Sunday, November 16, 2008

မာနယ်ပလော

ရွှေအိမ်စည်


(က)
ညသည် ….. ညဉ့်သုံးယံအား လွန်ခဲ့ပြီ။ အမှောင်ထုက ပိန်းပိတ်အောင် မှောင်နေဆဲ…..။ အရှေ့အရပ် ကောင်းကင်တွင် ကွဲအက်ကြောင်းရာအား မတွေ့ရသေး …..။ မြောက်လေက `မဲတုကွီ`တောင်ကြားလေး အတွင်းသို့ ဝှေ့ဝှေ့ရမ်းရမ်း တိုးဝင်လာသည်။ မြူနှင့် နှင်းသည် နေရာတိုင်း၌ ပြွတ်သိပ်၍ ထိုးဝင်နေသည်။ အင်ဖတ်အမိုးပေါ်က နှင်းစက်ကြွေသံအား ကြားရ၏။ မြောက်လေနှင့် ၀ါးရွက်တို့ ထိတွေ့ပွတ်တိုက်သံက မြွေဟောက်တကောင်၏ တွန်သံကဲ့သို့ပင် …..။ `မဲတုကွီ`ချောင်းငယ်၏ ရေစီးသံအား နရီမှန်မှန်ပင် ကြားနေရ၏။ `မဲတုကွီ`က ငြိမ့်ငြိမ့်အေးအေး စီးရင်း ……. ခရီးတိုအတွင်း `သောင်းရင်း`နှင့် ပေါင်း၏။

ည သည် …… တိတ်၍ .. ဆိတ်ငြိမ်၏။ စိမ့်၍ .. အေးခဲလျက်…..။

မာနယ်ပလောသည် အမှောင်ထုအတွင်း ငြိမ်သက်စွာ ၀ပ်နေသည်။ သားကောင်အား ခြောင်းမြောင်းနေသည့် ကျားရဲတကောင်ကဲ့သို့ …..။ အုပ်စုဖွဲ့ ပျံသန်းသွားသော ငှက်တို့၏ တောင်ပံခတ်သံအား သဲ့သဲ့ကြားရ၏။ အမှောင်ထုအတွင်း သူတို့ကား `နောတ` တောင်တန်းများဆီသို့ ….. ပျံသန်းသွားကြ၏။


(ခ)

ကျနော်တို့အဖွဲ့၏ ဌာနချုပ်က `မဲတုကွီ`ချောင်းငယ်နှင့် ဒေါ်အောင်ဆန်းစုကြည် လမ်းသွယ်၏ အကြားတွင် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် လမ်းသွယ်က `ထီးသခီး` `မာနယ်ပလော` လမ်းအား အင်္ဂလိပ်စာလုံး တီပုံသဏ္ဍာန် ဦးတိုက်ထား၏။ လမ်းသွယ်၏ တဖက်အဆုံးတွင်မူ သောင်းရင်းမြစ်၏ လှေဆိပ်….။ ယခင်က ဤလမ်းသွယ်အား အမည်မှည့်ခေါ်ထားခြင်းမရှိ ….။ ၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပြီးနောက်တွင် ဂုဏ်ပြု၍ မာနယ်ပလောတွင် ဒေါ်အောင်ဆန်းစုကြည်လမ်းဟူ၍ ဤလမ်းသွယ်အား မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ လမ်းသွယ်နှင့် ချောင်းရိုးငယ်အကြား ကျဉ်းကျပ်သော မြေနေရာ၌ပင် အဆောက်အဦများအား စီကာစဉ်ကာ ဆောက်ထား၏။ ဗဟိုရုံး၊ ဆေးခန်း၊ ခမ်းမကျယ်၊ စားရိပ်သာနှင့် လူနေအဆောက်အဦများ …..။ အင်ဖက်မိုး၊ သဲပွတ်ခင်း၊ သဲပွတ်ကာ အဆောက်အဦများ ….။ လမ်း၏ တဖက်တွင်မူ ကော်ဖီဆိုင်လေးများ ရှိသည်။

ကျနော်တို့ရုံး၏ အရှေ့ကုန်းမို့မို့ပေါ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ရှိသည်။ DAB ရှိသည်။ DAB ရုံးရှိရာမှ သောင်းရင်းဘက်သို့ နိမ့်ဆင်းသွားလျှင် ….. လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ် တည်ရှိ၏။ ကျနော်တို့ရုံး၏ နောက်ကျောဘက် ကုန်းမြင့်ပေါ်၌မူ အရှင်ခေမာစာရ၏ ရဟန်းပျိုများ သမဂ္ဂ ကျောင်းဝင်း ရှိသည်။ `မဲတုကွီ`ချောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် လမ်းသွယ်က လျှိုငယ်လေးအတွင်း ရောက်နေသည်။

လျှိုအတွင်း ရောက်နေလားမသိ …… စိမ့်၍ အေးခဲလျက် …..။ ဘားတိုက်၏ အမိုးပေါ်သို့ နှင်းစက်ကြွေသံအား ကြားနေရသည်။ ငြိမ့်ငြိမ့်အေးအေး စီးဆင်းနေသော `မဲတုကွီ`ချောင်းငယ်၏ ရေစီးသံက နရီမှန်မှန်ပင်…..။ ညငှက်၏ တောင်ပံခတ်သံအား ဆိတ်ငြိမ်သော ညတွင် သဲ့သဲ့ …..။ ဘာသူစောင် ဟု ခေါ်သည့် ဂွမ်းစ အနည်းငယ်ပါသည့် စောင်အား နှစ်ထပ် … ထပ်ကာ ခြုံထားသော်လည်း အေးစိမ့်မှုသည် တွားသွား ၀င်ရောက်နေ၏။

နိုးနေပြီဖြစ်သော်လည်း ဆိတ်ငြိမ်စွာနှင့် အိပ်ယာအတွင်း ငြိမ်သက်စွာ……။ အားလုံးက နိုးနေကြပြီ ဖြစ်လိမ့်မည်။ တခုခု…..။ အားလုံး၏ အသိတွင် တခုခုအား ရင်မောစွာနှင့်…..။ အာရုံသည် လှပသန့်စင်စွာ မွေးဖွားလာမည်လား …..။ တခုခု …..။

``စေ့စပ်လို့ မရတော့ဘူးဗျာ…..``

မနေ့ညနေက စားရိပ်သာအတွင်း ညစာစားရင်း ဥက္ကဌ ပြောခဲ့သည့် စကားသံများအား ကြားယောင်နေ၏။ ဥက္ကဌ၏ မျက်နှာသည် ချောင်၍ နေသည်။ ယခုရက်ပိုင်းအတွင်း ဥက္ကဌ အလုပ်များခဲ့သည်။ စိတ်ပန်းကိုယ်ပန်း ဖြစ်ခဲ့သည်။ သုမွဲထနှင့် မာနယ်ပလော ကူးချည်သန်းချည်နှင့် ကူးလူးခဲ့ရသည်။ ဥက္ကဌတို့၏ သုမွဲထ၊ မာနယ်ပလော လွန်းပျံ ဒီပလိုမေစီက ……. ဗိုလ်ချုပ်မောင်မောင်နှင့် ဖဒိုမန်းရှာတို့ နှစ်ဦးအား သုမွဲထမှ ပြန်လာနိုင်ခဲ့ကြသည်။ ဤမျှသာ …..။ မတတ်နိုင်…..။ ရံဖန်ရံခါတွင် သမိုင်းသည် သူရေးထိုးချင်သလို ရေးထိုးတတ်ကြ၏။

အာရုံသည် နှောင်းလေစွ ….။ အလင်းသည် ၀ိုးတ၀ါး …..။ စမ်း၍ …. စမ်း၍ အမှောင်ထုအတွင်းသို့ ချည်းနှင်းဝင်လာ၏။ ရင်မောလှစွ …..။

ပို့ယမ်းပေါက်ကွဲသံအား သဲ့သဲ့ကြားရ၏။ `လောကွားလူ` ကုန်းဘက်မှ ဖြစ်မည်။ တစက္ကန့်… နှစ်စက္ကန့်… သုံး… လေး… ငါး … တဆယ့်ငါး…….။

ကျယ်လောင်သည့် ယမ်းပေါက်ကွဲသံကြီးအား ကြားရ၏။

နောက်ထပ် ….. နောက်ထပ် ….. နောက်ထပ် …..။ ဆင့်၍ ….. ဆင့်၍ …..။

`လောကွားလူ`ကုန်းမှ ပို့ယမ်းပေါက်ကွဲသံ သဲ့သဲ့…..။ ပြီးလျှင် ….`သုမွဲထ`ဆီမှ ကျယ်လောင်သည့် လက်နက်ကြီး ကျကွဲသံကြီးများ …..။ စိတ်အတွင်း ထင့်နေသော တခုခု …… သည် အစစ်အမှန် တကယ်ဖြစ်သွားပြီ။

`ချက်`ခေါ်သံအား ကြားမိ၏။ မြည်မြည်ဟီးဟီး…..။ မာနယ်ပလောသည် `ခွေ`ခံရပြီလား……။


ရွှေအိမ်စည်

No comments: