Thursday, November 20, 2008

လက်ဝေခံတို့ ပေါင်းစားကြပြန်ပြီ

လုပ်ငန်းရှင်တဦး

မြန်မာ့ရေနံလုပ်ငန်းမှာလည်း စစ်အစိုးရနှင့် ပတ်သက်သည့် မြန်မာကုမ္ပဏီများသာ အကျိုးခံစားခွင့်တွေရနေကြသည်။

၂၀၀၈ အောက်တိုဘာ ပထမပတ်မှာ မြန်မာ့ရေနံ (MOGE) နှင့် ဗီယက်နမ်အစိုးရ ကုမ္ပဏီတခုတို့ အကျိုးတူ ရေနံတူးဖော်ရန် (PSC-Production Share Contract)
off shore အတွက် M-2 ကို စာချုပ်ချုပ်ပါသည်။ မြန်မာပြည်ဘက်က ကုမ္ပဏီကတော့ အေဒင်အုပ်စု ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပါသည်။


အေဒင်အုပ်စုဆိုသည်မှာ စစ်အာဏာရှင်ကို လက်ဝေခံပြီး ကြီးပွားနေသည့် ဦးချစ်ခိုင် ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။ သူဌေးဦးချစ်ခိုင်ဆိုသည်မှာ ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ကျော်ဝင်းနှင့် ရင်းနှီးပြီး ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ပွားဟု ဆိုနိုင်ပါသည်။

အေဒင်အုပ်စုသည် ရန်ကုန်ကမ္ဘာအေးဘုရားလမ်းမှ Sakura Resident၊ ကန်တော်ကြီးစောင်းမှ Signature စားသောက်ဆိုင်၊ နေပြည်တော်မှ သင်္ဂဟဟိုတယ်၊ တောင်ကြီးအေးသာယာ Resort စသည်တို့ကို ပိုင်ဆိုင်ပြီး နေပြည်တော်မှာလည်း ဥာဏသိဒ္ဓိရပ်ကွက်ကြီး တည်ဆောက်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ ဧရာဝတီတိုင်းမှာလည်း အေဒင်ဦးချစ်ခိုင်၏ သမက်တဦးက ဦးစီးပြီး ဆောက်လုပ်ရေးလုပ်ငန်းများစွာကို ဆောက်ခွင့်ရနေသည်။

အလားတူပင် IGE ကုမ္ပဏီသည်လည်း အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းပိုင်ဆိုင်သည့် ကုမ္ပဏီများထဲမှ တခုဖြစ်သည်။

IGE ကုမ္ပဏီသည် ၂၀၀၇ ခုနှစ်အစပိုင်းတွင် မလေးရှားကုမ္ပဏီတခုဖြစ်သည့် Petronas Global Limited(A member of RIMBUJNAN HIJAU GROUP) နှင့် အကျိုးတူပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံတူးဖော်ရန်အတွက် M-1 နှင့် M-5 လုပ်ကွက်များကို စာချုပ်ချုပ်ဆိုခဲ့သည်။

အဆိုပါကုမ္ပဏီ (၂) ခုသည် အကျိုးအမြတ်များများ ရနေသည့် ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရာတွင် နောက်ဆုံးဝင်လာသည့် ကုမ္ပဏီသစ် (၂) ခုဖြစ်သည်။ မြန်မာနိုင်ငံ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကိုင်နေသည့် ကုမ္ပဏီ (၁၃) ခုအနက် အကျိုးတူပူးပေါင်းလုပ်ပိုင်နေသည့် မြန်မာကုမ္ပဏီ (၄) ခုရှိသည်။ နောက်တိုး ကုမ္ပဏီ (၂) ခုဖြစ်သည့် ဦးချစ်ခိုင်၏ အေဒင်အုပ်စုနှင့် ၀န်ကြီးဦးအောင်သောင်း ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ (၂) ခုပါ ပေါင်းလျှင် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် မြန်မာကုမ္ပဏီပေါင်း (၆) ခု ရှိလာပြီဖြစ်သည်။

အဆိုပါ မြန်မာကုမ္ပဏီများမှာ စစ်တပ်လက်ဝေခံများဖြစ်ပြီး ပူးပေါင်း ကြီးပွားနေကြသည်။ စစ်တပ်မှ အကောင်အထည်ဖော်နေသည့် ဈေးကွက်စီးပွားရေးကို လက်ဝေခံပြီး တိုင်းပြည်သယံဇာတ ခိုးယူနေကြသည့် ကုမ္ပဏီများသာဖြစ်သည်။ ဈေးကွက်စီးပွားရေးဆိုသည့် လုပ်နည်းလုပ်ဟန်တခုကို ဥပမာပေးပါမည်။

၂၀၀၆ ခု နှစ်ဆန်းပိုင်းတွင် အစိုးရပိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှ တင်ဒါတခုခေါ်ပါသည်။ MOGE မှာသုံးရန်အတွက် (Dumping Unit) ရေနံစုပ်စက်နှင့် ရေနံတွင်းတူးပိုက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၂၀) ဖိုး တင်ဒါခေါ်ပါသည်။ မြန်မာပြည်မှာ ရေနံပစ္စည်းတင်ဒါ ပြိုင်ကြသည့် ကုမ္ပဏီ (၁၀) ခုခန့်က ဈေးပြိုင်ပေးပြီး နေပြည်တော်သို့ အခေါက်ခေါက်အခါခါ သွားရောက် တင်ဒါပြိုင်ကြရသည်။

MOGE မှ အကြောင်း သိသူများကတော့ “ခင်ဗျားတို့ တင်ဒါလာမပြိုင်ကြနဲ့။ ၀န်ကြီးဦးအောင်သောင်းရဲ့ IGE ကုမ္ပဏီက တင်ဒါဝင်ပြိုင်နေတယ်” ဟု ပြောသည်။ နောက်တနှစ်ခန့်အကြာ တင်ဒါဖွင့်ချိန်တွင် အမှန်တကယ်ပဲ ၀န်ကြီးဦးအောင်သောင်းပိုင်ဆိုင်သည့် IGE ကုမ္ပဏီကသာ တင်ဒါရသွားသည်။

IGE ကုမ္ပဏီတင်သွင်းသည့် ပစ္စည်းများကို ကြည့်လျှင် ဥပမာ ရေနံစုပ်စက် (ပေ ၉၀၀၀ အနက်စုပ်) တခုဆိုလျှင် ကမ္ဘာ့ပေါက်ဈေး အမေရိကန်ဒေါ်လာ (၃၀၀၀) ရှိသော်လည်း IGE က အမေရိကန်ဒေါ်လာ (၆၀၀၀) ဖြင့် MOGE သို့ ဈေးကြီးကြီးနှင့်ရောင်းသည်။ IGE တင်သွင်းသည့် ရေနံပိုက်ကလည်း ဈေး (၂) ဆခန့်ကြီးပြီး အပြင်ပန်းအတိုင်းအတာ ညီသော်လည်း အတွင်းပိုင်း (Inside diameter) မညီသည့်အတွက် ပစ္စည်းများ တင်မရ ချမရဖြစ်ရသည်။
စင်စစ် IGE ကုမ္ပဏီမှ တင်သွင်းသည့် ပစ္စည်းများသည် တရုတ်ပစ္စည်းများသာဖြစ်သည်။ IGE နှင့်တရုတ်တို့ ပေါင်းစားကြသည့်အတွက် ပစ္စည်းညံ့ ဈေးကြီး ရေနံပစ္စည်းများကို MOGE က သုံးစွဲနေရသည်။

အလားတူပင် ရန်ကုန်မြို့မှ ဓာတ်ငွေ့သုံးကားများအတွက် CNG compressor တွေ ၀ယ်တော့လည်း ၀န်ကြီးဦးအောင်သောင်းပိုင်ဆိုင်သည့် IGE ကုမ္ပဏီကသာ တင်ဒါအောင်ပြီး ထုံးစံအတိုင်း ဈေးကြီးပစ္စည်းညံ့များဖြစ်သည့် တရုတ်ပစ္စည်းများကိုသာ သွင်းခဲ့သည်။ အဆိုပါ CNG compressor များ ယခုဆိုလျှင် ပျက်စပြုနေပြီဖြစ်သည်။ စံချိန်စံညွှန်းဖြစ်နေသည့် ဖိအား ပေါင် (၂၀၀၀) ကိုပင် ဖြည့်ပေးနိုင်စွမ်း မရှိတော့ပေ။

မြန်မာစစ်အစိုးရ ဈေးကွက်စီးပွားရေးသည် လက်ဝေခံတို့ ပေါင်းစားသည့် စီးပွားရေးစနစ်သာဖြစ်သည်။


No comments: