ရှိနေတာဟာလည်း မင်္ဂလာပါပဲ။ အဲဒီ ကဗျာဆရာကြီးတွေ၊ ပညာရှိတွေ၊ ပညာရှင်တွေ တိုင်းပြည်မှာ မရှိတော့ဘူးဆိုရင်တော့ ... ... ...။


ငြိမ်းအေးလှိုင်