Friday, November 21, 2008

ဘဝတခုကို ပေါင်းစပ် ချုပ်လုပ်ခြင်း

မဇ္ဈိမသတင်းဌာန

မြန်မာ့အထည်ချုပ်စက်ရုံ လုပ်သားများနှင့် ရှင်သန်ရေး တိုက်ပွဲ
မနက်ခင်းတိုင်းလိုပဲ၊ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်က စက်ရုံများ၏ ဝင်းတံခါးဝများ၊ နံရံများပေါ်ကို သူရိယနေမင်း၏ ပထမဆုံးသော လင်းရောင်ခြည်များ အပူပိုင်းသစ်ပင်များ၏ သစ်ရွက်များကြားက ဖြတ်သန်းဖြာကျလာပြီ ဆိုမှဖြင့် မြင်နေကျ မြင်ကွင်းတခုကို တွေ့ရလိမ့်မည်။ ထမင်းချိုင့်လေးများ ဆွဲလို့၊ သနပ်ခါး လိမ်းထားသည့် အလုပ်သမလေးများသည် မြန်မာနိုင်ငံ၏ အထည်ချုပ် စက်ရုံများဆီသို့ သွားရာလမ်းတလျှောက် ပင်ပန်းခက်ခဲလှသော တနေ့စာအလုပ်ခွင်ကို ဖြတ်သန်းရန် မဆုံးနိုင်အောင် တသီတတန်းကြီး ချီတက်လာနေကြပြီ။
အမေရိကန် ဦးဆောင်သည့် ပိတ်ဆို့ အရေးယူမှုများသည် ၅ နှစ်ကြာ ပြုလုပ်ခဲ့တာတောင်မှ အစိုးရ စာရင်းအင်းများအရ ဒီအထည်ချုပ်လုပ်ငန်းကို မှီခိုပြီး ဝမ်းစာရှာဖွေနေကြသူ အလုပ်သမပေါင်း ၁ သိန်းခန့် ရှိနေသေးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှာ မြှုပ်နှံ လုပ်ကိုင်နေသည့် စီးပွါးရေး လုပ်ငန်းများထဲက တစိတ်တပိုင်းသော ငွေများသည် ဗိုလ်ချုပ်ကြီးများ၏ ဘဏ္ဍာတိုက်ထဲ ရောက်သွားမည်ဆိုသည်မှာ သံသယ ဖြစ်စရာမရှိပါ။ သို့သော် ဤမြန်မာနိုင်ငံ အထည်ချုပ်စက်ရုံများမှ အထည်များကို ဝယ်ယူရောင်းချနေသော ကုမ္ပဏီများသည်လည်း လူထု၏ ထမင်းပန်းကန်ထဲ စားစရာ ထည့်ပေးနေသူများ ဖြစ်ကြသည်။

“ဒီအလုပ်ကလွဲလို့ ကျမမှာ တခြားလုပ်စရာ အလုပ်လည်း မရှိဘူး။ တကယ်တော့ ဒီအလုပ်က သိပ်ပင်ပန်းပါတယ်။ ဒါပေမဲ့ ကျမမှာ တခြားအလုပ်ကလည်း မရနိုင်ဘူးလေ” ဟု ရန်ကုန်တောင်ဒဂုံ စက်မှုဇုန် MIT Garment Factory စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ အလုပ်သမတဦးက ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဇာတိ မနွေးက သူ ဘယ်လိုဘယ်ပုံ ရန်ကုန် အထည်ချုပ်စက်ရုံသို့ ရောက်လာပုံ အကြောင်းကို ယခုလို ပြောပြသည်။

“ကျမတို့ရွာမှာ ပုံမှန်ဝင်ငွေရနိုင်တဲ့၊ သေချာတဲ့ အလုပ်ရယ်လို့ မရှိဘူး။ ကျမက မွေးချင်း ၄ ယောက်ထဲမှာ အကြီးဆုံး။ အတန်းပညာကလည်း ၇ တန်းထိပဲ သင်ခဲ့ရတာ။ ကျမအဒေါ်က ဒီမှာ လာလုပ်ပါလားလို့ခေါ်လို့ ကျမ လာခဲ့တာ။ အခုတော့ ကျမမိသားစုကို ငွေ ၅ဝဝဝ မျိုး၊ တသောင်းမျိုး ရံဖန်ရံခါ ပြန်ပို့နိုင်ပါတယ်”

ဒီလိုဆိုရင် မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရ၏ ရွှေရောင်အိတ်များနှင့် သိန်းနှင့်ချီရှိသည့် ပြည်တွင်းအလုပ်သမားများ၏ ထမင်းဗူးများကို ဖြည့်ပေးတာများ ကြားနယ်နိမိတ်မျဉ်း သတ်မှတ်လို့ ရနိုင်မည်လား။

အခွင့်အလမ်း ‘ကင်းမဲ့ခြင်း’ အကျိုး

အမျိုးသမီးတွေအတွက်တော့ ရန်ကုန် အထည်ချုပ်စက်ရုံတွေက အလွန်ရှားပါးလှတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနေတာပါ။ ဒီအလုပ်မလုပ်ရင် ဈေးရောင်းဖို့နဲ့ မဆလာသယ်တဲ့ အလုပ်ပဲရှိတယ်” ဟု လှိုင်သာယာစက်ရုံ အလုပ်သမတဦးက ပြောသည်။

“ဒီမှာလုပ်နေတဲ့ အလုပ်သမားတွေအတွက် ပြဿနာကတမျိုးထဲပဲ၊ ဒီအလုပ်ပြုတ်သွားရင် ဘာလုပ်ရမယ်ဆိုတာ မသိတာနဲ့ဘဲ မိသားစုအတွက်ဆိုပြီး ဒီအလုပ်ကိုပဲ လုပ်နေရတာ” ဟု အခြား စက်ရုံအလုပ်သမား တဦးကလည်း ပြောသည်။

“ကျမလည်း ဒီအလုပ်ကထွက်ပြီး အိမ်မှာပဲ စက်ချုပ်ဆိုင်လေး ဖွင့်ထားချင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ပတ်ဝန်းကျင်က အပ်ထည်ဆိုတာ သိပ်မျှော်လင့်လို့ ရတာမဟုတ်ဘူး။ လူတွေက တနှစ်နေလို့ အသစ်တထည်ချုပ်ဖို့ အနိုင်နိုင်” ဟု ဤအထည်ချုပ် စက်ရုံများမှ အသက်အတန်ငယ်ကြီးသူ အလုပ်သမ မစိန်က ဆက်လက် ပြောဆိုသည်။

ဤအထည်ချုပ် စက်ရုံများမှ အလုပ်သမားအများစုသည် ကျေးလက်ဒေသများမှ လာသူများဖြစ်ကြပြီး အတန်းပညာလည်း ကောင်းစွာ သင်ကြားခဲ့ကြရသူများ မဟုတ်ကြပါ။ မြန်မာနိုင်ငံတွင် ကလေးတဦး၏ ပညာရေးသင်ရိုးမှာ ပျှမ်းမျှ ၈ နှစ်ဖြစ်သည်။

“ကျမ ရွာကရောက်လာပြီး ဒီ (အထည်ချုပ်စက်ရုံ) မှာ လုပ်နေတာ ၃ နှစ်ကျော်ပြီ။ အတန်းပညာကလည်း ကောင်းကောင်းမတတ်၊ ရွာမှာလည်း လုပ်စရာအလုပ်မရှိတော့ ကျမမှာ တခြား ရွေးစရာလည်း မရှိဘူး။ ဒီမှာကျတော့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်က အလွယ်တကူရတယ်။ သူတို့က ဘယ်နှစ်တန်းအောင်သလဲဆိုတာ မေးတာ မဟုတ်ဘူး” ဟု မခင်ကြည်က ပြောသည်။

ကံကောင်းထောက်မ၍ အထက်တန်းပညာကို သင်ခွင့်ရခဲ့သူများလည်း အလုပ်ရရန်မှာ အတော်များများပင် မလွယ်ကြပါ။

“အလုပ်မရှိတဲ့အချိန် အဆက်အသွယ်လေးကလည်း ရှိတာနဲ့ ဒီမှာ စလုပ်နေတာ” ဟု သမိုင်းဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိထားပြီး အထည်ချုပ် စက်ရုံတခုတွင် အဝယ်တော်အလုပ် လုပ်ကိုင်နေသူ အသက် ၂၅ နှစ်အရွယ်ရှိ မယုက ပြောသည်။ ဤရာထူးတွင် သူ့အနေဖြင့် တလလျှင် ကျပ် ၇ သောင်းရပြီး ရန်ကုန်မြို့တွင် သက်တောင့်သက်သာ နေထိုင်နိုင်ကာ မိသားစုကိုလည်း ထောက်ပံ့နိုင်သည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဤချည်မျှင်စက်ရုံများမှ ပေးသော လစာထက် ပိုလိုချင်သူများအတွက်မူ အလုပ်ရှာရာ၌ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချရလိမ့်မည်။ အရွေးမှားလျှင် အမျိုးသမီးများအား အခြားသော နည်းဖြင့် ခေါင်းပုံဖြတ်ခံရမည့် အလုပ်မျိုး ဖြစ်နေလိမ့်မည်။

“ကျမ ဒီ (အနှိပ်ခန်း) မှာ ဝင်ငွေကောင်းလို့ လုပ်နေရပေမယ့် မပျော်ပါဘူး။ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။ ကျမတို့ဘဝက အခန်းထဲရောက်လာသမျှ လူတွေကို သူတို့ခိုင်းတဲ့အတိုင်း နင်းနှိပ်ပေးနေရတာ။ တခါတလေ အမူးသမားတွေနဲ့ တိုးတယ်။ အဲဒီအခါ သိပ်စိတ်ညစ်ညူးရတာပဲ” ဟု စီးပွားရေး ပြေလည်ရန်အတွက် အခြား လုပ်ငန်းကို လုပ်ကိုင်နေရသည့် အမျိုးသမီးတဦးက ကြေကွဲစွာ ပြောသည်။

ဆင်းရဲမွဲတေမှု၊ ပြည်တွင်း စီးပွားရေး ချွတ်ခြုံကျမှု၊ ခနော်ခနဲ့ ပညာရေးတည်းဟူသော အကြောင်း ၃ ချက်ကြောင့် သောင်းနှင့်ချီသော မြန်မာအမျိုးသမီးများ မြန်မာနိုင်ငံ၏ အထည်ချုပ်စက်ရုံများဆီ ရောက်လာကြရသည်။

လုပ်ခ ကိန်းဂဏန်းတွေ
အထည်ချုပ်စက်ရုံ လုပ်သားများ၏ မျှော်မှန်းလုပ်ခကို နာရီစားနှုန်းနှင့် မဇ္ဈိမက လေ့လာသုတေသန ပြုထားချက်များအရ အလုပ်ကြမ်းသမားတဦး၏ လစာမှာ တလလျှင် ကျပ် ၂ သောင်း ရရှိသည်။ သို့သော် ဤဝင်ငွေသည် လုပ်ကိုင်ရသော အလုပ်နှင့် စက်ရုံကိုလိုက်၍ အပြောင်းအလဲ အတော်အတန် ရှိသည်။

“အဆင့်နိမ့် အကူလုပ်သားက အချိန်ပိုလုပ်ခ အပါအဝင် တလမှာ ကျပ် နှစ်သောင်းခွဲကနေ ၃ သောင်းအထိ ရနိုင်တယ်။ စက်မောင်းက တလကို ၄ သောင်းကနေ ၅ သောင်းအထိ ရတယ်။ ဘွဲ့ရရုံးဝန်ထမ်းဆိုရင် ၇ သောင်းလောက်အထိ ရတယ်” ဟု MIT အထည်ချုပ်စက်ရုံ လုပ်သားတဦးက ပြောသည်။

“သူတို့ ဒီမှာလုပ်နေတာ တခြားလုပ်စရာ အလုပ်မရှိလို့” ဖြစ်ကြောင်း သူက ဆက်ပြောသည်။ လုပ်ရတဲ့အလုပ်မှာ ပင်ပန်းလွန်း၍ မလုပ်ချင်ကြသော်လည်း အခြားအလုပ်အကိုင် အဆက်အသွယ်များလည်း သူတို့မှာ မရှိကြကြောင်း သူက ပြောသည်။ အကူလုပ်သားများဆိုလျှင် လစာ ၂ သောင်း - ၃ သောင်းဖြင့် မိသားစုအတွက် မလောက်ငှကြောင်း ပြောသည်။

ထုတ်လုပ်မှု လုပ်ငန်းဖြစ်စဉ်အတွင်း၌ ကျွမ်းကျင်မှု ပိုရှိသူက ယေဘုယျအားဖြင့် ဝင်ငွေပိုကောင်းသည်။ စက်ချုပ်သူများဆိုလျှင် အထည်ထွက်နှုန်းပေါ် မူတည်ပြီး ရရှိကြောင်းနှင့် တလလျှင် အိမ်ကို ငွေ ၅ သောင်းနှင့်အထက် ပြန်ပါသွားနိုင်ကြောင်း သိရသည်။

“အခုလောလောဆယ်တော့ အမျိုးသမီး စက်ချုပ်သမတွေရဲ့ ဝင်ငွေက အနိမ့်ဆုံး ကျပ် ၃ သောင်းကနေ ၇ သောင်း ကျော်အထိ အလုပ်ချိန်နဲ့ အလုပ်ပြီးတဲ့အပေါ် မူတည်ပြီး ရနိုင်တယ်” ဟု ရန်ကုန်ဆင်ခြေဖုံးရှိ အလုပ်သမား မိသားစုများ၏ အခြေအနေကို အလုပ်သမတဦးက သူလုပ်ကိုင်နေသော စက်ရုံ၏ အခြေအနေနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။

ဤကျွမ်းကျင်မှုမရှိသော အောက်ခြေအလုပ်သမားများ၏ အခြားအစွန်းတဘက်ရှိ လစာအမြင့်ဆုံးရသော စက်ရုံတရုံလုံးကို ကြီးကြပ်ရသော ကြီးကြပ်ရေးမှူး (all supers) နှင့် စက်လိုင်းအလိုက် ကြီးကြပ်ရသော လိုင်းကြီးကြပ်ရေးမှူး (line supers) များဆိုလျှင် တလလျှင် လစာငွေထဲမှ အိမ်သို့ ကျပ် ၁ သိန်းမှ ၃ သိန်းအထိ ပါသွားနိုင်သည်။ ဤဝင်ငွေသည် မြန်မာပြည်လို နိုင်ငံမျိုး၌ လူလတ်တန်းစား စာရင်းဝင်နိုင်သော ဝင်ငွေအမျိုးအစား ဖြစ်သည်။

မြန်မာနိုင်ငံမှ နေ့စားအလုပ်သမားတဦး၏ ပျှမ်းမျှဝင်ငွေ (အမေရိကန် နိုင်ငံခြားရေးဌာန၏ ခန့်မှန်းချက်အရ ကျပ် ၅ဝဝ မှ ၁ဝဝဝ ၊ အမေရိကန်ဒေါ်လာအားဖြင့် ဆင့် ၄ဝ မှ ဆင့် ၈ဝ) နှင့် နှိုင်းစာလျှင် အထည်ချုပ်စက်ရုံမှ အနိမ့်ဆုံး လုပ်သားတဦး၏ လစာသည် တနေ့လျှင် ကျပ် ၉၃၇ ရှိနေသဖြင့် ရန်ကုန်ရှိ လုပ်သားတဦး ပျမ်းမျှရနိုင်သော ဝင်ငွေ၏ အထက်ဆင့်တွင် ရှိနေသည်။ သို့သော် ဤပမာဏသည် မသေရုံအဆင့် ဝင်ငွေကိုပင် မမီသေးပါ။ ရန်ကုန်ရှိ တော်ရုံတန်ရုံ စားသောက်ဆိုင်တွင် စားလျှင်ပင် ထမင်းတနပ်ကို ကျပ် ၁ဝဝဝ ကျလိမ့်မည်။

စက်ချုပ်လုပ်သားအဖြစ် လုပ်ကိုင်သူများဆိုလျှင် ဥပမာအားဖြင့် တလလျှင် ကျပ် ၄ သောင်း ဝင်သည်ဆိုလျှင် အမေရိကန်ဒေါ်လာနှင့် တနှစ်ကို ၃၈၄ ဒေါ်လာသာ ဝင်သည့်သဘောဖြစ်သည်။ ဤဝင်ငွေသည် တပြည်လုံးအတိုင်းအတာနှင့် ကြည့်လျှင် ၂ ဆရှိပြီး စီးပွားရေး အဆင့်အတန်းအရ ဣနြေ္ဒရရ နေနိုင်သည်။

ဤသို့ဆိုသည့်အတွက် မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံ လုပ်သားများသည် စီးပွားရေးအရ အလွန်အမင်း ကျပ်တည်းမှု မရှိဟု မဆိုလိုပါ။ သို့သော် တိုင်းပြည်၏ ချွတ်ခြုံကျနေသော အခြေအနေကို သွယ်ဝိုက်ဖော်ပြနေသည့် အကြောင်းများလည်း ရှိသေးသည်။ နားကပ်တရံကို လမ်းဘေးတွင်ဝယ်လျှင် ငွေ ၅ဝ သာပေးရပြီး အလုပ်သို့ ရထားဖြင့်သွားလျှင် ရထားခမှာ ငွေ ၂ဝ သာရှိသည်။


ပိတ်ဆို့ အရေးယူမှုများကြောင့် ခံရသော ဒုက္ခများ
ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP) ၏ အဆိုအရ ၂ဝဝ၁ ခုနှစ်တွင် အထည်များ နိုင်ငံခြား တင်ပို့မှုမှရသော ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈၂၉ သန်းထိရှိခဲ့ပြီး၊ တရားဝင် စာရင်းဇယားများအရ ပို့ကုန်မှရငွေကို တန်ဖိုးလျှော့ချပြသခဲ့သဖြင့် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၈၂ သန်းသာ ရှိသည်။

မြန်မာအထည်ချုပ် လုပ်ငန်းစက်ရုံများမှ ရငွေသည် နိုင်ငံပိုင်ကဏ္ဍမှ ရငွေနှင့် နှိုင်းစာလျှင် ကျဆင်းလာနေသည့်အကြောင်းကို မြန်မာ့စီးပွားရေးကို လေ့လာတင်ပြထားသော မြန်မာ့စီးပွားရေး စောင့်ကြည့်ရေးအဖွဲ့၏ ၂ဝဝ၈ ခုနှစ်အတွက် လေ့လာချက်စာတမ်းတွင် တင်ပြထားသည်။ မြန်မာအထည်ချုပ် စက်ရုံများ၏ ပို့ကုန်တန်ဖိုးသည် ၂ဝဝ၃ ခုနှစ်ကတည်းက ကျဆင်းနေပြီး၊ ဓာတ်ငွေ့၊ ကျွန်းသစ်နှင့် အခြားသစ်မာများ၊ ပဲအမျိုးမျိုးတို့မှရသော ပို့ကုန်တန်ဖိုးနှင့် နှိုင်းစာလျှင် အများကြီး လျော့နည်းကြောင်း ရေးသားထားသည်။

အထည်ချုပ်လုပ်ငန်း၏ ၂၁ ရာစု ပထမဆယ်စုနှစ်တွင်း သိသာစွာ ဝင်ငွေ လျော့နည်းကျဆင်းသွားခြင်းသည် ပို့ကုန် ဈေးကွက် အထူးသဖြင့် အမေရိကန်ဈေးကွက်ကို ဆိုးဝါးစွာ ထိခိုက်စေခဲ့သော ပိတ်ဆို့ အရေးယူမှုကြောင့် ဖြစ်သည်။

၂ဝဝ၁ ခုနှစ်အတွင်း အမေရိကန်သို့ တင်ပို့ခဲ့သော အထည်များ၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄ဝ၈ သန်းရှိပြီး၊ ယင်းသည် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း တခုလုံး၏ စုစုပေါင်း ပို့ကုန်ဝင်ငွေ၏ ၄၉ ရာခိုင်နှုန်းရှိသည်။ သို့သော် မြန်မာ့လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး အက်ဥပဒေအရ ၂ဝဝ၃ ခုနှစ်မှ စတင်ခဲ့သော ပိတ်ဆို့ အရေးယူမှုများကြောင့် အမေရိကန်သို့ ပို့ကုန် ရောင်းချရမှုသည် ၂ဝဝ၅ ခုနှစ်တွင် လုံးဝ မရှိတော့ပါ။

မြန်မာ့ရေးရာပညာရှင် ဒေးဗစ်စတိန်းဘတ် David Steinberg ၏ ခန့်မှန်းချက်အရ ပိတ်ဆို့အရေးယူမှုကြောင့် ချည်မျှင်စက်ရုံ ၆၄ ရုံအထိ ပိတ်ခဲ့ရပြီး၊ ယင်းကြောင့် ပြည်တွင်းအလုပ်အကိုင်များ ဆုံရှုံးရမှုမှာ စုစုပေါင်း ခန့်မှန်းခြေ ၂ သိန်းအထိရှိပြီး၊ ထိုအထဲတွင် အများစုမှာ အမျိုးသမီး အလုပ်သမများ ဖြစ်ကြသည်။

ထို့ပြင် ဂျပန်နိုင်ငံ ဖွံ့ဖြိုးဆဲ စီးပွားရေးလေ့လာရေး အင်စတီကျု (Japan Institute of Developing Economies) ၏ ၂ဝဝ၅ ခုနှစ် လေ့လာချက်အရ သပိတ်မှောက်မှုများနှင့် ပိတ်ဆို့ အရေးယူမှုများကြောင့် အဆိုးဝါးဆုံး ခံခဲ့ရသည့် အထည်ချုပ်စက်ရုံလုပ်ငန်းများမှာ အသေးစားနှင့် အလတ်စား ပုဂ္ဂလိကပိုင်စက်ရုံများနှင့် သူတို့၏ အလုပ်သမားများဖြစ်သည်။


ကျရှုံးမူဝါဒများ၏ သားကောင်
မကြာသေးခင်က ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော စီးပွားရေးနှင့် လူမှုရေး တီထွင် ဖန်တီးမှုများသည် အများအားဖြင့် မြန်မာနိုင်ငံကို ကျော်လွှားသွားခဲ့ကြသည်။ ဤအကြောင်းကြောင့် အမြောက်အမြား ထုတ်လုပ်မှု၏ ခေတ်သစ်နည်းနာများကို လက်တွေ့ကျင့်သုံးရာ ရှားရှားပါးပါး နေရာအနည်းငယ်တွင် အထည်ချုပ်စက်ရုံ လုပ်ငန်းလည်း ပါဝင်နေခြင်း ဖြစ်သည်။

အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီး တဖြေးဖြေး အောင်ပွဲရခဲ့သည့် အလုပ်သမား အခွင့်အရေးအတွက် တိုက်ပွဲများ၊ ထို့ထက်ပိုသော အရေးတော်ပုံအတွက် တိုက်ခိုက်ရသော တိုက်ပွဲများသည် မဖြစ်နိုင်ဟု ယူဆရသော ရေခံမြေခံများမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်သည်။ ဘောလ်တစ်ပင်လယ်၏ ရေခဲတမျှ အေးစက်လှသော ရေပြင်ကို ကျောခိုင်းပြီး ဂဒက်စ် သင်္ဘောကျင်း (Gdansk Shipyard) က အလုပ်သမား ၁၇ဝဝဝ သည် ၁၉၈ဝ ခုနှစ်တွင် ဆန္ဒပြခဲ့ကြပြီး နောက်ဆုံးတွင် နိုင်ငံရေးစင်မြင့်ပေါ်တွင် ရွေးကောက်ပွဲဖြင့် အမြင့်ဆုံးအောင်ပွဲကို ရရှိခဲ့ကြသည်။ ဆယ်နှစ်ကြာလျှင် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းဆင်းနှင့် ၁၉၈၃ ခုနှစ် နိုဘယ်ဆုရှင် လက်ဘာဝင်ဆာ (Lech Walesa) သည် ပိုလန်သမတ ဖြစ်လာခဲ့သည်။

သံဃာတော်များ ဦးဆောင်သော ဆန္ဒပြပွဲများက ကမ္ဘာ့မီဒီယာများတွင် ခေါင်းကြီးသတင်းများ ဖြစ်မလာမီ အတော်စောစော ၂ဝဝ၇ နှစ်ဆန်းကတည်းက ကြီးမားသော ဆန္ဒပြပွဲတခု တော်ဝင်အထည်ချုပ်စက်ရုံတွင် လစာငွေ မလုံလောက်မှုကို အကြောင်းပြုပေါ်ထွက်လာခဲ့သည်။ လွန်ခဲ့သောလကပင် MP အထည်ချုပ်စက်ရုံမှ အလုပ်သမားများကလည်း အလုပ်ချိန် ရှည်ကြာခြင်းနှင့် လစာငွေနည်းခြင်းကြောင့် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

သို့သော် မြန်မာ အထည်ချုပ်စက်ရုံ လုပ်သားများ အမြင့်ဆုံး မျှော်လင့်နိုင်သည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် အခြေခံ အဆောက်အဦများ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ပျက်စီးနေပုံများအကြောင်း ပြောစရာ နောက်တကွက် ရလာမည်ဖြစ်ပြီး၊ လှိုင်သာယာနှင့် အခြားစက်မှုဇုန်များမှ အကူလုပ်သားများ၊ စက်ချုပ်သမားများ၏ အရေးနှင့် ဘာမျှ မဆိုင်သည့် အကြောင်းအရာများကို အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများတွင် ဆွေးနွေးငြင်းခုံ ပြောဆိုကာ မြန်မာ့အရေး စစ်ခင်းတိုက်ခိုက်ကြမည့် အရေးသာလျှင် ဖြစ်သည်။

အလုပ်ချိန်အကြာကြီး လုပ်ရပြီး လစာနည်းနည်းသာရသည့် အထည်ချုပ်စက်ရုံ အလုပ်ဆိုသည်မှာ မြန်မာနိုင်ငံ အလုပ်သမား တပ်ဖွဲ့ကြီးနှင့် ထိုက်တန်စွာ လိုအပ်နေသည့် အလုပ်မဟုတ်ပါ။ သို့သော် မေးခွန်းတခုကိုမူ မေးရပါဦးမည်။ ဤစက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နေကြရသည့် အလုပ်သမားများအတွက် ဤအလုပ်သည် ရွေးချယ်စရာ နည်းနည်းထဲမှ အကောင်းဆုံး အလုပ်ပင်လော။ မတ်တတ်စာအတွက်သာ စဉ်းစားပြီး အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစားရသူများအတွက် ဤအလုပ်သည် အကောင်းဆုံး အလုပ်ပင်လော။

(ဤသတင်းအတွက် အချက်အလက်များကို မြန်မာနိုင်ငံ ရန်ကုန်၊ ထိုင်းနိုင်ငံချင်းမိုင်တို့မှ မဇ္ဈိသတင်းထောက်များက စုဆောင်းပေးပို့ပြီး၊ ပါဝင်ပြောဆိုသူများ၏ အမည်များကို သူတို့လုံခြုံရေးအတွက် ပြောင်းလဲ ရေးသားထားပါသည်။)



No comments: