Sunday, November 23, 2008

နာကြည်းမှုကြောင့် ဖြစ်လာသောဘ၀များ

ဒေးလီထက်၊

မိုးကလေးက မရပ်မနား တဖွဲဖွဲနဲ့ ဒီကြားထဲ လေအေးလေးက တချက်တချက် ရောနှောပြီး ပါလာတဲ့ နှင်းမှုန်လေးတွေကြောင့် ရာသီဥတုက နေ့ခင်းကြောင်တောင် ဖြစ်နေပေမယ့် မှုန်ဝါးဝါးနဲ့ မှောင်နေပါတယ်။ ဆက်စပ်သွယ်တန်းနေတဲ့ တောင်ကုန်းလေး တစ်ကုန်းနဲ့ တစ်ကုန်းဆီ သွားလာနိုင်ရေးအတွက် တောင်ကြောလေးတွေမှာ ခြေထောက်တစ်ဖ၀ါးစာ ဖောက်လုပ်ထားတဲ့ မြေနီလမ်းကျဉ်းလေးတွေက အရမ်းကိုချော်လို့ သေချာသတိထားပြီး သွားရပါတယ်။

တောဖြစ်တဲ့အတွက် ခြင်တွေ ဖြုတ်တွေကလည်း ပေါလို့။ စိုစိုစွတ်စွတ်နဲ့မို့ မိန်းကလေး တစ်ယောက်အတွက် အတော်လေး နေထိုင်ရခက်ပါတယ်။ ကျမရောက်နေတဲ့ အဲဒီနေရာလေးက ကရင်နီတပ်မတော်တို့ရဲ့ ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ အမာခံ ညာမိုတပ်စခန်းတစ်ခုရဲ့ တောင်ကုန်းလေး တစ်နေရာမှာပါ။ သောက်ရေဆိုလို့ မိုးရေကို ခံသောက်ရတဲ့ နေရာပါ။ အဲဒီ အခြေအနေမျိုးကို ကျမ ခဏတဖြုတ်လောက် ခံစားပြီး ကြာကြာကြီး နေရရင်တော့ ခံနိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ ကျမကောက်ချက်ချလိုက်မိပါတယ်။

ကျမနဲ့အတူ ညာမိုဒေသကို ထောင်နဲ့ချီပြီး သြဂုတ်လ (၉) ရက်နေ့ ၂၀၀၈ ခုနှစ်မှာ ကျရောက်တဲ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး နေ့ထူးနေ့မြတ်ကို ခဏတဖြုတ် အလည်ရောက်လာကြတဲ့ ကရင်နီ လူငယ်မောင်မယ်အချို့ဟာလည်း ကျမလိုဘဲ ခံစားကြမှာဘဲလို့ တွေးမိတယ်။ ဒါပေမယ့် အဲဒီလို ကြမ်းတမ်းလှတဲ့ အခြေအနေတွေကို ကြံ့ကြံ့ခံပြီး ကာလအတော်ကြာကြာ ဖြတ်သန်းလာခဲ့တဲ့ သူကတော့ မိုးလေးတဖွဲဖွဲအောက်မှာ တပ်ကင်းစောင့်နေတဲ့ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ရဲဘော်မယ်ရယ် လိုမျိုးဟာ ကရင်နီ တပ်မတော်သားတွေလို့ ဆိုရမှာဖြစ်ပါတယ်။

အလှည့်ကျ ငါးမိနစ် အတိုင်းအတာအတွင်း တပ်ကင်းစောင့်နေတဲ့ မယ်ရယ်ရဲ့ ပုံစံလေးဟာ တာဝန်ပေးလို့ လုပ်ဆောင်နေတာနဲ့ မတူပဲ တကယ့်ကို ကိုယ့်ရဲ့လူမျိုးအတွက်၊ ကိုယ့်ရဲ့တိုင်းပြည်အတွက် အသက်ပေး ကာကွယ်သွားမယ့် သူရဲကောင်းလေး တစ်ယောက်လိုပါပဲ။

အခုလို ငါးမိနစ်အတွင်း ကင်းစောင့်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ သူက "အခု ကျနော်တို့ဟာ တော်လှန်ရေး အခြေအနေ၊ တော်လှန်ရေး ကာလဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ရန်သူတွေကတော့ ကျနော်တို့ရဲ့ ဘေးပတ်ဝန်းကျင် တစ်ဝိုက်မှာ ရှိနေမှာပဲ၊ အခုလို လူတွေသွားလာတာ များနေတဲ့အချိန်မှာ ဆိုလို့ရှိရင်တော့ လူကောင်းတွေ အကုန်လုံးပဲလို့ ကျတော်တို့ မပြောနိုင်ဘူး။ အဲဒါကြောင့် ကျနော်တို့ ကြိုတင်ကာကွယ်တဲ့ သဘောပါ" လို့ ပြောပြပါတယ်။

ရဲဘော်မယ်ရယ်ဟာ ၂၀၀၃ ခုနှစ် ဧပြီလ ၇ ရက်ကစပြီး ကရင်နီတပ်မတော် အဖွဲ့ဝင် ရဲဘော်အဖြစ် စတင်ဝင်ရောက် လုပ်ကိုင်နေပြီး အခုဆိုရင် ရဲဘော်လုပ် သက်တမ်း ၅ နှစ် ရောက်ရှိပြီဖြစ်ပါတယ်။

"ကျနော့်အတွက်ကတော့ ကျနော် ရဲဘော်ဝင်လုပ်တာ ရဲဘော်အလုပ်ဆိုတာ ဆင်းရဲဒုက္ခ ရောက်ရတဲ့အလုပ် တစ်ခုဖြစ်တယ်။ ကိုယ့်ရဲ့ချွေး၊ သွေးကို ပေးလှူရတယ်။ အဲဒီလို ဆင်းရဲဒုက္ခ ရောက်ရမယ်ဆိုတာ အစကတည်းက ကျတော်သိပြီးသား၊ ဒါပေမယ့် ခံယူချက်ရှိရှိနဲ့ ၀င်ရောက်လုပ်ကိုင်တာဖြစ်တယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း ကျတော်ရဲ့ လူမျိုးအတွက် ဆိုပြီးတော့ အလုပ်လုပ်နိုင်တယ်၊ ကြိုးစား လုပ်ကိုင်နိုင်တဲ့အတွက် ကျနော် တစ်ယောက်ထဲ အနေနဲ့ ပျော်ရွှင်တယ်လို့ ပြောသွားပါတယ်။

ကရင်နီ ခုခံတော်လှန်ရေး နယ်မြေကို သူ့အနေနဲ့ ဘယ်လိုရောက်ရှိ လာရသလဲဆိုတော့ သူ ကလေးဘ၀ရှိတဲ့ အချိန်တုန်းကပေါ့၊ မြန်မာစစ်အစိုးရတပ်တွေက သူတို့ရဲ့ ဖရယ်သိုးလဲ ဒေါခရောအော ကျေးရွာထဲကို ၀င်လာပြီး နှိပ်စက်တာတွေ၊ ရွာမှာနေတော့ ကျောင်းလည်းမတက်ရ ဘိုးဘွား၊ မိဘတွေပါမက သူတို့ရဲ့ခေတ်တွေမှာလည်း တစ်ဘ၀ပြီးတစ်ဘ၀ ထွက်ပြေးနေရတယ်လို့ ပြန်လည်ပြီး ပြောပြသွားပါတယ်။ ရဲဘော်လုပ်လာခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာလဲ မြန်မာစစ်အစိုးရတပ်တွေက ရွာသူ/သားတွေကို နှိမ်စက်တာလည်း မျက်မြင်ကိုယ်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ကရင်နီ ပြည်သူလူထုတွေဟာ မိမိတို့ရဲ့နိုင်ငံ၊ မိမိတို့ရဲ့ ကျေးရွာမှာပဲ နေထိုင်ခဲ့ကြရာ မြန်မာစစ်အစိုးရစစ်သားတွေက ရောက်ရှိလာပြီး ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း၊ ကျေးရွာကနေ မောင်းထုတ်ခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးတွေကြောင့် သူတို့ဟာ ထိုင်းမြန်မာနယ်စပ်ဘက်ကို ထွက်ပြေးရောက်ရှိလာခဲ့ကြရတယ်။ နောက်ပြီး မြန်မာစစ်အစိုးရကို တဖန်ပြန်လည် ခုခံတော်လှန်နေကြပါတယ်။

မြန်မာပြည်ဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့က ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရရှိပြီးတော့ ဖဆပလဟာလည်း မြန်မာပြည်ရဲ့ အစိုးရဖြစ်လာခဲ့ပါတယ်။ ဖဆပလ အစိုးရဟာ ကရင်နီပြည်ကို ဗမာပြည်နဲ့ ပူးပေါင်းဖို့အတွက် နိုင်ငံရေးနည်းမျိုးစုံနဲ့ စည်းရုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒါကြောင့် ကရင်နီပြည်ကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းကဆိုရင် ကရင်နီပြည်ကို အုပ်ချုပ်တဲ့ အစိုးရဟာ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကောင်စီလဲ ဖြစ်ပါတယ်။ ဖဆပလ အစိုးရစစ်တပ်နဲ့ သူတို့ရဲ့ လှည်းဘီးတပ်တွေဟာ သီးခြားလွတ်လပ်တဲ့ ကရင်နီကောင်စီ ဥက္ကဌ ဦးဘီတူရီ နေထိုင်တဲ့ မြလဲကျေးရွာကို ၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ ရက်နံနက် ၂ နာရီအချိန်မှာ စတင်ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် ကရင်နီပြည်အပေါ် ကျူးကျော်စစ် စတင်ခဲ့ပါတယ်။ ဦးဘီတူရီနဲ့ သူ့လူတွေဟာ ခုခံတိုက်ခိုက်ခဲ့ပေမယ့် ကြိုတင်ပြင်ဆင်မှုလည်းမရှိ၊ လူအင်အား၊ လက်နက်အင်အားလည်း မမျှတတဲ့ အတွက်ကြောင့် ကြယ်ဖိုးကြီးနယ် ဖရူဆိုမြို့အထိ ဆုတ်ခွာခဲ့ရပါတယ်။ ဖရူဆိုမြို့ကို ညနေ ၃ နာရီအချိန်မှ ရောက်ရှိခဲ့ပါတယ်။ ဖရူဆိုမြို့မှာ ရှိကြတဲ့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကောင်စီဝင် အချို့နဲ့ အစည်းအဝေးထိုင်ပြီး ကရင်နီအမျိုးသား ခုခံတော်လှန်ရေး တရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ထို့နောက် ခုခံတော်လှန်ရေး ဥက္ကဌအဖြစ် ဦးဘီတူရီက တာဝန်ယူခဲ့ရပါတယ်။ အဲဒါကြောင့် သြဂုတ်လ ၉ ရက်နေ့ကို ကရင်နီအမျိုးသား ခုခံတော်လှန်ရေးအဖြစ် သတ်မှတ်လိုက်ပါတယ်။

ကရင်နီအမျိုးသား ခုခံတော်လှန်ရေး ခေါင်းဆောင်တွေဟာ လက်နက်ကိုင် ခုခံတော်လှန်ရေးလမ်းစဉ်ကို မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် နိုင်ငံရေးပါတီက ဦးဆောင်မှု ပေးသင့်ကြောင်း နားလည်သဘောပေါက်ကြပါတယ်။ ဒါကြောင့် ၁၉၅၇ ခုနှစ်မှာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို နိုင်ငံရေး ဦးဆောင်မှုပေးရန်အတွက် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ကို ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။

ထို့အပြင် ကရင်နီတော်လှန်ရေး သက်တမ်းတစ်လျှောက်မှာလည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့အစည်းတွေ ရှိကြပါတယ်။ ၁၉၇၄ ခုနှစ်မှာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ (နဂါးအဖွဲ့)၊ ကရင်နီ အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (ကမစည)က ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ခွဲထွက်-ဟိုယာ) ၁၉၉၉ ခုနှစ် ဇူလှိုင်လမှာ စသဖြင့် အသီးသီး ခွဲထွက်သွားကြပါတယ်။

ကရင်နီ အဖွဲ့အစည်းကနေ ခွဲထွက်သွားတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီး ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောရာမှာ "ခွဲထွက်သွားတယ်ဆိုတာ ဒီလိုရှိတယ်၊ အရင်းရှင်စနစ်၊ ကွန်မြူနစ်လမ်းစဉ်နဲ့ ဒီမိုကရေစီလမ်းစဉ် ရှိတယ်၊ နောက်သူတို့က ကွန်မြူနစ်လမ်းစဉ်ကို ကြိုက်တယ်လေ၊ ဗမာဆို ကွန်မြူနစ်ပါတီ လက်အောက်ပဲ ဦးစားပေးတော့ နောက်လူငယ်တွေကလည်း အရင်းရှင်စနစ်ကို စိတ်ပါလို့ ခွဲထွက်သွားတာပါ၊ ဗမာပြည်ဟာ ကွန်မြူနစ်ပါတီ လက်အောက်ခံ ဖြစ်တယ်လေ၊ ပြောရမယ်ဆိုရင်တော့ အတွေးအခေါ်ကနေ ခွဲထွက်သွားတာပေါ့" လို့ ပြောသွားပါတယ်။

ကေအဲန်ပီပီဟာလည်း မြန်မာစစ်အစိုးရနဲ့ ၁၉၉၅ ခုနှစ် မတ်လမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရဘက်က ကေအဲန်ပီပီရဲ့ တောင်းဆိုမှုတွေကို ချိုးဖောက်ခဲ့တာကြောင့် အပစ်ခတ်ရပ်စဲရေး (၃)လမျှသာ ကြာမြင့်ပြီးတော့ ပျက်ပြယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ နေထိုင်တဲ့ ကရင်နီလူမျိုးတွေက ခုခံတော်လှန်ရေးနေ့ ရောက်တိုင်း ကရင်နီ ထိန်းချုပ်ရာ နယ်မြေမှာ သွားရောက်ပြီးတော့ အခမ်းအနားတွေ ပြုလုပ်လေ့ရှိကြတယ်။ တော်လှန်ရေး နယ်မြေလည်းဖြစ်၊ စစ်မြေပြင်လည်းဖြစ်၊ လုံခြုံမှုလဲမရှိပေမယ့် ကရင်နီပြည်သူလူထု၊ ကျောင်းသူ/သားတွေဟာ အခမ်းအနားကို ၄ နာရီ ခရီးခန့် ခြေလျင်ဖြင့် မတ်စောက်နေတဲ့တောင်ကို ကြိုးစားပန်းစား တက်ရောက်အားပေးကြပါတယ်။

အခုဆိုရင် မြန်မာစစ်အစိုးရကို ကရင်နီလူမျိုးတွေက ပြန်လည် ခုခံတော်လှန်နေတာဟာ သြဂုတ်လ ၉ ရက်နေ့ ၂၀၀၈ ခုနှစ်မှာဆို အနှစ် ၆၀ ပြည့်သွားပါပြီ။

အနှစ် ၆၀ ပြည့် ကရင်နီ ခုခံတော်လှန်ရေးနေ့မှာဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒု-ဥက္ကဌ ခွန်းအေဘယ်တွိက "ခိုင်မာတဲ့ တပ်ပေါင်းစုနဲ့ ပူးပေါင်းပြီး နအဖကို မပြုတ်ပြုတ်အောင်တိုက်ဖို့ တိုက်ပွဲဝင်သွားမယ်၊ ကျတော်တို့ ကရင်နီဟာ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်တစ်ပြည်ဖြစ်အောင်၊ အေးချမ်းသာယာတဲ့ တိုင်းပြည်တစ်ပြည်ဖြစ်အောင် အစွမ်းကုန် လုပ်တောင်သွားမယ်" လို့ ပြောသွားပါတယ်။

တိုင်းပြည်ဘယ်အချိန်ရမလဲ၊ ဘယ်အချိန်ထိ စောင့်ရမလဲ၊ ပန်းတိုင်နဲ့ ဘယ်လောက်နီးပြီလဲဆိုတာ အခုချိန်မှာ တွေ့မြင်နိုင်မှာမှ မဟုတ်သေးပဲ။ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းတစ်ခုကို ဆုံးခန်းတိုင် လျှောက်လှမ်းရမှာဖြစ်ပြီး ရည်မှန်းချက် ပန်းတိုင်ဆိုတာကလဲ လျှောက်ဖန်များလာရင် ပို၍နီးလာမယ်လို့ တပ်ကင်းစောင့်နေတဲ့ ရဲဘော်မယ်ရယ်က သူ့ရဲ့ ခံယူချက်ကို ပြောပြသွားပါတယ်။ ကျနော်တို့ သူငယ်ချင်း ရွာသူ/သား၊ ရဲဘော်ရဲဘက်တွေလည်း စိတ်ဓါတ်ပြင်းထန်ပြီး ၀ိုင်းဝန်းပြီး လုပ်ဆောင်မယ်ဆိုရင် တဖြည်းဖြည်း ပိုပြီး နီးလာမယ်လို့ ပြောသွားပါတယ်။

"ကျနော်တို့ ပြန်ပြီး မခုခံရင် မဖြစ်နိုင်တော့ဘူး၊ ကျနော်တို့ ပြန်ပြီးမခုခံရင် သူတို့ (မြန်မာစစ်အစိုးရစစ်တပ်) က ပိုပြီးတော့ ကျနော်တို့ကို ညှင်းပမ်းနှိပ်စက်မယ်။ အဲဒါကြောင့် ကျနော်တို့ တတ်နိုင်တဲ့ နေရာကနေ ပြန်ပြီး ခုခံတော်လှန်နေရတာပါ" လို့ ရဲဘော် မယ်ရယ်ရဲ့ ရင်ဖွင့်သံလေးပဲဖြစ်ပါတယ်။

ကရင်နီပြည်သူလူထုတွေဟာ 'ငုတ်မိသဲတိုင် နိုင်ဖျားရောက်' ဆိုတဲ့ စကားပုံတစ်ခုလိုပဲ သူတို့ရဲ့ ဘ၀ပန်းတိုင်ဖြစ်တဲ့ လွတ်လပ်ရေးရရှိဖို့ ဆိုတာကို နောင်တစ်ချိန်မှာ ဗမာပြည်က ဒိထက် မကောင်းမွန်လာဘူး၊ တိုင်းရင်းသား အခွင့်အရေးကိုလည်း စဉ်းစားပေးမှုမရှိဘူးဆိုရင် ငြိမ်းချမ်းပြီး ကိုယ့်ရဲ့ တိုင်းပြည်မှာမနေရသ၍ မြန်မာစစ်အစိုးရကို ပြန်လည်ခုခံမယ် ဆိုတဲ့စိတ်ဓါတ်လေးတွေရဲ့ ခုခံတော်လှန်ရေးကို ဆက်လက်ဆင်နွဲသွားကြမှာ သေချာပါတယ်လို့ တင်ပြလိုက်ရပါတယ်။


No comments: