Thursday, November 20, 2008

ကမ္ဘာ့ စီးပွားကျဆင်းမှုကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားများ အိမ်ပြန်

ကည်ဝေ

မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ သွားရောက် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား များသည် အလုပ်သမား လျှော့ချခံရခြင်း၊ အလုပ်ချိန် လျှော့ချ ခံရခြင်းတို့နှင့် ကြုံတွေ့နေရသောကြောင့် အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါ နိုင်ငံများတွင် ကမ္ဘာ့ငွေကြေး အကြပ်အတည်း ပြဿနာရိုက်ခတ်၍ ကုန်ထုတ်လုပ်မှု ကျဆင်းလာသည့် အတွက် ယင်းကဲ့သို့ အလုပ်သမားများပါ အခက်အခဲများနှင့် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများထံမှ သိရှိရသည်။


အထွေထွေ လုပ်သားအများဆုံး သွားရောက် အလုပ်လုပ်နေကြသော မလေးရှားနိုင်ငံတွင် အောက်တိုဘာလ နှောင်းပိုင်းကတည်းက အလုပ်သမားများ လျှော့ချလိုက်သည့်အတွက် မြန်မာလုပ်သားတချို့ ပြန်လာရသည်ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတခုမှ အုပ်ချုပ်မှု ဒါရိုက်တာက ပြောသည်။

မလေးရှားတွင် ပရိဘောဂစက်ရုံ၊ လျှပ်စစ်ကုန်ပစ္စည်း စက်ရုံစသည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံ အများစုမှာ အလုပ်သမားလျှော့ချခဲ့ကြခြင်းဖြစ်ကြောင်း ၊ တခြား စက်ရုံများကလည်း အလုပ်ချိန်များလျှော့ချပြီး အချိန်ပိုလုပ်ခများလည်း လျှော့ချလိုက်သောကြောင့် လစာနည်း မြန်မာအလုပ်သမားတချို့မှာ ရပ်တည်ရန် အခက်အခဲကြုံတွေ့ နေရကြောင်းလည်း သူက ဆိုသည်။

မလေးရှားနိုင်ငံကဲ့သို့ပင် စင်ကာပူနိုင်ငံရောက် မြန်မာအလုပ်သမားတချို့သည်လည်း အဆိုပါ ပြဿနာမျိုးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စင်ကာပူနိုင်ငံရှိ လေအေးစက် လုပ်ငန်းကုမ္ပဏီတခုသို့သွားရောက်အလုပ်လုပ်ခဲ့ပြီး ပြန်လာခဲ့ရသူ တဦးက "နိုဝင်ဘာလမှာ ဆပ်-ကန်ထရိုက်လုပ်ငန်းတွေကို လျှော့လိုက်တော့ ကျနော်တို့လည်း ပါသွားတယ်၊ ကျနော်ဆို တလ စင်ကာကပူ ဒေါ်လာ ၅၀၀ ပဲ ရသေးတယ်၊ အဲဒီ အလုပ်ဝင်တာတောင် ၅ လပဲရှိသေးတယ်၊ ခုပြန်လာရတာ အကြွေးတောင်မကျေသေးဘူး" ဟု ပြောဆိုသည်။

စင်ကာပူနိုင်ငံတွင် ကမ္ဘာ့ငွေကြေးအကြပ်အတည်းကြောင့် ထိခိုက်မှုအရှိဆုံး လုပ်ငန်းနယ်ပယ်များမှာ ဘဏ္ဍာရေး နှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ တန်ဖိုးကြီးပစ္စည်းများနှင့် လက်လီအရောင်းဆိုင် လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်ဟု သိရပြီး ထိုလုပ်ငန်းများတွင် ၀င်ရောက် အလုပ်လုပ်နေကြသူများ ထိခိုက်လျက်ရှိကြောင်း၊ ၎င်းတို့အထဲမှ မြန်မာလုပ်သားအများစုမှာ လစာနည်းသည့် အတွက် တခြားနိုင်ငံသားများထက် ပို၍အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ တခြားပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများမှာ ပြည်ပအလုပ်အကိုင် ရှာဖွေပေးသော အေဂျင်စီများသို့ အနည်းဆုံးမြန်မာငွေ ကျပ် ၉ သိန်းမှ သိန်း ၂၀ ကျော်အထိ သွားရောက် မည့်နိုင်ငံနှင့် အလုပ်အကိုင်ပေါ်တွင် မူတည်ပြီးပေးဆောင်ရကြသည်ဟု ဆိုသည်။
ထို အေဂျင်စီသို့ ပေးရသော ငွေကြေးများကို ၄င်းတို့အနေနှင့် အိမ်ဂရန် အပေါင်ထားခြင်း၊ အတိုးကြီးကြီးဖြင့် ချေးငှားပေးခြင်း၊ ဘိုးဘွားပိုင်လုပ်ငန်းများပေါင်နှံပြီးပေးခြင်း စသည့်နည်းလမ်းများဖြင့် ရှာဖွေပေးရခြင်းဖြစ်ကြောင်း သွားရောက်လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။

"ဒီမှာ အလုပ်လုပ်ဖို့အဆင်မပြေလို့ကို အဖေ့အိမ်ကို ၁၅ သိန်းနဲ့ပေါင်ပြီးနိုင်ငံခြားထွက်တာ ခုလိုပြန်လာရတော့ နောက် အလုပ်သစ်တခု မရရအောင်ရှာမှဖြစ်တော့မှာ လစဉ်အတိုးပေးနေရတာ ရှိသေးတယ်၊ ကျနော် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ပြန်ထွက်မှ ရမှာပါ" ဟု မလေးရှားနိုင်ငံမှ ပြန်ရောက်လာရသူ တဦးက ဆိုသည်။

လက်ရှိအခြေအနေတွင် နိုင်ငံခြားမှ ပြန်လာရသူများ အနေနှင့် အလုပ်အကိုင်အေဂျင်စီများနှင့်ပင် ဆက်သွယ် ကာ တခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ခွင့်ရရေးအတွက် ကြိုးပမ်းနေကြသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအင်ဂျင်စီများသို့ ပြည်ပနိုင်ငံများမှ အလုပ်သမားခေါ်စာများမှာ အောက်တိုဘာ လ ကတည်းကပင် ရပ်သွားခဲ့ကြောင်း၊ နိုဝင်ဘာလတွင် အလုပ်သမားတချို့ ပြန်ပို့လာကြောင်း၊ လက်ရှိအနေအထား အရ ပြည်ပအလုပ်အကိုင်ရှာဖွေရာတွင် ခက်ခဲမှုများရှိလာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတခုမှ အုပ်ချုပ်မှု ဒါရိုက်တာ တဦးက ပြောဆိုသည်။

"နိုင်ငံခြားမှာသွားပြီးအလုပ်လုပ်နေတဲ့သူတွေပြန်လာတဲ့အတွက်အဲဒီလူတွေကို မှီခိုနေကြတဲ့ မိသားစုတွေ အခက် အခဲ အကြပ်အတည်းဖြစ်ကုန်တယ်၊ သူတို့အကြွေးတွေကို ဖြေရှင်းဖို့ ခက်လာတဲ့အပြင်၊ အရင်လို မသုံးနိုင်တော့ ဘူး၊ အရေးကြီးတာက သူတို့တွေ အလုပ်သစ်မြန်မြန်ရဖို့ပဲ၊ မရဘူးဆိုရင် စီးပွားရေးပြဿနာဖြစ်လာမှာပဲ " ဟု စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ တဦးက ပြောသည်။

အစိုးရအနေနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန် လိုအပ်လျှက်ရှိသော်လည်း ယနေ့ထိ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းပြဿနာနှင့်ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းရန်အတွက် အကောင်အထည်ဖော်မှု နှောင့်နှေးနေ သည်ကို တွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား ၁ သန်း မှ ၂ သန်း အထိရှိနိုင်ကြောင်း နိုင်ငံကူး လက်မှတ်များ ထုတ်ပေးရေးဌာနမှ စုံစမ်းသိရှိရသည်။

ထို့အပြင် အိမ်နီးချင်း တရုတ်ပြည်နှင့် ထိုင်းနိုင်ငံများသို့လည်း တရားမ၀င် သွားရောက် လုပ်ကိုင်သူများလည်း သန်းနှင့်ချီ၍ရှိနိုင်ကြောင်း သိရှိရသည်။


No comments: