Tuesday, November 25, 2008

ဆေးဖြတ်ချိန်

မာတင် ဂျယ်လ်စမာ


ဘိန်းပြောင်းဖြင့် ဘိန်းရှုရှိုက် ခဲ့ကြရသည့် နေ့ရက်များ ကုန်ဆုံးခဲ့ပေပြီ။ ယနေ့ ကာလတွင်မူ မြန်မာနိုင်ငံရှိ ဘိန်းသုံးစွဲသူ အများစု က ဘိန်းဖြူ (ဟီးရိုးအင်း) ကို အကြောတွင်း ထိုးသွင်း နေကြပြီး လူငယ်များက မက်သာအဖက်တမင်း စိတ်ကြွဆေးပြားများကို ပို၍ သုံးစွဲလာကြသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ တောင်တန်းများပေါ်တွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုက သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဤသို့ဖြစ်ရသည့်အကြောင်းမှာ တရုတ်နိုင်ငံက အပစ်အခတ်ရပ်စဲရေးအဖွဲ့ အာဏာပိုင်များကို ဖိအား ပေးခဲ့ခြင်းကြောင့် ဖြစ်သလို မြန်မာစစ်အစိုးရကလည်း အာဆီယံအဖွဲ့ ရည်မှန်းချက်ထားသည့်အတိုင်း ၂၀၁၅ ခုနှစ်တွင် ရွှေတြိဂံဒေသကို မူးယစ်ဆေး ကင်းရှင်းဇုန်ဖြစ်စေရန် ဆောင်ရွက်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဘိန်းအထွက်ကျဆင်းသွားခြင်းကြောင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲမှု အလိုအလျောက် ကျဆင်း သွားမည်ဟု မျှော်လင့်ထားရန် မဖြစ်နိုင်ပါ။ ဤသို့ဖြစ်ရမည့်အစား ဘိန်းနှင့် ဘိန်းဖြူ ရှားပါးလာခြင်းအတွက် မူးယစ်ဆေး သုံးသူများက အခြားအရာဝတ္ထုများ ပြောင်း၍ သုံးစွဲလာကြပါသည်။

ဘိန်းစိုက်ပျိုးမှု နည်းပါးသွားခြင်းကြောင့် ဘိန်းနှင့် ဘိန်းဖြူဈေးနှုန်းများ မြင့်တက်ကုန်သည်။ သို့အတွက်ကြောင့် ဘိန်းနှင့် ဘိန်းဖြူကို ရှုနေကြရာမှ ဘိန်းဖြူကို အကြောတွင်း ထိုးသွင်းသည့် ပုံစံက ပို၍များပြားလာသည်ကို တွေ့လာရသည်။

ဘိန်းအထွက် ကျဆင်းလာမှုကြောင့် ဘိန်းနှင့် ဘိန်းဖြူ သုံးစွဲသူ အရေအတွက် ကျဆင်းသွားဖွယ် ရှိသော်လည်း မူးယစ် ဆေးသုံးစွဲသူ လူသစ်များက ပို၍ ပြဿနာကြီးမားစေနိုင်သည့် ဘိန်းထွက်ပစ္စည်းများအား အကြောတွင်း ထိုးသွင်းခြင်းကို ပြုလာကြသည်။ ဤသို့ သွေးကြောတွင်းထိုးသွင်းမှုကြောင့် အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက် ခြင်း အပါအ၀င် တခြား သွေးမှတဆင့် ကူးစက်နိုင်သည့် ရောဂါများလည်း ဖြစ်စေနိုင်ပါသည်။

ဘိန်းနှင့် ဘိန်းဖြူဈေးနှုန်းက ဒေသအလိုက် ကွာခြားသလို ရာသီအလိုက်လည်း ကွာခြားကြသည်။ ဆိုလိုသည်မှာ ဈေး ကွက်က ပြိုကွဲကာ ပြန့်ကျဲနေခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၃ နှစ်အတွင်း ကချင်ပြည်နယ်တွင် ဘိန်းဈေးနှုန်းက ပျမ်းမျှအားဖြင့် နှစ်ဆခန့် တိုးလာခဲ့သည်။ ဘိန်း အစိမ်းကို ရံဖန်ရံခါ တကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ အောက် ရောင်းဝယ်နေကြပြီး အကောင်းဆုံး အရည်အသွေး ရှိသည့် ဘိန်းအခြောက် တကီလိုလျှင် အမေရိကန်ဒေါ်လာ ၁၄၀၀ မှ ၁၆၀၀ အထိ အရောင်းအ၀ယ် ဖြစ်နေကြသည်။

သို့သော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းဒေသများတွင် လွန်ခဲ့သည့် ၂ နှစ်အတွင်း ဘိန်းအထွက်က သိသိသာသာ တိုးတက်လာနေပြန်သည်။ ဘိန်းအစိမ်းအတွက် ခြံထွက်ပေါက်ဈေးက တသမတ်တည်း တည်ငြိမ်နေခဲ့ပြီး ၁ ကီလိုလျှင် အမေရိကန်ဒေါ်လာ ၂၀၀ မှ ၃၀၀ သာ ရှိသည်။ ထိုအချိန်တွင် ထိုင်းနယ်စပ်ဈေးကွက်ဈေးက တကီလိုလျှင် အမေရိကန် ၆၅၀ ဒေါ်လာမျှ ရှိနေသည်။

ဈေးနှုန်း မြင့်တက်လာစဉ်တွင် ဘိန်းဖြူများ၏ သန့်စင်မှု ရာခိုင်နှုန်းက လျော့ကျလာသည်။ ရောင်းချသူများက ဘိန်းဖြူတွင် အခြားဈေးချိုသည့် ဓာတ်ပစ္စည်းများနှင့် ရောနှောလာကြသည်။

“အရင်တုန်းကတော့ ဘိန်းဖြူရှုဖို့ တနေ့ကို ၅ ယွမ်လောက် (၁၀၀၀ ကျပ်) လောက်ဆိုရင် လုံလောက်တယ်။ အခုတော့ အနည်းဆုံး တနေ့ကို ၁၅ ယွမ်လောက် (၃၀၀၀ ကျပ်) သုံးနေရတယ်” တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့ရှိ မူးယစ်ဆေး သုံးစွဲသူ တဦးက ပြောသည်။

“လူတွေက ဆေးထိုးတာ စပြီး လုပ်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ပိုက်ဆံမရှိကြဘူး။ လူအများစုက ဘိန်းဖြူကို ရှုတာနဲ့စကြပေမယ့် ဆေးထိုးသွင်းတာက ဈေးပိုချိုပြီး ပိုထိရောက်တာကို သဘောပေါက်လာကြတယ်။ ပမာဏနည်းနည်းနဲ့ ပိုပြင်းတဲ့ အာနိသင်ကို ရနိုင်တယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကိုယ်ခံအားကျရောဂါ (အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်) ဖြစ်ပွားစေသည့် ပင်မအကြောင်းတခုမှာ မူးယစ် ဆေးသုံးစွဲသူများက ပိုးမွှားရှိနေသည့် ဆေးထိုးအပ်တခုကို အတူတကွမျှဝေ သုံးစွဲနေသောကြောင့် ဖြစ်သည်။ တချို့သော အန်ဂျီအိုများက ဤကိစ္စအပေါ်တွင် ဆောင်ရွက်ကူညီနေကြသော်လည်း မူးယစ်ဆေးစွဲနေသူ အများစုမှာ အန္တရာယ် နည်းသည့် ဆေးသုံးစွဲမှုအတွက်နှင့် အန္တရာယ်ကင်းသည့် လိင်ဆက်ဆံမှုအတွက် နည်းနာ အကြံပေးမှုများ မရရှိကြပါ။ သူတို့၏ မူးယစ်ဆေးစွဲနေမှု ပြတ်စေရန်၊ ကုသနိုင်ရန်အတွက်လည်း အခွင့်အလမ်း အနည်းအကျဉ်းမျှသာ ရှိနေသည်။

မူးယစ်ဆေးစွဲသူများကို ကူညီနိုင်ရန်အတွက်ဆိုလျှင် ပထမအဆင့် လိုအပ်ချက်မှာ ကွန်ဒုံများ၊ ပိုးသတ်ပြီး ဆေး ထိုးအပ်များနှင့် ဆေးထိုးပြွန်များ အလွယ်တကူရရှိနိုင်ရန်နှင့် အစားထိုး ကုသရန်ဆေးများအဖြစ် သုံးနိုင်မည့် မီသာဒုံး၊ ဗျူပရီနိုဖင်း စသည့် ဆေးဝါးများ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ယခုအချိန်တိုင် ဥပဒေအရ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များ ထောက်ပံ့ပေးခြင်း၊ ပိုင်ဆိုင် လက်ဝယ်ထားရှိခြင်းကို တားမြစ်ထားပါသည်။ သို့သော်လည်း လက်တွေ့တွင် ဆေးထိုးအပ်များ ထောက်ပံ့ပေးမှုက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံရှိ နေရာ ၂၄ ခုတွင် ဆောင်ရွက်နေပါသည်။ မီသာဒုံးဖြင့် ကုသခြင်း ပဏာမ စီမံ ကိန်းကို ၂၀၀၆ ခုနှစ်မှစတင်ဆောင်ရွက်နေပြီး အနည်းဆုံး ကုသရေးဌာန ၆ ခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးထုတ်ပြန်သည့် ကုလသမဂ္ဂ ကိုယ်ခံအားကျရောဂါဆိုင်ရာ (UNAIDS) အဖွဲ့၏ ခန့်မှန်းဖော်ပြချက်အရ အရှေ့ တောင်အာရှဒေသရှိ မူးယစ်ဆေး ထိုးသွင်းနေကြသော သုံးစွဲသူ ၃ ရာခိုင်နှုန်းတွင်သာ အလားတူ အန္တရာယ်နည်းသည့် ၀န်ဆောင်မှုမျိုး ရရှိသုံးစွဲနိုင်ကြသည်ဟု ဆိုပါသည်။ နိုင်ငံတကာအန်ဂျီအိုအဖွဲ့တခု၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကို အကြောတွင်း ထိုးသွင်းနေသူများ၏ ၄၀ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသည်ဟု ဆိုပါသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးသူ အနည်းငယ်မျှသာ အေအိုင်ဒီအက်စ်ရောဂါအတွက် ဗိုင်းရပ်စ်ပိုး ကာကွယ် ကုသပေးမည့်ဆေး (အေအာရ်တီ) သောက်သုံးနိုင်ခွင့် ရှိကြသည်။

“မူးယစ်ဆေးသုံးသူတွေကို အေအာရ်တီ ဆေး မပေးရဘူး။ တချို့ကိစ္စ နည်းနည်းက လွဲလို့ သူတို့ကို ဖယ်ထားတယ်။ လူ ၂၀ လောက်ပဲ ဆေးသောက်နိုင်တယ်” ဟု အန်ဂျီအိုအဖွဲ့တခု၏ ကိုယ်စားလှယ်က ပြောသည်။

မြန်မာဘန်းစကားဖြင့် ရာမ သို့မဟုတ် မြင်းဆေးဟု ခေါ်ဆိုနေကြသည့် မက်သာအဖက်တမင်း ဆေးပြားများကို နောက်ထပ် မျိုးဆက်သစ်လူငယ်များက အလွယ်တကူ ရွေးချယ်သုံးစွဲလာနေကြသည်။

“ရန်ကုန်မှာ ဘိန်းဖြူသုံးတဲ့သူက မရှိသလောက်နည်းလာတယ် ရှာရတာလည်း မလွယ်ဘူး။ ဈေးကလည်း မြင့်လွန်းတယ်။ အခုတော့ လူတွေက ရာမပဲ ပိုသုံးစွဲလာကြတယ်။ အဲဒါက လွယ်လွယ်ရပြီး သိမ်းထားလို့ရတယ်။ လူတွေက ဘိန်းဖြူမရ နိုင်တာကြောင့် အခြားဆေးသစ်တွေကို စမ်းသုံးလာကြတယ်။ တချို့လူငယ်တွေဆိုရင် ကော်ရှုတာတွေ၊ ဒီဇယ်ရှုတာတွေ ရှိလာတယ်” ဟု ပြည်တွင်းရှိ အပြန်အလှန်ကူညီရေး အဖွဲ့တခုတွင် အလုပ်လုပ်နေသည့် မူးယစ်ဆေးဝါး သုံးစွဲသူတဦးက ပြောပြသည်။

စိတ်ကြွဆေးအမျိုးအစားဖြစ်သည့် အဖက်တမင်းဆေးပြားများကို ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရန်ကုန်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်ဟု သူက ဆက်ပြောသည်။

“အဲဒီတုန်းကတော့ ဆေးပြားတွေက အရမ်းဈေးပေါတယ်။ လူငယ်တွေက ဆေးပြားတွေကို နိုက်ကလပ်တွေမှာ သုံးကြတယ်။ စီးပွားရေးသမားတွေ၊ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသားတွေ၊ ကုန်ကား မောင်းတဲ့သူတွေလည်း သုံးကြတယ်” ဟု သူက ဖြည့်စွက်သည်။

ရွှေလီရှိ အသက် ၂၅ နှစ်အရွယ် လိင်အလုပ်သမ တဦးက တခါတရံ တရက်လျှင် ဆေးလုံး ၂၀ ခန့်အထိ သုံးစွဲသည် ဟုဆိုသည်။

“ကျမ ဘ၀က ကြမ်းတမ်းလွန်းလို့ ရာမ သုံးမိတာ မနက်မှာ ကျမ ၅ လုံးသုံးတယ်။ ဖောက်သည်ရှိရင် ပိုသုံးတယ်။ အရမ်းပင်ပန်းလွန်းလို့ပါ။ ဆေးသောက်ပြီးရင်တော့ လန်းဆန်းလာတယ်။ ဖောက်သည် တွေနဲ့တွေ့ရင်လည်း ပိုပြီးသည်းညည်းခံနိုင်လာတယ်” ဟု သူကပြောသည်

တချို့သော မူးယစ်ဆေးသုံးသူများက ဘိန်းထွက်ကုန်များမှ စိတ်ကြွဆေးဘက်သို့ ကူးပြောင်းလာကြသော်လည်း ဘိန်းဖြူ သုံးစွဲနေသူ အများစုကမူ စိတ်ကြွဆေးအာနိသင်ထက် ဘိန်းအာနိသင်နှင့် ပိုတူသည့် တခြားဆေးဝါးများကို ရွေးချယ် သုံးစွဲကြသည်။

မူးယစ်ဆေးစွဲနေသူများက ဆေးရှားပါးလာမှုနှင့် ဘိန်းဖြူဈေးနှုန်း မတတ်နိုင်လောက်အောင် ဈေးနှုန်းကြီးမြင့်လာမှုကို ဖြေရှင်းရန် ဗျူဟာမျိုးစုံသုံးကြသည်။ စက်ရုံထုတ်ဆေးပြားများ၊ ချောင်းဆိုးပျောက်ဆေးရည်နှင့် ထိုးဆေးများကို ရောစပ်၍ သုံးစွဲကြသည်။

တချို့ကလည်း အဆိပ်ဖြေဆေးပြားများ (detoxification) ကို အဆမတန်သုံးစွဲ၍လည်းကောင်း၊ ဆေးရုံများတွင် မေ့ဆေးအဖြစ်သုံးသည့် ဆေးများကို စမ်းသပ်သုံးစွဲ၍လည်းကောင်း မူးယစ်ဆေးကို အစားထိုးဖြေရှင်းနေကြသည်။ ဤသို့ ဖြင့် ဆေးအတိုင်းအဆလွန်၍ ဒုက္ခသင့်ရသူများလည်း ရှိနေသည်။ တချို့ကလည်း ၀မ်းပိတ်ဆေး သို့မဟုတ် တခြားသော ဖျားနာမှုများအတွက် သုံးသည့် ဘိန်းဆီအနည်းငယ်ပါရှိသော ဆေးများကို သုံး၍ စိတ်ဖြေနေကြပါသည်။

“သူတို့က တခါတည်း ဆေးပြား ၄၀ သုံးတာ။ ဒီဆေးတွေက ဆေးဆိုင်မှာ ၀ယ်ရင်လည်း ရနိုင်တယ်” ဟု မူးယစ်ဆေးသုံးစွဲသူ တဦးက ပြောပြသည်။

မူးယစ်ဆေးစွဲမှုကြောင့် ဖြစ်ရသည့် ထင်ရှားသော ကျန်းမာရေးနှင့် လူမှုရေးပြဿနာများအပြင် သူတို့ကို ရာဇ၀တ်သားများ သဖွယ် သဘောထားသည့် ဖိနှိပ်ရေးဥပဒေများကြောင့်လည်း ဆေးစွဲနေသူများက ကျန်းမာရေး စောင့်ရှောက်မှုများ မခံစား ကြရသည်များ ရှိသည်။

ဒေသအတွင်း ကျင့်သုံးနေသော မူးယစ်ဆေးဝါးဥပဒေများ မှာ အထူးပြင်းထန်လွန်းပြီး ချမှတ်သောပြစ်ဒဏ်များမှာလည်း ပြစ်မှုနှင့် မမျှလောက်အောင် ကြီးလေးနေသည်။ မြန်မာစစ်အစိုးရထိန်းချုပ်ရာ နယ်မြေများတွင် ဆရာဝန် ဆေးညွှန်းမရှိဘဲ လက်တဆုပ်စာမျှသော စက်ရုံထုတ်ဆေးဝါးများ လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်မျှအထိ ကျခံရ နိုင်သည်။ အကယ်၍ လူတဦးကို ဘိန်းဖြူ ၀. ၂ ဂရမ်နှင့်အတူ ဖမ်းဆီးရမိပါက ထောင်ဒဏ် ၁၅ နှစ်မျှ အပြစ်ပေးခံရဖွယ်ရှိပြီး စိတ်ကြွဆေး ၅ လုံးမျှ သို့မဟုတ် ဆေးခြောက် ၅ ဂရမ်မျှ လက်ဝယ်တွေ့ရှိဖမ်းဆီးရမိပါက ထောင်ဒဏ် အနှစ် ၂၀ မျှ ကျခံရဖွယ် ရှိပါသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများတွင် မူးယစ်ဆေး သုံးစွဲ ခြင်းကြောင့် အဖမ်းခံရသူများ၊ မိမိသုံးစွဲရန် မူးယစ်ဆေးအနည်းငယ် သိမ်းဆည်းထားမိ၍ အဖမ်းခံရသူများကို ယေဘုယျ အားဖြင့် ထောင်ချလေ့ရှိပြီး လအနည်းငယ်အကြာ အစိမ်းဖြတ် ဆေးဖြတ်ပြီးချိန်၌ ပြန်လွှတ်ပေးတတ်သည်။

“ကျနော်တို့က မူးယစ်ဆေးသုံးစွဲသူတွေကို ပထမဦးဆုံးဖမ်းမိရင် ၃ လ ထောင်ဒဏ်ချတယ်။ နောက်တကြိမ် ထပ် ဖမ်းမိရင်တော့ ထောင်ဒဏ် ၆ လကနေ ၁၂ လအထိ အပြစ်ပေးတယ်။ နေ့လယ်ပိုင်းမှာ အလုပ်လုပ်ခိုင်းပြီး ညပိုင်းထောင်ထဲမှာ အိပ်ရတယ်။ အလုပ်ဆိုတာကတော့ လမ်းဖောက်တာတွေ၊ ရာဘာခင်းနဲ့ ကြံခင်းတွေမှာ ခိုင်းတဲ့ အလုပ်ကြမ်းမျိုးပေါ့” ဟုကိုးကန့် အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင် တဦးက ပြောသည်။

အပစ်အခတ်ရပ်စဲရေး အဖွဲ့တခုဖြစ်သည့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေ - ကေ) မှ အရာရှိတဦးကလည်း ၎င်းတို့၏ ပန်ဝါဒေသတွင် မူးယစ်ဆေးရောင်းသူနှင့် သုံးစွဲသူ ၄၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ပြောပြသည်။

“ဆေးရောင်းတဲ့သူတွေလည်း ဆင်းရဲတာပါပဲ။ သူတို့က ရာမ ရယ်၊ ဘိန်းဖြူရယ်ကို နေ့စဉ် လိုအပ်ချက်တွေအတွက် ရောင်းနေကြတာလေ။ အဲလို ရောင်းသူ၊ ၀ယ်သူတွေကို ဖမ်းလိုက်တော့ သူတို့မိသားစုတွေ ကြပ်တည်း ဒုက္ခရောက် ကုန်တာပေါ့” ဟုသူက ဆိုသည်။

အန်ဒီအေ - ကေ အဖွဲ့ အရာရှိ၏ အဆိုအရ မြို့ပြများတွင် မူးယစ်ဆေးသုံးသူများက ဘိန်းဖြူနှင့် ရာမကို ပိုသုံးစွဲလာကြ သော်လည်း ယခုတိုင် ကျေးရွာအများစုတွင် ဘိန်းကိုသာ အများစု ဆက်လက်သုံးစွဲနေသည်ဟု သိရသည်။

“ကျနော်တို့မှာ အဲလို မူးယစ်ဆေးသုံးနေတဲ့သူတွေအတွက် ကုပေးဖို့ ဆေးတွေလိုတယ်။ အစီအစဉ်တွေလိုတယ်။ ဒါပေမယ့် ကျနော်တို့ ဒေသက သိပ်ပြီးခေတ်နောက်ကျတယ်။ ဗဟိုအစိုးရကလည်း ဘာမှထောက်ပံ့ပေးတာ မရှိဘူး” ဟု သူက ဆက်ပြောသည်။

လူသားတို့၏ ၀မ်းနည်းကြေကွဲဖွယ် ဆုံးရှုံးနစ်နာနေရမှုကို တရုတ် - မြန်မာနယ်စပ်ဒေသများတွင် အထင်အရှား တွေ့ရှိနေရ သည်။ မူးယစ်ဆေးသုံးစွဲနေသူများအတွက် ပြဿနာ အများအပြားရှိနေပြီး ဆင်းရဲမွဲတေမှု၊ လူမှုရေးအရ ဖယ်ကျဉ်ထားမှု အပြင် ရောဂါဘယများကလည်း အကျယ်အပြန့် တည်ရှိနေသေးသည်။

မြန်မာနိုင်ငံတွင် အရေးပေါ်လိုအပ်နေသည့် အခြေအနေမှာ မူးယစ်ဆေးစွဲသူများအာ ကုသပေးမှု အစီအစဉ်များကို အရည် အသွေးမြှင့်တင်ပေးရန်နှင့် မူးယစ်ဆေးသုံးရာ၌ အန္တရာယ်နည်းစွာ သုံးနိုင်ရေး အစီအစဉ်များ ပံ့ပိုးပေးရန် ဖြစ်သည်။

ထို့အပြင် ဥပဒေများကိုလည်း ပြန်လည် ပြင်ဆင်သုံးသပ်ရန် လိုပါလိမ့်မည်။ မူးယစ်ဆေးသုံးစွဲနေသူများကို ရာဇ၀တ်သား များအဖြစ် မမြင်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ရှိသည့် လူသားတဦးအဖြစ် ရှုမြင်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။
မူဝါဒချမှတ်ရာတွင်လည်း မူးယစ်ဆေးထိန်းချုပ်ရေး လုပ်ငန်းများတွင် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပြီး ပြစ်ဒဏ်များ၏ အတိုင်းအဆကိုလည်း ပြန်၍ ချိန်ညှိရပေလိမ့်မည်။

Martin Jelsma ရေးသားသည့် Withdrawal Symptoms ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments: