Saturday, November 15, 2008

နေပြည်တော်မှာ ခြင်္သေ့ရှိတယ်

စွာကျယ်

၂ဝဝ၅ ခုနှစ် နှစ်စလောက်မှာ ရန်ကုန်က ဝန်ထမ်းတွေ ကြပ်ပြေးနေပြည်တော် ပြောင်းကြရမယ်လို့ သတင်းတွေ ပေါ်ခဲ့ပြီးနောက်ပိုင်း မဟုတ်တော့ဘူးလိုလို၊ မသေချာဘူးလိုလိုနဲ့ သုံးလေးကြိမ် အဲဒီသတင်းက ငုပ်သွားလိုက်၊ ပြန်ပေါ်လာလိုက်ဖြစ်ခဲ့ပြီး နိုဝင်ဘာလကျတော့ အချို့ဝန်ကြီးဌာနတွေ စပြောင်းခဲ့ကြရတယ်။

ကြပ်ပြေးနေပြည်တော်မှာ ဝန်ထမ်းတွေနေဖို့ “မြို့မဈေး” နေရာကို ဗဟိုပြုပြီး သိပ်မဝေးတဲ့ လေးဘက်လေးရံခပ်လှမ်းလှမ်းက ကုန်းကမူနဲ့ အုန်းပင်တွေ ထူတဲ့ ရွာအချို့ကိုဖျက်ခဲ့ပြီး အဘတို့ရဲ့ ရှယ်ယာဟိုလ်ဒါ (Share Holder) ဆောက်လုပ်ရေးကုမ္ပဏီတွေက ပိတောက်ဆောင်၊ ကံ့ကော်ဆောင်၊ ခရေဆောင် စတဲ့ လေးထပ်အဆောက်အဦကြီးတွေကို ကြိုတင်ဆောက်နှင့်ထားကြပြီလေ။


နောက်ပိုင်းတော့ ဘောဂသိဒ္ဓိ၊ ပညာသိဒ္ဓိနဲ့ ဓာတ်သက်အောင် မှည့်ခေါ်ထားတဲ့ ဝန်ထမ်းရပ်ကွက်တွေ ဖြစ်လာခဲ့ တယ်။ အဲ-ဆက်တိုက်ဆက်တိုက်၊ အေးရှားဝေါလ်ဆိုတဲ့ကုမ္ပဏီက ဓနသိဒ္ဓိရပ်ကွက်၊ အေဒင်အုပ်စုကတော့ ဉာဏသိဒ္ဓိရပ်ကွက်၊ ဂိုးဒင်းဖလားဝါး ဆောက်လုပ်ရေးကလည်း ဗလသိဒ္ဓိရပ်ကွက်၊ မက်စ်မြန်မာကုမ္ပဏီနဲ့ စီးပွားရေးဦးပိုင်လီမိတက်တို့က သုခသိဒ္ဓိနဲ့ ဝဏ္ဏသိဒ္ဓိရပ်ကွက်တွေ ဖန်တီးခဲ့လို့ ရပ်ကွက်ကြီး (၅) ကွက် တခဏအတွင်း စွမ်းအားရှင်တွေက မန်းမှုတ်လိုက်သလို ပေါ်ထွက်လာတာ တကယ့်သိဒ္ဓိပြီးမယ့် ရပ်ကွက်တွေပါလား။

အဲ့ဒီရပ်ကွက်တွေ ဖန်တီးပြီးနောက် ဆောက်ပြီးသလောက် အဆောက်အဦ အရေအတွက်ကို ကြည့်ပြီး ရန်ကုန်က ဝန်ထမ်းတွေကို တသုတ်တသုတ် ပြောင်းရွှေ့လိုက်ကြတာ ၂ဝဝ၇ ဇူလိုင်လကုန်လောက်အထိပါပဲ။ လူကြီးမင်း အဘဆိုသူတွေအတွက် လုံးချင်းအိမ်ရာတွေကို ပုန်းကျင်းသဖွယ် ခြံတွေဝင်းတွေနဲ့ ရန်တွေကင်း အောင် ဖန်တီးထားပေမယ့် ဘွားတော်အများစုက ရန်ကုန်မှာရှိတဲ့ သူတို့ကိုယ်ပိုင် ခြံတွေလောက် မမက်မောကြတော့ ကြပ်ပြေးအိမ်တော်တွေမှာ လာရောက်ကြတဲ့ ချစ်လှစွာသော ခင်ပွန်း ကျေးဇူး ရှင်လင်တော်မောင် အဘတို့နောက် ကောက်ကောက်ပါအောင် ပါမလာကြဘူး။ လာဘ်လာဘရတာတွေနဲ့ အရသာရှိရှိ စုဆောင်းမိချိန်ရောက်မှ အဲ့ဒါတွေ လာယူရုံလောက်သာ ကြပ်ပြေးမြေကို ခြေချတော်မူကြတယ်။ နေပြည်တော်-ရန်ကုန် သွားပြန်ကြဖို့ အလယ်ရိုးမ အခြေက ဖြတ်ဖောက်ထားတဲ့ ကွန်ကရစ်လမ်းမကြီးမှာ ဒင်းတို့က အလကားရယူထားတဲ့ ဖင်ကောက်ကားတွေ အသီးသီး ထည်လဲစီးပြီး အပတ်စဉ် သွားကြပြန်ကြ ဟန်ကျနေကြတဲ့ ခွေးသခင်ကတော်တွေ။

အောက်ခြေဝန်ထမ်း ကျေးတော်မျိုး ကျွန်တော်မျိုးတွေကတော့ အိုးခွက်က အပိန်၊ ကြောင်အိမ်က အဟောင်း၊ သောင်းပြောင်းရောယူလာတဲ့ ဖျာလိပ်အစုတ်တွေ တပွေ့တပိုက်နဲ့ ပြောင်းရွှေ့ဖို့ လိုက်လာကြတဲ့ တို့ရွှေဗမာ ဝန်ထမ်းတွေ။ အချို့က ဟိုရောက်မှ မီးစဉ်ကြည့်ကပြီး မဟန်ရင်ပြန်မယ်လို့ စိတ်ကူးနဲ့ အိုးတလုံး၊ ဖျာတချပ်သာ ပါလာတဲ့ လူလည်တွေက တပုံတပင်။ အစုံအလင် သယ်လို့မရတော့ နှစ်အိမ်ထောင်ပေါင်း ကားတစီးနဲ့ ပြောင်းရွှေ့ခဲ့ကြရ၊ ဝန်ကြီးဌာနရုံးအောက်တွေမှာ စုပုံထားတဲ့ ပစ္စည်းတွေက ဝရုန်းသုန်းကား၊ အလကား ကားစီးရဖို့ စောင့်ခဲ့ကြ၊ စစ်ထောက်ချုပ်ရုံးက စီစဉ်ပေးတဲ့ တခါသယ် အစီးလေးငါးဆယ်၊ တရုတ်ပြည်လုပ် စစ်ယာဉ်တန်းတွေ တသီကြီးနဲ့ ပြောင်းလာခဲ့ကြရတဲ့ မြင်ကွင်းက ကမ္ဘာစစ်အတွင်းက သုံ့ပန်းတွေလိုလို။

ကြပ်ပြေးနေပြည်တော်ကို ပြောင်းရွှေ့ခိုင်းဖို့ နဂိုက ဒင်းတို့အကြံရှိခဲ့တာမို့ ၂ဝဝ၅ ဧပြီလမှာ ဝန်ထမ်းတွေကို လစာ တိုးပေးခဲ့ကြတာ။ သုံးသောင်းဝန်းကျင်စီ ရလာကြတဲ့ အောက်ခြေဝန်ထမ်း ပေါက်စတွေက အစတော့ ဟုတ်သလိုလို အထင်အတွေးနဲ့ ကြပ်ပြေးကို ဒရွတ်တိုက်ပါခဲ့ကြပြီ။

မင်းလစာနှစ်သောင်းခွဲနဲ့ မင်းက ကြပ်ပြေးကို လိုက်မှာလားလို့မေးတော့ နေပြည်တော်ဆိုတဲ့နေရာကို ကျုပ်က လိုက်မှာဗျ။ လစာမတိုးခင် ရန်ကုန်မှာတုန်းက ရခဲ့တဲ့လစာ (၄,၂ဝဝ) ကျပ်နဲ့ အောက်တန်းစာရေးဘဝ ရုံးကခွင့်ယူ ပြီး ပုဂ္ဂလိက ကုမ္ပဏီတခုမှာ နှစ်သောင်းနဲ့ သွားလုပ်ကြည့်ခဲ့ဖူးတယ်။ အဲ-လစာအပြင် ဘာဝင်ငွေမှ မရှိတော့ မနေတတ် မထိုင်တတ် ခံစားခဲ့ရတယ်။ တနေကုန် အသေခိုင်း၊ မိုက်ရိုင်းတဲ့အပြောကို မခံနိုင်လို့ နှစ်သောင်းကျော် လစာကို စွန့်ခွာခဲ့ပြီး မဝရေစာ လစာရတဲ့ဌာနကိုပဲ ပြန်ပြေးခဲ့တယ်။

အခု ကြည့်ပါလား။ အဲဒီတုန်းက ဌာနလစာက (၄,၂ဝဝ) ကျပ်ဆိုပေမယ့် အထက်ကဆရာသမားက ကြံဖန်ခိုင်းတဲ့ လုပ်ပေးလို့ရတာလေးရယ်၊ ဘောက်ချာလေးတွေပေါ်ကရတဲ့ နည်းနည်းပါးပါးလေး၊ ပါးပါးလေးပေါ့။ ရုံးကိစ္စနဲ့ လာတဲ့ လူတွေဆီက ပေးစာကမ်းစာလေးတွေ ပေါင်းလိုက်ရင် ကျုပ်အင်္ကျီအိတ်ကပ်က ခြင်္သေ့နဲ့ ဖောင်းလို့ပေါ့။ စိုနေတဲ့ နှုတ်ခမ်းဖျားက လေတချွန်ချွန်နဲ့မို့ ရုံးမလာချင်တဲ့နေ့ ခွင့်တင်လိုက်ရုံပဲ။ ပုံမှန်- ဒီပုံမှန်က နေ့စဉ်ပုံမှန် ဖြစ်နေလို့ ခွင့်ယူဖို့ စိတ်မကူးခဲ့တာ ဘာဆန်းသလဲ။ အခု ခြင်္သေ့ရှိတဲ့အလုပ်က နေပြည်တော်ကို ပြောင်းတော့ ကျုပ်လိုက်ပြောင်းရတာ ဘာထပ်ပြီး ဆန်းဦးမှာလဲ။

နေပြည်တော်မှာ အဘရဲ့ ပီအေရဲ့ အခန်းဝမှာ ကျုပ်နေရပြန်ပြီ။ အဘတွေကလည်း အရွယ်အစားအမျိုးမျိုး။ အဘလေး၊ အဘနဲ့အဖေကြီးတွေလို့ ခေါ်ကြတယ်။ အနီးကပ်နေရတဲ့အဘက အလုပ်တွေသိပ်များတယ်။ စက်ရုံကြီးတွေ၊ စီမံကိန်းကြီးတွေ၊ ပရော့ဂျက်ကြီးတွေ၊ ဘာကြီးတွေ၊ ညာကြီးတွေနဲ့ အိုး-များလိုက်တဲ့ အဘအလုပ်တွေ၊ ရှုပ်လိုက်တဲ့ ရုံးလုပ်ငန်းတွေ၊ တက်လိုက်ရတဲ့အီးစီတွေ၊ အဘတို့ ညအထိ မီးချောင်းတွေ ထိန်ထိန်ညီးလို့။ ကြပ်ပြေးနေပြည်တော်ကြီးမှာ မိုးချုပ်တာတောင် ဘယ်အချိန်နေဝင်လိုက်မှန်း မသိကြဘူး။

ကက်ဘိနက်ကပြန်လာမယ့် အဖေကြီးကို အူယားဖားယားကြိုဖို့စောင့်ရင်း အကျိုးတူဖေးကူတဲ့ ကုမ္ပဏီတွေ၊ ဂရု (Group) တွေ၊ လုပ်ငန်းရှင်တွေက လာတွေ့ကြ၊ ဝန်ထမ်းတွေ ရုံးဆင်းပြန်သွားကြမှ သူတို့က အေးအေးဆေးဆေး အဘနဲ့တွေ့ဖို့ အလုပ်စကြတာတဲ့။ အလာဘ၊ သလာဘ၊ လာဘ်လာဘတွေအကြောင်း၊ မိုးချုပ်မှရုံးရောက်လာပြီး အလုပ်အမယ်တွေ အကြောင်းပြ အထုပ်အထည်တွေ ပေးကြ၊ ရကြနဲ့ တနေ့တနေ့ နေဆယ်ခါ ဝင်ပါစေ၊ အလုပ်ထဲမှာ စိတ်ရောကိုယ်ရော နှစ်မြုပ်ထားပြီးနေကြတဲ့ နေပြည်တော်အဘတို့ရဲ့ဘဝက ခြင်္သေ့တွေ ဝန်းရံလို့ စတေးပြီးထားသလို။

ကြပ်ပြေးမြို့မဈေးမှာ ရောက်စက ဆန်တပြည် (၇ဝဝ) ကျပ်ကနေ ဒီနေ့ (၁,၇ဝဝ) ကျပ်ပဲဖြစ်ဖြစ်၊ ကုန်ဈေးနှုန်း တွေ ဘယ်လိုပဲ မိုးထိုးနေနေ၊ ရုံးအားရက်မှာ သွားလာစရာမရှိဘဲ ဒင်းတို့ထားရာနေရတဲ့ အိမ်အဆောင်မှာ အကျယ်ချုပ်လို့ပဲပြောပြော၊ ရန်ကုန်မှာကျန်ခဲ့တဲ့ မိသားစုနဲ့ဘယ်လောက်ပဲဝေးဝေး၊ အဘတို့ကတော့ နေပြည်တော်ကို ကြိုက်တယ်။ “နေပြည်တော်မှာ ခြင်္သေ့ရှိတယ်”

No comments: