Wednesday, November 26, 2008

တိုင်းရင်းသူအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပိုများလာ

IMNA

အာစီယံ၏ စစ်အစိုးရအပေါ် အပြုသဘောဆက်ဆံရေး သက်တမ်းကာလအတွင်း မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် ဆထက်တံပိုး တိုးပွားလာနေကြောင်း အမျိုးသမီးများအဖွဲ့ချူပ် (WLB) မှ ထုတ်ပြန်ကြေညာထားသည်။

အထူးသဖြင့် နအဖနှင့်စစ်ဆင်ရေးဆင်နွှဲသော တိုင်းရင်းသားလူမျိုးစုများ နေထိုင်သည့် နယ်စပ်ဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအများဆုံးဖြစ်ပြီး အာဏာကို ဆုပ်ကိုင်ထားသော စစ်တပ်အသိုင်းအဝိုင်းများကလည်း ထိုဖြစ်ရပ်များကို လျစ်လျူရှုထားခဲ့သည် ဟု (WLB) မှ အမျိုးသမီးများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မနန်းယဉ်ကပြောသည်။

စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြောင်းလဲမှု မရှိသောကြောင့် လုပ်ပိုင်ခွင့်အာဏာသည် စစ်အစိုးရ၏ လက်ခုပ်ထဲမှာပင် ရှိနေသဖြင့် မြန်မာအမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုမှာလည်း အဆမတန် တိုးပွားလာခဲ့သည်ဟု ၄င်းကဆက်ပြောသည်။

"မြန်မာနိုင်ငံမှာ ဒီနေ့အထိ အမျိုးအမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်နိုင်အောင် ကာကွယ်ဖို့အတွက် စစ်အစိုးရက ဥပဒေပုဒ်မအနေနဲ့ ချမှတ်ဆောင်ရွက်ထားတာ မရှိခဲ့တဲ့အတွက်ကြောင့် မြန်မာအမျိုးသမီးတွေရဲ့ ဘဝက အကြမ်းဖက်မှုတွေမှာ သံသရာလည်နေရတယ်" ဟု ၄င်းကပြောသည်။

လွန်ခဲ့သောသီတင်းပတ်ခန့်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာနေ အသက် (၁၃) နှစ်အရွယ် မွန်အမျိုးသမီးငယ်တစ်ဦးသည် ဈေးရောင်းရင်း ရွာအပြင်သို့အရောက်တွင် ဗမာအမျိုးသား (၃) ဦး၏ မုဒိမ်းကျင့်မှုကို ခံရသည်သာမက အမျိုးသမီးငယ်၏ အင်္ဂါများကိုပါ လှီးဖြတ်ပြီးနောက် ၄င်းအမျိုးသမီးငယ်ကိုပါ သတ်ခဲ့သည်ဟု မွန်အမျိုးသမီးအဖွဲ့ဝင်တဦးဖြစ်သည့် ဒေါ်တွတ်က ပြောသည်။

"မြန်မာစစ်အစိုးရက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို အရေးယူထောင့်ရှုမှုလဲမရှိ၊ စုံစမ်းစစ်ဆေးမှုလဲမရှိဘဲ တကယ့်အဖြစ်အပျက်တွေကို သူတို့မသိသလိုမျိုး လျစ်လျူရှုထားကြတယ်" ဟု (WLB) မှ အထွေထွေအတွင်းရေးမှူး မနန်းယဉ်က ပြောသည်။

စီဒေါကော်မတီမှ ထုတ်ပြန်သော အစီရင်ခံစာထဲတွင် မြန်မာစစ်အစိုးရ၏ စစ်တပ်အနေဖြင့် အမျိုးသမီးများအပေါ် အထူးသဖြင့် တိုင်းရင်းသားလူမျိုးစု အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အစီအစဉ်တကျ ကျူးလွန်နေကြောင်းနှင့် အပြစ်မှ ကျူးလွန်ခွင့်ပေးထားကြောင်း၊ (WLB) နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်က ဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးစု အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အစီအစဉ်တကျ ကျူးလွန်နေခြင်းသည် နိုင်ငံရေးပြဿနာများကို စစ်အစိုးရမှ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်နှင့် ဆန္ဒမရှိပဲနှင့် ကျူးလွန်ခြင်းသည် အဆိုးဆုံးထိခိုက်မှု အကျိုးတရားများအနက် တခုဖြစ်သည်ဟု ၄င်းက ထုတ်ပြန်ကြေညာထားသည်။

ထိုထုတ်ပြန်ကြေညာချက်အရ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် တိုင်းရင်းသားအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဖြင့် စစ်ရာဇဝတ်မှုများ အစီအစဉ်တကျ ကျူးလွန်နေခြင်းအပေါ် အဓိကတာဝန်ရှိသူ စစ်အစိုးရ၏ ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးတွင် အမြန်ဆုံးအရေးယူ ဆောင်ရွက် သွားနိုင်ရေးအတွက် နိုင်ငံတကာနှင့်ပြည်တွင်းရှိ တရားမျှတမှုအပေါ် အလေးပေးရပ်တည်လျက်ရှိသော အင်အားစုများအားလုံးနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု ဆိုထားသည်။


No comments: