Thursday, November 27, 2008

လမိုင်းမြို့နယ်ခွဲတွင် ဂက်(စ်)ပိုက်လိုင်းပေါက်ကွဲ

Wed 26 Nov 2008, မိရိုင်မရော့

မွန်ပြည်နယ်အတွင်း သွယ်တန်းထားသော ဂက်(စ်)ပိုက်လိုင်းသည် နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၅ နာရီအချိန်တွင် လမိုင်းမြို့ဘူတာမှ ရေးမြို့သို့သွားသောလမ်း ၄ ဖာလုံလောက်အကွာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ၄င်းဖြစ်ရပ်သည် ပိုက်လိုင်းသွယ်ထားသည့်နေရာတွင် ကွဲအက်မှုကြောင့် ဖြစ်သည်ဟု လမိုင်းမြို့ခံက ပြောသည်။

''ပေါက်ကွဲမှုဖြစ်တာကတော့ မနက် ၅ နာရီအစောကြီးမှာ ဖြစ်တာပါ၊ ကျမတို့အိမ်က အဲဒီဂက်စ် ပေါက်တဲ့နေရာနဲ့နီးတယ်၊ ပေါက်ကွဲတဲ့အသံကတော့ ကျယ်တယ်၊ ဒါပေမယ့် မီးတော့မလောင်ဘူး၊ မီးသာလောင်မယ်ဆိုရင် ကျမတို့တော့ ဒုက္ခရောက်မှာဘဲ၊ ပေါက်ကွဲမှုဖြစ်တာနဲ့ ထွက်ကြည့်တဲ့လူပြည့်နေတာဘဲ" ဟု ပေါက်ကွဲမှုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

၎င်းပေါက်ကွဲမှုသည် မီးရထားလမ်းဘေးတွင် ဖြစ်ပွားနေသောကြောင့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သွားလာနေသော မီးရထားများ ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ပင်ထားပြီး၊ စစ်သားများဖြင့် အစောင့်များချထားကာ မီးရထားများသွားလာနိုင်အောင် ပြုပြင်လုပ်ဆောင်နေသည်။ ယနေ့တွင်ပင် မီးရထားများကို ဖြတ်သန်းသွားလာခြင်းကို ပြုလိုက်သည်။

၎င်းပေါက်ကွဲမှုနှင့် နီးစပ်သူ၏ ပြောပြချက်အရ ''ဒီပေါက်ကွဲမှုက သူ့ဟာသူ အလိုလိုပေါက်တာဘဲ၊ လမိုင်းမှာ အဲဒီပိုက်လိုင်းကိုစောင့်နေတဲ့ စစ်သားတွေပြောတာက အဲဒီဆက်ထားတဲ့နေရာမှာ အက်နေတယ်တဲ့ တချိန်ချိန်မှာ ပေါက်မှာဘဲလို့၊ အခုပေါက်ကွဲမှုက အဲဒီနေရာဘဲဖြစ်နေတယ်ဆိုတော့ သူ့ဟာသူပေါက်တာဘဲလို့ ပြောနေကြတာပေါ့"ဟု သူက ပြောသည်။

ပေါက်ကွဲမှုအသံကြီးကြောင့် ထိုဒေသတဝိုက်ရှိ ရွာသူ၊ ရွားသားများအပါဝင် လမိုင်းမြို့တစ်မြို့လုံး ထိန့်လန့်ကြောက်ရွံ့ နေကြသည်။ ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင်သာ စစ်သားများသာ ပြည့်နှက်နေသည်။

ပေါက်ကွဲမှုကြောင့် ရွာသူ၊ ရွားသားများကို တစ်စုံတစ်ရာ အဓမ္မစေခိုင်းမှုများမရှိဟု ၄င်းလမိုင်းမြို့ခံက ပြောသည်။

ယခုကဲ့သို့သော ပိုက်လိုင်းပေါက်ကွဲမှုသည် လမိုင်းမြို့တွင် နှစ်ကြိမ်မြောက် ဖြစ်ပွားသော ပိုက်လိုင်းပေါက်ကွဲမှုဖြစ်သည်။ ပိုက်လိုင်းပေါက်ကွဲမှုကြောင့် မုဒုံမြို့နယ်အတွင်း၌ ရွာသူ ရွာသားများက ပိုက်လိုင်းများကို ကင်းစောင့်နေရသည်မှာ ယခုချိန်ထိပင်ဖြစ်သည်။

၂၀၀၀ ခုနှစ်တွင် သွယ်တန်းထားသော ကန်ပေါက်-မြိုင်ကလေး ဂက်စ်ပိုက်လိုင်းသည် အရှည် ၂၀၀ ကီလိုမီတာရှိပြီး လွန်ခဲ့သည့် ဇွန်လအတွင်းတွင် မော်လမြိုင်တက္ကသိုလ်ကျောင်းအနား တောင်ဝိုင်းဘုရားအနီးတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။


No comments: