Thursday, November 13, 2008

ဌာနေကို တွယ်တာလွန်းလို့

စေးရယ်စိုး

အနီရောင် ယင်းတလဲ တိုင်းရင်းသား ဝတ်စုံကို သေသေသပ်သပ် ဝတ်စားဆင်ယင်ပြီး ဓာတ်ပုံ ရိုက်ခွင့်ပြုပေးတဲ့အပြင် ယင်းတလဲ အကြောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရင်း အချို့ကိုလည်း ပြောပြပေးခဲ့တဲ့ ဖြူလွလွ အသားအရေ ပိုင်ရှင် အသက် (၂၂) အရွယ် တလိုင်လာဆာဆိုတဲ့ ယင်းတလဲ သူလေးကို အရမ်း ကျေးဇူးတင်ကြောင်း အရင် ပြောလိုပါတယ်။

မြန်မာပြည်တပြည်လုံးမှာ လူဦးရေ တစ်ထောင် ဝန်းကျင်သာရှိတဲ့ ယင်းတလဲ မျိုးနွယ်စုရဲ့ ယဉ်ကျေးမှုဝတ်စုံကို ယင်းတလဲ တိုင်းရင်းသူကိုယ်တိုင် ဝတ်စားဆင်ယင်ထားပြီး ယင်းတလဲအကြောင်း အချို့ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြောပြတဲ့ အခွင့်အရေးမျိုးဟာ ကြုံတောင့်ကြုံခဲပါပဲ။

တလိုင်လာဆာနဲ့ တွေ့ခဲ့တဲ့ နေရာလေးက ထိုင်း-မြန်မာနယ်စပ် တနေရာမှာပါ။ မြန်မာတိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေးလာရောက် အခြေချတဲ့ နေရာလေးလည်း ဖြစ်ပါတယ်။ အခုလို နယ်စပ်ဘက်ကို ရောက်လာတာဟာ အခြားသော မြန်မာ ဒုက္ခသည်တွေလို သူတပါးနိုင်ငံမှာ လာပြီး ဒုက္ခသည်အဖြစ် ခံယူဖို့ ထွက်လာခြင်း မဟုတ်ပါ။ အဲဒီလို ပြောလိုက်လို့ တလိုင်လာဆာ နေတဲ့ ယင်းတလဲတို့ရဲ့ ဌာနေမှာ ပြည်တွင်းစစ်ကြောင့် ဒုက္ခမရောက်ကြဘူးလို့ မမှတ်ယူလိုက်ပါနဲ့။

ယင်းတလဲတို့ဟာ ကရင်နီပြည် အလယ်ပိုင်း ဘောလခဲဒေသမှာ နေထိုင်ကြပါတယ်။ 'စစ်ဖြစ်ရာဒေသ' လို့ ဆိုနိုင်ပါတယ်။

ကရင်နီပြည်မှာ မြန်မာစစ်အစိုးရနဲ့ ကရင်နီ တော်လှန်ရေး အဖွဲ့တို့အကြား တိုက်ခိုက်နေကြတာ နှစ်ပေါင်း ၆၀ တောင် ရှိသွားပါပြီ။ အဲဒီနှစ်ပေါင်း ၆၀ အတွင်း ယင်းတလဲ တို့ဟာလည်း အခြားသော ကရင်နီ စစ်ဘေးဒုက္ခသည်တွေလို စစ်နဲ့ ပဋ္ဋိပက္ခတို့ရဲ့ အကျိုးဆက်များ ဖြစ်ကြတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ယနေ့တိုင် ခံစားနေကြရပါတယ်။

အဲဒီဒုက္ခတွေ ဘယ်လောက်ပဲရှိပါစေ ဒေသကိုစွန့်လွှတ်ပြီး အခြားဝေးရပ်တွေဆီကို ထွက်ပြေး အခြေချနေထိုင်ခြင်း မပြုတာဟာ ယင်းတလဲတို့ရဲ့ ထူးခြားတဲ့ ယုံကြည်မှုနဲ့ ရွှေးချယ်မှုလို့ပဲ ဆိုရမှာပါ။

သူတိုဟာ သူတို့ရဲ့နေ့စဉ် အသက်မွေးဝမ်းကြောင်းအတွက် အဓိက အမှီသဟဲပြုရတဲ့ တောတောင် သဘာဝ ပတ်ဝန်းကျင်နဲ့ စမ်းချောင်းတွေကို အထူးမြတ်နိုးသလို အဲဒီ တောတောင်သဘာဝတွေကို စောင့်ရှောက်ပေးတဲ့ တောစောင့်နတ်၊ တောင်စောင့်နတ် တို့ကိုလည်း အလေးအနက် ကိုင်းရှိုင်းကြတာပါ။

ဓလေ့ထုံးတမ်းစဉ်လာ ပွဲလမ်းသဘင်တွေ ရှိတာတောင်မှ အခြားဝေးရပ်ဘက်ကို မသွားဘဲ ယင်းတလဲတို့ နေထိုင်ရာ ဘောလခဲဒေသ အတွင်းရှိ ပွန်ချောင်းမြစ်ဝှမ်းတလျှောက်မှာ ရှိတဲ့ ကျေးရွာလေးတွေ ဆီကိုသာ အလည်အပတ် သွားကြပါတယ်။

တလိုင်လာဆာ ကိုယ်နှိုက်ကလည်း သူမ ချစ်မြတ်နိုင်းလှတဲ့ မြစ်ဝှမ်းဒေသကနေ အခြားဝေးရပ်တနေရာဆီကို အလည်အပတ်လေး သွားတာတောင်မှ သွားရေး မသွားရေးကို လနှင့် ချီပြီး စဉ်းစားဆုံးဖြတ်ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ နယ်စပ်ဘက်ကို ရောက်လာဖို့အရေး အချိန်နှစ်လလောက် ကြာအောင် စဉ်းစားပြီးမှ ထွက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံကို သွားဖို့ အဖေက အတင်းသွားခိုင်းလို့သာ သွားရတယ်လို့ တလိုင်လာဆာက ပြောပါတယ်။ နယ်စပ်ဘက်ကို သူမ မလာချင်တဲ့ အကြောင်းက သူမနေသားကျနေတဲ့ ဌာနေကနေ မခွဲခွာချင်တာရယ်၊ နောက်တချက်က ထိုင်းနိုင်ငံဟာ မြန်မာပြည်သားတွေကို ရောင်းစားတဲ့ နေရာဖြစ်ပြီး ကြောက်စရာကောင်းတဲ့ နေရာလို့ သူမကြားဖူးနားဝ သိထားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခု တလိုင်လာဆာဟာ အဖေဘာကြောင့် ထိုင်းနိုင်ငံကို လာခိုင်းလဲ၊ ဘာအတွက် ကြောင့်လဲဆိုတာကို ကောင်းကောင်းနားလည် သဘောက်ပေါက်သွားဟန် တူပါတယ်။ ထိုင်းနိုင်ငံ အခြေအစိုက် ကရင်နီသတင်း အချက်အလက်များ ရှာဖွေစုဆောင်းရေးဌာန (ကေဒီအာဂျီ) မှာ ခဏတဖြုတ်လေးသာ လာရောက်ခွင့်ရခဲ့ပေမဲ့ အရင်က သူမ မမြင်ဖူး မသိဖူးသေးတဲ့ အရာတွေကို လေ့လာသင်ယူနိုင်ခဲ့ပါတယ်။

"ကျမ ဒီမှာ ရောက်လာမှ ကျမတို့ လူမျိုးတွေအတွက် ဘယ်လိုမျိုး အမှောင် ကျရောက်တော့မလဲ ဆိုတာကို ပိုပြီး သိလာတယ်။ ပိုပြီးတော့မှ စိုးရိမ်လာတာပေါ့နော်။ ကျမဆရာတွေ ဒီကရှိတဲ့ဆရာတွေ အများကြီးလည်း ကျမကို အားပေးကြတယ်။ ဘယ်သူမဆိုပေါ့နော်၊ ကျမကို အားပေးကြတယ်" လို့ တလိုင်လာဆာက ပြောပါတယ်။

အချိန်တိုလေးအတွင်း ကေဒီအာဂျီရုံးမှာ သူမ အခြေခံ ကွန်ပြူတာနည်းပညာတွေ သင်ယူခဲ့ပါတယ်။ အခုသူမ ကွန်ပြူတာနဲ့ အင်တာနက်ကို ကောင်းကောင်း သုံးတတ်နေပါပြီ။ ဒါ့အပြင် သူမတို့ ယင်းတလဲတွေအတွက် အထောက်အကူဖြစ်စေမဲ့ စာအုပ်စာတမ်း ဗဟုတုတတွေကိုလည်း တော်တော်လေး လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတွေအားလုံးဟာ သူမတို့ရဲ့ ယင်းတလဲလူမျိုးတွေ အမှောင်ထဲ မကျရောက်စေဖို့ အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

"တကယ်လို့ ဝဲကြီးရေကာတာ တည်ဆောက်မယ် ဆိုလို့ရှိရင်ပေါ့နော်၊ ကျမတို့ရွာနဲ့ နီးတယ်ဆိုတော့ အများဆုံး ကျမတို့ရွာအပါအဝင် တခြားလူတွေလည်း ရေမြုပ်သွားမယ်လေ။ ရေမြုပ်သွားမယ်ဆိုတော့ ကျမတို့ ယင်းတလဲလူမျိုးစုက လူနည်းစုလေ၊ အဲဒီ ရေကာတာကြောင့် ကျမတို့ ရွာမြုပ်သွားမယ်ဆိုတော့ ကျမတို့က တကွဲတပြားဆီ သွားနေရမယ်လေ။ အဲဒါကြောင့်မို့လို့ ပျောက်ကုန်မှာပေါ့" လို့ တလိုင်လာဆာက ပြောပါတယ်။

ဝဲကြီးရေကာတာဟာ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ရှမ်းပြည်မှ ကရင်ပြည်ဘက်သို့ စီးဆင်းသွားတဲ့ သံလွင်မြစ်ကြီးထဲမှာ တည်ဆောက်မဲ့ ရေကာတာကြီး (၄) ခုအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ တည်ဆောက်မဲ့ တာဆန်းရေကာတာနဲ့ ကရင်ပြည်နယ်အတွင်းမှာ ဆောက်လုပ်မဲ့ ဝဲကြီး၊ ဟတ်ကြီးနဲ့ ဒါးဂွင် ရေကာတာတို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀၀၅ခုနှစ်ကတည်းက ထိုင်း (အီးကက်) အဖွဲ့မှ မြန်မာစစ်အစိုးရနဲ့ အပြုသဘောဖြင့် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကေဒီအာဂျီရဲ့ သုသေတန ပြုလုပ်ထားချက်အရ ဝဲကြီးရေကာတာဟာ ကရင်ဒေသမှာ တည်ဆောက်မှာ ဖြစ်သော်လည်း ရေလွှမ်းမိုးမှုများကို အများဆုံး ခံရမည့်ဒေသမှာ ကရင်နီပြည်ဖြစ်ပြီး ထိုထဲမှ ယင်းတလဲဆိုတဲ့ မျိုးနွယ်စုတစ်ခုလုံးအပြင် သူတို့တတွေရဲ့ ယဉ်ကျေးမှု အမွှေအနှစ်တွေနဲ့ သဘာဝ ပတ်ဝန်းကျင်ဟာလည်း ထာဝစဉ် ပျောက်ကွယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုစီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုးဆက်တွေက တလိုင်လာဆာ ပြောသလိုပဲ ယင်းတလဲတို့ရဲ့ အနာဂတ်ဟာ အမှောင်ထုထဲ ရောက်သွားနိုင်ပါတယ်။ စီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးတွေကို ဘောလခဲ မြစ်ဝှမ်းတလျှောက်မှာ နေထိုင်ကြတဲ့ ယင်းတလဲ ဒေသခံတွေ အနေနဲ့တော့ မသိနားမလည်ကြဘူးလို့ တလိုင်လာဆာက ဆိုပါတယ်။

စီမံကိန်းရဲ့ အကျိုးဆက်များကို တလိုင်လာဆာ အဖေကသာ ရင်းနီးတဲ့ သူတွေဆီကနေပြီး ဟိုနည်းနည်း ဒီနည်းနည်း လေ့လာကြားသိရတဲ့အတွက် သမီးဖြစ်သူကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ထားနိုင်ဖို့အတွက် ယခုလို ပြင်ပက ဗဟုတုတတွေကို လာရောက် လေ့လာဆည်းပူးခိုင်းတာ ဖြစ်ပါတယ်။

ပြင်ပမှာ ရောက်နေချိန် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး လုပ်ရှားတဲ့ အဖွဲ့တွေနဲ့ သူမ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒါအပြင် ဘီဘီစီ သတင်းဌာနနဲ့လည်း ယင်းတလဲအကြောင်းတွေနဲ့ ပတ်သက်တဲ့ အခြေအနေမှန်လေးတွေကို ပြောပြခွင့် ရခဲ့ပါတယ်။

ယခုလို အချိန်တိုလေး အတွင်းမှာ ရရှိခဲ့တဲ့ အတတ်ပညာ ဗဟုသုတလေးတွေကို ရွာမှာ ကျန်ရစ်တဲ့ မသိနားမလည်သေးတဲ့ ယင်းတလဲ ဒေသခံတွေကို ပြန်လည်ဝေမျှမယ်လို့ တလိုင်လာဆာက ဆိုပါတယ်။

ပဋ္ဋိပက္ခထူထပ်ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတဲ့ မြန်မာပြည်ရဲ့ အရှေ့ဘက်ခြမ်း ရှမ်း၊ ကရင်နီနဲ့ ကရင်ပြည်နယ်ဒေသ ဘက်ကနေ ထိုင်းနိုင်ငံကိုဘဲဖြစ်ဖြစ် ပြည်ပတစ်နေရာကိုပဲဖြစ်ဖြစ် တလိုင်လာဆာလို ရောက်လာကြတဲ့ လူငယ်တွေဟာ သူတို့တတွေရဲ့ မွေးရပ်ဌာနေကို မပြန်ကြတော့ဘူး။

ဒါပေမဲ့ မွေးရပ်ဌာနေမှာ ပြည်တွင်းစစ်မီးတွေ ဘယ်လောက်ပဲ တောက်တောက် ဌာနေကို မြတ်နိုးတွယ်တာလွန်းတဲ့ ယင်းတလဲသူလေး တလိုင်လာဆာကတော့ "ကျမတို့က အဲဒီနေရာမှာပဲ တစ်သက်လုံး နေသွားမယ်" တဲ့။

No comments: