Saturday, November 22, 2008

ရွှေရှာသူတို့ တောင်ခြေသို့ အပြေးအလွှားသွား

မက်စ်ဝဲလ်စမစ်

မကွေး (မဇ္ဈိမ) – လွန်ခဲ့သော ဆယ်စုနှစ် တခုအထိ မန္တလေးတိုင်း ရမည်းသင်းမြို့အနီး တောင်ခြေတွင် လူနေအိမ်ခြေဟူ၍ မရှိပါ။ ထိုနေရာတွင် တဲအိမ်ငယ်များ မရှိ၊ ဂြိုဟ်တုစလောင်းမရှိ၊ လူမရှိ။ ချုံနွယ်အတိပြီးသော မြေပြင်နှင့် အနားတွင် လှည့်လည်ကျက်စား သွားလာနေကြသော တိရိစ္ဆာန်တို့သာ ရှိသည်။

ဤအရာအားလုံးသည် လွန်ခဲ့သော ၈ နှစ်ခန့်က မြို့၏ အရှေ့ဘက် ကီလိုမီတာ ၅ဝ (မိုင် ၃ဝ) အကွာတွင်ရွာသား တို့က ရွှေတွေ့သည်မှစ၍ အားလုံး ပြောင်းလဲသွားခဲ့သည်။

ယခုတော့ဤ ရန်ကုန်မြို့၏ မြောက်ဘက် ကီလိုမီတာ ၅ဝဝ ခန့်အကွာ နေရာသည် မြန်မာပြည်တဝှမ်းလုံး မှ ဤအဝါရောင် အဖိုးတန်သတ္တုကို အသည်းအသန် လာရောက်ရှာဖွေ တူးယူသူများဖြင့် ပျားပန်းခတ် စည်ကားသော နေရာဖြစ်နေပြီ။ ထို့ပြင် ရွှေရှာသူအများစုက အပြင်လူများ သူတို့ ဘာလုပ်နေသည်ကို လာရောက်မေးမြန်း စူးစမ်းခြင်းကိုလည်း မလိုလားကြပါ။

"အရင်လက ရွှေရှာတဲ့လူတစုက သူတို့ကို ဓါတ်ပုံလာရောက်တဲ့ လူတယောက်ကို ဝိုင်းရိုက် လွှတ်လိုက်ကြတယ်" ဟု ရွှေရှာသူတဦးဖြစ်သည့် အသက် ၃၄ နှစ်အရွယ်ရှိ ကိုထွန်းကျော်က ပြောပါသည်။

"ဒီလူတွေက သူတို့ လုပ်နေတာတွေကို ဓါတ်ပုံရိုက်တာ၊ ဗွီဒီယိုရိုက်တာ မကြိုက်ကြဘူးဗျ။ ဘာကောင်ကြီးဖြစ်နေနေ သူတို့က ဂရုမစိုက်ဘူး။ သူတို့ ဂရုစိုက်တာ ရွှေပဲ" ဟု သူက ပြောပါသည်။

ကိုထွန်းကျော်သည် ရွှေတွင်းများရှိရာ သပိတ်ကျင်းမြို့နယ်မှ လာသူဖြစ်သည်။ တခါက အလွန်ဆိတ်ငြိမ် အေးချမ်းခဲ့သော သူ့ဇာတိမြို့ကလေးသည် ယခုအခါ တနိုင်ငံလုံးမှ ရွှေရှာသူများအကြား ရေပန်းစားလျက်ရှိသော နေရာတခု ဖြစ်နေပါပြီ။

"ဒီမှာ ရွှေလာရှာနေတဲ့လူ ထောင်ပေါင်းများစွာ ခင်ဗျား တွေ့လိမ့်မယ်။ ဒီနေရာက သိပ်ကို နာမည်ကြီးနေတာ။ သူတို့ အပြောအရ ဒီမှာရွှေလာရှာတဲ့လူ ၁ဝ ယောက်မှာ ၉ ယောက်ကတော့ ရွှေရကြတာဘဲတဲ့" ဟု သူက ပြောသည်။

ဒေသခံများကမူ ဤသို့ ရွှေလာရှာသူပေါင်း ၁ သိန်းကျော်ခန့် ရှိမည်ဟု ခန့်မှန်းပြောဆိုကြပြီး၊ အတော်များများမှာ ဤ ဒေသရှိ ချောင်းမြောင်းများတလျှောက် ကမ်းပါးတွင် ကပ်၍ ဆောက်ထားကြသော တဲငယ်လေးပေါင်း ၈ဝဝ ခန့်တွင် နေထိုင်ကြသည်ဟု ဆိုသည်။ ဤချောင်းမြောင်းကလေးများသည် ဤဒေသတွင် ကွေ့ကောက် စီးဆင်းနေကြသည်။

ထောင်ပေါင်းများစွာသော အလုပ်သမားများသည် အလုပ်မျိုးစုံကို လုပ်ကိုင်နေကြသည်။ တချို့က တောင်ခြေတွင် ၂၄ မီတာ (ပေ ၈ဝ) ခန့်နက်သော လှိုဏ်ခေါင်းများ ဖောက်များကို မြေတူးကိရိယာ မျိုးစုံဖြင့် လက်အားကိုး ဖေါက်လုပ်နေကြသည်။ အချို့က ထွက်လာသော မြေစာများကို သယ်သူသယ်၊ ကျောက်တုံးများကို ခွဲသူခွဲ လုပ်နေကြသည်။

"ကျနော် ရှမ်းပြည်ကနေ ဒီနေရာကို ကူလီလုပ်ဘို့ ရောက်လာတာပါ။ ရွှေပါတဲ့ မြေစာတွေကို ၃ မိုင် အဝေးလောက်အထိ သယ်ရတယ်။ မြေစာအိတ်ခပ်သေးသေး တခေါက်သယ်ရင် ငွေ ၅ဝဝဝ ရတယ်" ဟု အသက် ၂ဝ အရွယ်ရှိ မောင်လေးက ပြောပါသည်။

ရှမ်းပြည်မှပင်လာသော မမိုးသွေးလို လူကတော့ အနားရှိ ချောင်းများထဲတွင် ရွှေကျင်သည်။ "ကျမတို့က ကော်မရှင်စားနဲ့ လုပ်တာ။ ရတဲ့ရွှေရဲ့ သုံးပုံတပုံကို ကိုယ်ရတယ်။ ဒီတော့ တလကို ငွေ တသိန်းကျော်တော့ရ တာပေါ့" ဟု သူမက ပြောပါသည်။

ဤနေရာတွင် ရွှေရှာနေသော ကုမ္ပဏီပေါင်း ၆ဝ ကျော်ရှိသည်။ ကုမ္ပဏီတခုကို လုပ်ကွက်မြေ ဧက ၂ဝ စီရသည်။ ကုမ္ပဏီတခုလျှင် အလုပ်သမားပေါင်း ၃ဝဝဝ ခန့်ရှိပြီး သူတို့ထဲမှ အများစုမှာ သုံးပုံတပုံ ကော်မရှင်စားဖြင့် လုပ်ကြသူများ ဖြစ်သည်။

သတ္တုတွင်း ကျွမ်းကျင်သူများ၏ အဆိုအရ ကုမ္ပဏီတခုလျှင် ရွှေတွင်းတခုမှ ရွှေ ၅ ပိဿာမှ ၁ဝ ပိဿာအထိ ရကြသည် ဟု ဆိုပါသည်။

၂ဝဝ၄ ခုနှစ်ကတဲက ကုမ္ပဏီ အများအပြား ဤသို့ လာရောက် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ "ကုမ္ပဏီ တော်တော်များများက အရင်တွင်းဟောင်းတွေမှာ တူးချင်ကြတယ်။ ဒီလို ၁ နာရီလောက်တူးဘို့ အစောင့်ကိုငွေကျပ် ၅ သန်း ပေးရတယ်။ အန္တရာယ်များပေမဲ့ ရတာကလဲ ၂ ဆဘဲ" ဟု နိုင်ငံခြား သတ္တုတွင်းကုမ္ပဏီ တခုတွင် လုပ်ကိုင်ခဲ့သူ အသက် ၂၉ နှစ်အရွယ်ရှိ ကိုမျိုးဝင်းက ပြောပါသည်။

သို့သော် အချို့သော ရွှေရှာသမားများကမူ ရွှေတူးသည်မှာ ဤမျှလောက်အထိ အမြတ်အစွန်း မများလှကြောင်း ပြောပါသည်။ မန္တလေးတိုင်း စဥ့်ကူမြို့နယ်မှလာသူ ကိုမျိုးသိန်းက တားမြစ်ထားသော နေရာများတွင် သူရွှေရှာခဲ့ရာ ငွေကျပ် သန်း ၃ဝ ခန့် ဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။

"ကျနော်တို့အုပ်စုက ရွှေနည်းနည်းလေးဘဲ ရတာ၊ အရင်းတောင် မကြေဘူး" ဟု သူကဆိုပါသည်။

"အိုင်ဗင်ဟိုး လုပ်ကွက်တွေနားမှာ ရွှေရှာနေတဲ့လူတွေ အများကြီးရှိတုံးပဲ။ အိုင်ဗင်ဟိုး ကုမ္ပဏီမှာ လုပ်နေတဲ့ နိုင်ငံခြား သတ္တုတွင်း ကျွမ်းကျင်သူတွေက ရွှေရှိတယ် ပြောထားတဲ့ ရွှေကြောတွေ ရောက်အောင် ကြွက်တွေလိုဘဲ ဖောက်နေကြတာ" ဟု သူက ပြောသည်။

သတ္တုတူးသူ အများအပြားက ရွှေကျင်သည့်နည်းအပြင် လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု၊ အထူးသဖြင့် ရေအရင်းအမြစ်များကို ညစ်ညမ်းစေသဖြင့် အစိုးရက ပိတ်ပင်ထားသော ဆိုင်ယာနိုက် အသုံးပြု ရွှေထုတ်ယူခြင်းကိုလည်း အသုံးပြုကြပါသည်။

ကုမ္ပဏီအများအပြားက ၉ ပေပတ်လည်ရှိ ရေကန်များကို တာပေါ်လင်စများဖြင့် ပြုလုပ်ထားကြသည်။ ထိုအထဲတွင် ရွှေသတ္တုရိုင်းပါသော ကျောက်ခဲများ၊ ထုံး၊ ရေ နှင့် ဆိုက်ယာနိုက်တို့ကိုရော၍ တပတ်ခန့် စိမ်ထားကြသည်။ ထို့နောက် ဤအရည်များကို ပိုက်လိုင်းများအတွင်း ဖြတ်စေ၍ ရွှေကို ကာဘွန်ဆလင်ဒါများဖြင့် စုပ်ယူ ဖမ်းယူကြသည်။ ဘေးထွက် ပစ္စည်းဖြစ်သော ဆိုင်ယာနိုက်နှင့် အခြား အဆိပ်သင့်ပစ္စည်းများမှာ မြေထဲသို့ စိမ့်ဝင် ပျောက်ကွယ်သွားကြသည်။

"အရိုးဆုံး အလွယ်ဆုံးဖြစ်တဲ့ ရွှေကျင်တဲ့နည်းကို သုံးရင် ကျနော်တို့ အမြတ်မရနိုင်ဘူး။ ဒါကြောင့် သူများတွေလိုဘဲ ကျနော်တို့လဲ ဆိုင်ယာနိုက်နည်းစဉ်ကို သုံးရတာ" ဟု မကြာသေးခင်က ရွှေ ၅ ပိဿာ တူးဖေါ်ရရှိခဲ့သည့် ကုမ္ပဏီတွင် အလုပ်လုပ်နေသူ ကိုအောင်ကျော်က ပြောပါသည်။

"ဒီနည်းစဉ်ကို သုံးတာ အန္တရာယ် များပါတယ်။ ဆိုင်ယာနိုက်ကြောင့် လူလဲဖျားနာတယ်၊ ပတ်ဝန်းကျင်လဲ ညစ်ညမ်း ပျက်စီးစေတယ်။ ဒါကြောင့် အစိုးရကလဲ တားထားတာဘဲ၊ ဒါပေမဲ့ သတ္တုတူးတဲ့ သူတွေကလဲ သုံးနေတာဘဲ" ဟု အသက် ၂၉ နှစ်အရွယ်ရှိ ရွှေရှာသူ ကိုဟန်ကျော်က ပြောပါသည်။

ဆိုင်ယာနိုက်နှင့် အခြား အဆိပ်အတောက်များ ပျော်ဝင်နေသဖြင့် အနီးအနားမှ ရေတွင်းများမှ ရေကို ဘယ်သူမျှ မသောက်ရဲဟု ရွှေတွင်းများမှ စီးဆင်းလာသော ချောင်းကလေးတခုအနီး စားသောက်ဆိုင်ဖွင့်ထားသူ အသက် ၃ဝ အရွယ်ရှိ မမိုးမိုးက ပြောပါသည်။

"သတ္တုမိုင်းတွေက လူတွေတောင် ကျမတို့လိုဘဲ ရေသန့်ဘူးဘဲ သောက်ကြတယ်" ဟု သူမက ပြောပါသည်။

သို့သော် အချို့သော သတ္တုတူးသူများကတော့ ဤကိစ္စကို ဂရုမစိုက်ကြ။ လွန်ခဲ့သော လအနည်းငယ်ကပင် မသန့်ရှင်းသော ရေကိုသောက်မိပြီး၊ သတ္တုတူးသမား အများအပြား ဝမ်းရောဂါဖြစ်ကြသဖြင့် မြို့မှ ဆရာဝန်နှင့် သူနာပြုအဖွဲ့တဖွဲ့ လာရောက်ပြီး သူတို့ကို ကုသပေးခဲ့ရသည်ဟု မမိုးမိုးက ပြောပါသည်။

ပြဿနာကို ပိုဆိုးသွားစေသည်မှာ အဆိုပါ ရွှေရိုင်းစိမ် ရေကန်များသည် ချောင်းမြောင်းများအနီးတွင် ရှိနေခြင်း ဖြစ်ပြီး၊ ထိုရေများသည် ရမည်းသင်းမြို့နယ် ကြီးနီ ရေကန်အတွင်းနှင့် ပေါင်းလောင်းမြစ် အတွင်းသို့ စီးဆင်းသွားကြသည်။ ထိုချောင်းများအနီးတွင် နေထိုင်ကြသော ကျေးရွာသား ကလေးလူကြီး အားလုံးက နေ့စဉ်လိုအပ်သော ချိုးရေ၊ သုံးရေအတွက် ဤရေကိုဘဲ သုံးစွဲကြရသည်။

"အဓိက ရေရစရာက ဒါဘဲရှိတာမို့ ချိုးရေအတွက်တော့ သုံးတယ်။ ဒါပေမဲ့ မသောက်ဘူး" ဟု သတ္တုတူးနေသောနေ ရာမှ ၆ ကီလိုမီတာ (၄ မိုင်) အကွာရှိ ကင်းတားကျေးရွာမှလာသူ မမြက ပြောပါသည်။

သတ္တုတူးသူများ ရှာဖွေသူများအတွက် ဆိုင်ယာနိုက်သည် တခုတည်းသော အန္တရာယ်မဟုတ်ကြောင်းလည်း ကိုအောင်ကျော်က ပြောပါသည်။

"ဒီနားတဝိုက် လုတာယက်တာတွေလဲ ခဏခဏဖြစ်တယ်။ ကျနော်တို့အားလုံး ဓါးဆောင်ထားရတယ်၊ ကိုယ့်အသက်နဲ့ ကိုယ်ရှာထားတဲ့ ရွှေကို ကာကွယ်ဘို့" ဟု သူကပြောသည်။

ဤကဲ့သို့သော အနောက်တိုင်း ကောင်းဘွိုင်ကားများထဲကလို ဖြစ်နေသော အခြေအနေကို ထိန်းသိမ်းရန် အစိုးရက ဝန်ထမ်း ၆ဝ ကို ခန့်အပ် တာဝန်ပေးထားရသည်။ ထိုအထဲမှ တဝက်မှာ ရဲအရာရှိများဖြစ်ပြီး၊ ကျန်တဝက်မှာ သတ္တုတွင်း ဝန်ကြီးဌာနမှ ဖြစ်သည်။ သူတို့တာဝန်မှာ ဤဒေသအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန် ဖြစ်သည်။

"သတ္တုတူးတဲ့ သူတွေကို ရာဇဝတ်မှုတွေ မကျူးလွန်ဘို့နဲ့ ဆိုင်ယာနိုက် မသုံးဘို့ ကျနော်တို့ မကြာခဏဘဲ ပညာပေးနေရတယ်" ဟု ပြောခွင့်မရှိသဖြင့် အမည်မဖေါ်လိုသူ မန္တလေးတိုင်းမှ အဆင့်မြင့် ရဲအရာရှိတဦးက ပြောပါသည်။

"ကျနော်တို့က လာတဲ့သူတွေကို ဘယ်သူတွေ၊ ဘယ်ကလာတယ် ဆိုတာမသိလို့ စစ်ဆေးရေးဂိတ် ၃ ခုထားပြီး လာသမျှ လူတွေကို စစ်ဆေးရတယ်။ ဒီဒေသထဲ ဘယ်သူက ဆိုင်ယာနိုက်တွေ ခိုးသွင်းလာမယ် ဆိုတာလဲ မသိဘူးလေ" ဟု သူက ပြောပါသည်။

ဆိုင်ယာနိုက်နှင့် အခြားတရားမဝင် နည်းလမ်းများ အသုံးပြုသူများကို ရဲက ၁၅ ရက်ခန့် ချုပ်ထားလေ့ ရှိခဲ့သည်ဟုလည်း သူက ပြောသည်။

"ဒါလဲ အလုပ်မဖြစ်ဘူးဗျ။ ဘာလို့လဲဆိုတော့ လူတွေက ဒီလိုအပြစ်ပေးတာကို သူတို့ကို ၁၅ ရက်လောက် အနားယူဘို့ ခွင့်ပေးထားတယ်လို့ ထင်တာ" ဟု သူကဆိုသည်။

"စက်တင်ဘာလထဲမှာ အပြစ်ပေးတာကို ထောင် ၇ နှစ်ကို ပြောင်းလိုက်ပြီ။ ဒါလဲ ဥပဒေ ချိုးဖောက်မဲ့သူတွေက နေ့တိုင်း ဒီဒေသထဲ ဝင်လာနေတာမို့ တလကို လူ ၁ဝဝ လောက်တော့ အမြဲဖမ်းနေရတာဘဲ" ဟု အဆိုပါ ရဲအရာရှိက ပြောပါသည်။

ထိုသို့ ဖမ်းမိသူများထဲတွင် ယူနီဖောင်းဝတ်၍ သေနတ်ကိုင်ထားပြီး စစ်အရာရှိ အယောင်ဆောင်ထားသူများကိုပင် ဖမ်းဆီးရမိခဲ့သည်ဟုလည်း သူက ပြောပါသည်။

"သူတို့က အာဏာပိုင်တွေလို ဟန်ဆောင်ပြီး ရွှေတွင်းလာတဲ့ လူတွေကို လမ်းမှာရပ်ခိုင်း၊ ပစ္စည်းတွေ စစ်ဆေးပြီး၊ သူတို့ လိုသလောက်ပစ္စည်း လုံလုံလောက်လောက်ရပြီ ဆိုရင် အဲဒါတွေယူ၊ ထွက်သွားပြီး ပြန်ရောင်းစားကြတာ" ဟု သူက ဆိုသည်။

"အဲဒါကြောင့် ဒီဒေသထဲ ဝင်လာတဲ့သူတွေကို ထိန်းချုပ် ကန့်သတ်ဘို့ ကြိုးစားတဲ့အနေနဲ့ ရွှေတွင်းရှိရာ လာတဲ့သူတွေကို ပြန်ခိုင်းရတာ၊ ပြန်မောင်းထုတ်နေရတာ" ဟုလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ ရွှေရှာသူများ ဝင်ရောက်လာသောကြောင့် ရမည်းသင်းမြို့နယ်မှာ အကျိုးအမြတ် ခံစားရသည်ဟု ဒေသခံများက ပြောဆိုကြပါသည်။ သူတို့ကြောင့် စားသောက်ဆိုင် အသစ်များ၊ လ္ဘက်ရည်ဆိုင်များ၊ ဘီယာဆိုင်များ ပေါ်လာပြီး စီးပွါးရေး ဖွံ့ဖြိုးလာသည်။ သယ်ယူပို့ဆောင်ရေးနှင့် ကြေးနန်းဆက်သွယ်ရေး ကဏ္ဍတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာခဲ့သည်ဟု ဆိုပါသည်။

ဒေသတွင်း အိမ်ငှါးလိုသူများ အဆမတန် များပြားလာသဖြင့် အိမ်ငှါးခများလည်း လွန်ခဲ့သော ၂ဝဝဝ ခုနှစ်မှစ၍ ၅ ဆ ခန့်တက်သွားခဲ့သည်ဟု ဒေသခံများက ဆိုပါသည်။

"လူသစ်တွေကို အိမ်ငှါးတာ အခန်းငှါးစားတာနဲ့ကို ဒီဒေသက လူတွေအတော်များများ အလုပ်ဖြစ်နေကြတာ" ဟု မိမိအိမ်ကို တလလျှင် ကျပ် ၆ သောင်းဖြင့် ငှါးထားသူ ဒေါ်ခင်က ပြောပါသည်။

ကားပိုင်သူများလည်း အလုပ်ဖြစ်ကြကြောင်း ရွှေတွင်းရှိရာသို့ ရွှေတူးသမားများကို ထွန်စက်ငယ်ဖြင့် သယ်ယူပို့ဆောင် ပေးနေသူ ယဉ်မောင်း ကိုထွန်းကလည်း ပြောပါသည်။

"ကျနော်တနေ့ကို အလုပ်သမား ၂ဝ ကျော် ရွှေတွင်းတွေရှိရာကို ပို့ပေးရတယ်။ ကျနော့်လိုဘဲ ဒီနည်းနဲ့ ငွေရှာနေတဲ့ သူတွေ ဒီမှာတပုံကြီး" ဟု သူကပြောပါသည်။ တခေါက်လျှင် ကျပ် ၁၅ဝဝဝ ရသည်ဟုလည်း သူက ဆက်လက် ပြောဆို သွားခဲ့ပါသည်။

"ဈေးကတော့ကြီးတယ်၊ ဘာလို့လဲဆိုတော့ ရွှေတွင်းသွားတဲ့လမ်းတွေက အတော်ဆိုးတယ်" ဟု သူကပြောပါသည်။

(Maxwell Smith ရေးသားသော Gold miners head for the hills ကို ဘာသာပြန်ဆိုပါသည်။)


No comments: